ကြည်နူးဖွယ်ရာ ကျေးဇူးတင်စကား ..

မနေ့က .. သီလရှင်ဆရာလေး (၃၅၆)ပါးကို အခြေခံပညာရေး အခမဲ့သင်ကြားပေးနေတဲ့ သီလရှင်သင် ပညာရေး‌ကျောင်းတစ်ကျောင်းက ကျောင်းအုပ် သီလရှင်ဆရာကြီးတစ်ပါးက ဖုန်းခေါ်လာပါတယ်။ ဒီကျောင်းဟာဆိုရင် .. သီလရှင်ကလေးတွေကို ပညာသင်ပေးရုံမက အမြဲနေ သီလရှင်ဆရာလေး (၁၅)ပါးကိုလည်း လက်ခံထိန်းသိမ်း စောင့်ရှောက်ထားပြီး၊ ကျန်းမာရေးကအစ ဂရုစိုက်, စောင့်ရှောက်ပေးတဲ့ ကျောင်းတစ်ကျောင်း ဖြစ်ပါတယ်။ ကျောင်းအုပ်- သီလရှင်ဆရာကြီးနဲ့ လက်ထောက်ဆရာလေးများက ဒီကျောင်းကို ၂၀၀၄ ခုနှစ်မှာ .. သီလရှင်တွေအတွက် ဗုဒ္ဓစာပေတွေသင်ကြားဖို့ ရည်ရွယ်ပြီး ရန်ကုန်မြို့ကြီးရဲ့ဆင်ခြေဖုံး ကျေးရွာကလေးတစ်ခုမှာ စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။ အစပထမမှာတော့ .. သီလရှင်ငယ်ကလေး (၄)၊ (၅)ပါးကို ဗုဒ္ဓစာပေအခြေခံ- ဘုရားရှိခိုးနဲ့ အခြေခံ စာအရေးအဖတ်ကလေးတွေ သင်ကြားပေးနေခဲ့ရာက .. နောက်(၅)နှစ်အကြာမှာ မေတ္တာကရုဏာကြီးမားကြတဲ့ ဒီသီလရှင်ကျောင်းတိုက် တည်ထောင်သူ ဆရာကြီးများက မြန်မာနိုင်ငံရဲ့ စီးပွားရေးမြို့တော်ဖြစ်တဲ့ ရန်ကုန်မြို့ကြီးရဲ့ အစွန်အဖျား- ဒီဆင်ခြေဖုံး ကျေးရွာကလေးက ကလေးငယ်တွေအတွက် ပညာရေးက အလှမ်းဝေးနေဆဲဖြစ်တာကို တွေ့ရှိ၊ သတိပြုမိသွားတဲ့အခါမှာတော့ .. အနီးအနားက ကလေးငယ်များကို အခြေခံမူလတန်းပညာရေး စတင်သင်ကြားပေးလာခဲ့ကြပါတယ်။ သူတို့မိဘများဟာ .. စားဝတ်နေထိုင်ရေးအတွက် အနိုင်နိုင်ရုန်းကန်နေကြရတဲ့ ဝင်ငွေနည်းပါး၊ အားငယ်သူများဖြစ်ကြပါတယ်။

