အကြပ်အတည်းကြားက ဆွမ်းဟင်းတစ်ခွက် ...
အဘိဓမ္မာအခါတော်နေ့ - မနေ့က နေ့လည်ခင်း ကျွန်တော်လည်း .. ကြိမ်ပက်လက်ကုလားထိုင်ပေါ်မှာ အေးအေးလူလူ လူမှုကွန်ရက်ပေါ် လျှောက်ကြည့်နေခဲ့ပါတယ်။ အဲ့ဒီမှာ .. သာမဏေငယ်တွေကို ခေတ်ပညာရေးနဲ့ ရဟန်းပညာရေး နှစ်ခုစလုံးကို သင်ပေးတဲ့ ကျောက်ဆည်က ရွှေသာမဏေစကူးလ်နဲ့ မန္တလေးက မစိုးရိမ်စာသင်တိုက်လို စာသင်သားများစွာရှိတဲ့ နာမည်ကျော်စာသင်တိုက်ကြီးတွေရဲ့ စိတ်ဝင်စားဖွယ် ဖေ့စ်ဘွတ်ခ်ပို့စ်အချို့ကို တွေ့မိပါတယ်။ [မစိုးရိမ်စာသင်တိုက်မှာ .. စာသင်သားသံဃာ ၂၅၀၀ ကျော်ရှိပါတယ်။] ဒီပို့စ်တွေကတော့ .. သူတို့ရဲ့ကျောင်းတွေက ဆွမ်းအလှူရှင်တွေရဲ့ ဆွမ်းလှူဒါန်းမှုပုံတွေကို အများ(သာဓုခေါ်နိုင်ဖို့) မျှဝေထားတာဖြစ်ပါတယ်။ ဒီကျောင်းတိုက်တွေအားလုံးက ပို့စ်တွေမှာ .. စိတ်ဝင်စားဖွယ်တွေ့တာက .. သူတို့ရဲ့ ‘ဟင်းကောင်းတစ်ခွက် နေ့စဥ်ကပ်’လို့ အမည်ပေးထားတဲ့ အစီအစဥ်ဖြစ်ပြီး၊ အဲ့ဒီအစီအစဥ်ကို ပိုပြီး ထဲထဲဝင်ဝင် လေ့လာကြည့်ဖို့ စိတ်ဝင်စားမိပါတယ