သီလရှင်ကျောင်းအနီးက လူတော်တော်များများဟာ .. ပန်းရန်၊ လက်သမား၊ တံငါသည်၊ ဟင်းသီးဟင်းရွက်သည်/ ကုန်စိမ်းစျေးသည်နဲ့ အထည်ချုပ်စက်ရုံအလုပ်သမ .. စသည်ဖြင့် ဖြစ်ကြပါတယ်။ လယ်ကွက်ယာကွက်နဲ့ ချောင်းရိုးစသည် .. ဘေးမှာ ယိုင်နဲ့တဲ့ တဲအိမ်ကလေးများမှာ နေထိုင်ကြပြီး၊ အနီးအနားပတ်ဝန်းကျင်ဟာလည်း အမှိုက်သရိုက်စသည် ပြန့်ကြဲနေကာ .. လူနေထိုင်မှုပတ်ဝန်းကျင်ဟာ ကျန်းမာရေးထိခိုက်စရာ အခြေအနေမျိုးလည်း ဖြစ်ပါတယ်။ မိဘတွေက ရန်ကုန်မြို့လယ်ခေါင် အလုပ်ခွင်များကို အလုပ်သွားကြရချိန်မှာ .. အိမ်မှာ အကြီးဆုံးဖြစ်တဲ့ (၁၀ နှစ်၊ ၁၂ နှစ်အရွယ်) ကလေးအကြီးနဲ့ပဲ ကလေးငယ်တွေကို ထားခဲ့ရတာမျိုး၊ ကျန်းမာရေးမကောင်းတဲ့ အဘွားနဲ့ ထားခဲ့ရတာမျိုး ချန်ထားခဲ့ကြရပါတယ်။ ဒါကို .. ကရုဏာသက်မိတဲ့ သီလရှင်ဆရာကြီးများဟာ ကျောင်းတက်ရမယ့်အရွယ်မှာ ကျောင်းမတက်နိုင်ရှာကြတဲ့၊ ပညာသင်ဖို့ အလှမ်းဝေးနေရရှာတဲ့ ကလေးငယ်များကို သတိပြုမိပြီး၊ မူလတန်းပညာရေးကို အခမဲ့ စတင်သင်ကြားခဲ့ကြပါတယ်။ အဲ့ဒီနောက်မှာတော့ .. သာသနာရေးဝန်ကြီးဌာနခွင့်ပြုချက်နဲ့ ပညာရေးဌာနအသိအမှတ်ပြု အခြေခံပညာရေးကျောင်းကို ၂၀၀၉ ခုနှစ်မှာ စတင်ဖွင့်လှစ်ခဲ့ပါတယ်။ ပဉ္စမတန်းကနေ အဋ္ဌမတန်းအထိ မူလတန်းလွန်ပညာရေးကို ဆက်လက်တိုးချဲ့၊ သင်ကြားခဲ့ပြီး နောက်ဆုံးမှာတော့ နဝမတန်းကိုပါ ဖွင့်လှစ်သင်ကြားနိုင်ခဲ့ပါတယ်။ ကျောင်းသားဦးရေကလည်း ၃၆၈ ဦးအထိ ရှိလာခဲ့ပြီး၊ ရှင်သာမဏေ, သီလရှင်များအပြင် လူဝတ်ကြောင် ကျောင်းသားများလည်း ပါဝင်ပါတယ်။ အဲ့ဒီအချိန်ကစလို့ .. ဒီ သီလရှင်သင်ပညာရေးကျောင်းကလေးဟာ ရန်ကုန်မြို့အစွန်က ဒီရွာကလေးက ကလေးငယ်များအတွက် ပညာရင်နို့ သောက်စို့ရာ၊ ကျေးရွာရဲ့ မှီခိုအားထားရာဌာနတစ်ခု ဖြစ်လို့လာပါတယ်။

ဖုန်းခေါ်ဆိုချိန်မှာ .. သီလရှင်ဆရာကြီးက ကျောင်းသား/သူ ကလေးငယ်များရဲ့ ပညာရေး၊ စားဝတ်နေရေး .. အစစအရာရာ အထွေထွေအသုံးစရိတ်တွေအတွက် လှူဒါန်းပံ့ပိုးခဲ့ကြတဲ့ နိုင်ငံတကာက အလှူ့ရှင်၊ စေတနာ့ရှင်များရဲ့ စေတနာ, သဒ္ဓါတရားကို ချီးမွမ်းထောပနာပြုပါတယ်။ “အလှူဒါနတစ်ခုဟာ .. အလှူခံပုဂ္ဂိုလ်၊ လှူဖွယ်ပစ္စည်းဝတ္ထုရှိနေရုံနဲ့ မဖြစ်မြောက်နိုင်ဘဲ စေတနာ, သဒ္ဓါတရားပြည့်စုံမှသာ ဖြစ်မြောက်နိုင်တယ်”လို့ သူက ဆိုပါတယ်။ (စေတနာ၊ လက္ခဏာ နှစ်ရပ်လုံး ပြည့်စုံမှ အလှူထမြောက်ပါတယ်။) သီလရှင်ဆရာကြီးက .. နေ့စဥ်နေ့တိုင်း သတ္တဝါအားလုံးအတွက် ‘အနောဒိဿမေတ္တာ’ပို့တိုင်း .. ဒီအလှူရှင်များကိုလည်း အထူးပဲ ‘သြဒိဿမေတ္တာ’ ပို့ဖြစ်တယ်လို့ ဆိုပါတယ်။ ကျောင်းအတွက် သူတို့လှူဒါန်းခဲ့ကြတဲ့ အရာတွေကို မြင်တိုင်း၊ အကြောင်းတိုက်ဆိုင်တိုင်း .. ဒီ- ‘အထူးစူးစိုက်မေတ္တာ(သြဒိဿမေတ္တာ)’ကို ပို့ဖြစ်ပါတယ် .. တဲ့။ လောကီရေးရာတွေက ထွက်မြောက်ဖို့ .. အရာအားလုံးကို စွန့်လွှတ်ခဲ့ကြပြီးတဲ့ .. နိက္ခမပါရမီရှင် သီလရှင်ဆရာကြီး၊ ဆရာလေးများရဲ့ .. ကလေးသူငယ်၊ လူငယ်လူရွယ်လေးများအတွက် ကောင်းမွန်တဲ့ဘဝကိုရရှိစေဖို့၊ မြတ်ဗုဒ္ဓရဲ့ မဂ္ဂင်လမ်းကြောင်းအမှန်အတိုင်း သူတို့ဘဝလေးတွေ လျှောက်လှမ်းသွားနိုင်ကြစေဖို့ .. ကြိုးပမ်းအားထုတ်မှုတွေကို ဒီအလှူရှင်များရဲ့ ကူညီပံ့ပိုး၊ လှူဒါန်းပေးကြမှုများဟာ ဘယ်လောက်တောင် .. အားဖြစ်စေခဲ့တယ်ဆိုတာကို သိရတဲ့အခါမှာ အထူးပဲ ကြည်နူးဝမ်းမြောက်ရပါတယ်။ သီလရှင်ဆရာကြီးပြောနေတဲ့ စကားလုံးတိုင်းဟာ အားအင်စွမ်းပကားတွေ ပြည့်ဝလို့ နေပါတယ်။

ဖုန်းထဲက ဆရာကြီးရဲ့အသံဟာ .. တည်ကြည်အေးမြလို့လည်း နေပါတယ်။ လူကိုယ်တိုင် မမြင်ဖူး၊ မတွေ့ဖူးသေးပေမယ့် .. သူ့ရဲ့ ကြည်လင်အေးချမ်းတဲ့ စကားသံကနေတစ်ဆင့် သမထ, ဝိပဿနာအားထုတ်ထားတဲ့ အေးချမ်းတည်ငြိမ်မှု-အတွင်းဓာတ်ကို ကျွန်တော်ကိုယ်တိုင် ခံစားမိရပါတယ်။ လောဘ၊ ဒေါသ၊ မောဟကင်းစင်ပြီး မာန်မာနကင်းစင်မှုကို အတိုင်းသား ကြားသိနေရပါတယ်။ ကျွန်တော့်ရဲ့ အတွေ့အကြုံနဲ့ လူတွေကို လေ့လာ, ဆက်ဆံဖူးသလောက် ပြောရမယ်ဆိုရင် .. သူမရဲ့ စကားသံတိုင်းဟာ သတိမြဲမြံမှု၊ မာန်မာနကင်းစင်မှု၊ ကျေးဇူးသိတတ်မှုနဲ့အတူ ဗုဒ္ဓဘုရားရှင်ရဲ့အလိုတော်ကျ .. အလှူရှင်များအပေါ်လည်း နက်နက်ရှိုင်းရှိုင်း ကျေးဇူးတင်၊ လေးစားတဲ့ အတွင်းအဇ္စျတ္တသန္တန်ကိုပါ တွေ့မြင်ခံစားရမိသလို ရှိပါတယ်။

ဝေးကွာပြီး .. မတူညီတဲ့ ကမ္ဘာ့ဒေသအသီးသီးက ဖြစ်ပေမယ့် .. အလှူရှင်များရဲ့ .. ထက်သန်တဲ့ စေတနာ, သဒ္ဓါတရားကို တလေးတစား ချီးမွမ်းထောပနာပြုပါတယ်။ သူတို့ရဲ့ လှူဒါန်းပံ့ပိုးမှုဟာ မမေ့နိုင်စရာဖြစ်ပါသတဲ့။ သူတို့ရဲ့ အလှူငွေတွေကို သက်ဆိုင်ရာ သီလရှင်ကျောင်းတွေကို ချောမွေ့စွာ ရောက်ရှိစေဖို့ .. အလှူရှင်များရဲ့ အဆင့်ဆင့် ကြိုးစားအားထုတ်ရမှုတွေကို အသိအမှတ်ပြု၊ လေးစားကြောင်း ဆိုပါတယ်။ အလှူဖြစ်မြောက်အောင် ကူညီဆောင်ရွက်ပေးကြတဲ့ ကျွန်တော်တို့လို ပြည်တွင်းက စေတနာ့အကျိုးဆောင်များလည်း ထပ်တူ, ကုသိုလ်ရကြမှာဖြစ်တယ်လို့ ‘အသိအမှတ်ပြုစကား’ဆိုတဲ့အခါ .. ကျွန်တော့်မှာလည်း ကြက်သီးဖြန်းဖြန်းထ၊ ပီတိသောမနဿ ဖြစ်ရပါတယ်။ သူနဲ့ .. သူ့ရဲ့ မိတ်ဖက်- သီလရှင်ဆရာကြီး၊ ဆရာလေးများဟာ အလှူရှင်များရဲ့ ကုသိုလ်ကို ဖြစ်မြောက်အောင် ဆောင်ရွက်ပေးကြရတဲ့ အကျိုးဆောင်များသာ ဖြစ်ပါတယ်လို့ .. မိမိကိုယ်ကို နှိမ့်ချ, ပြောဆိုရင်း .. သူတို့တတွေဟာ ကုသိုလ်ထပ်တူရအောင် တာဝန်ကျေပွန်စွာ ပိုပြီး ကြိုးစား၊ အလုပ်လုပ်ကြရမှာဖြစ်တယ်လို့ ပြောလာတဲ့အခါ .. ကျွန်တော့်မှာ မလေးစားဘဲ မနေနိုင်လောက်အောင် .. သူ့ကို အံ့သြချီးမွမ်း၊ လေးစားမိပါတယ်။ သူနဲ့ .. အခြားကျောင်းက သီလရှင်ဆရာကြီးများ အတူတကွ ဆွေးနွေးတိုင်ပင်ပြီး၊ ကလေးသူငယ်တွေကောင်းကျိုးအတွက် အတူတူ ပူးပေါင်းဆောင်ရွက်ကြတယ်လို့ ဆိုပါတယ်။

နောက်ထပ် .. အံ့သြဝမ်းသာရတာက သီလရှင်ဆရာကြီးဟာလည်း စစ်ကိုင်းတိုင်းထဲက ကျွန်တော့်ရဲ့ မွေးဇာတိမြို့နယ်အနီးအနားက မြို့နယ်တစ်ခုက ဖြစ်တယ်လို့ သိရတဲ့အခါ ဖြစ်ပါတယ်။ ‘ဆွေမျိုးစပ်တာပါ’လို့ ပြောလာတဲ့ ဆရာကြီးရဲ့စကားမှာ .. ကျွန်တော်တို့ အတူတူ ရယ်မိကြပါတယ်။ ဘဝါဘဝက ပဋ္ဌာန်းဆက်လိုမျိုးလည်း ခံစားမိပါတယ်။ နောက်ဆုံးမှာတော့ .. တစ်ဦးနဲ့တစ်ဦး ကျန်းမာ၊ ချမ်းသာ၊ သက်ရှည်ပါစေကြောင်း .. မေတ္တာပို့သရင်း ဖုန်းချခဲ့လိုက်ကြပါတယ်။ ဒီ .. ဖုန်းခေါ်ဆိုမှုအပြီးမှာ ကျွန်တော်ကိုယ်တိုင်လည်း ဝမ်းမြောက်ပီတိ ဖြစ်ရတာမို့ .. ဒီ ကြည်နူးဝမ်းသာမှုကို အလှူရှင်များလည်း အတူတကွ ရစေချင်ပါတယ်။ “ပျော်ရွှင်မှုဟာ ကူးစက်တယ်”မဟုတ်ပါလား။ သီလရှင်ဆရာကြီးပြောသလိုပဲ .. “သာဓု အကြိမ်ကြိမ်ခေါ်၊ ဝမ်းမြောက်ရပါတယ်”ဆိုတဲ့အတိုင်း ဒီလှူဒါန်းမှုများမှာ ပါဝင်ကူညီခွင့်ရတာကို အထူးပဲ ကျေနပ်ဝမ်းမြောက်မိပါတယ်။ ဒီလို .. ပါဝင်ဆောင်ရွက်နိုင်အောင် ခွင့်ပြုပေးကြတဲ့ ကုသိုလ်ရှင်၊ စေတနာရှင်များအားလုံးကိုလည်း အထူးပဲ ကျေးဇူးတင်ရှိပါတယ်။ ကုသိုလ်ရှင်အားလုံး .. မင်္ဂလာအပေါင်းနှင့် ခညောင်း, ပြည့်စုံကြပါစေခင်ဗျား .. ။

Shwe Lan Ga LayComment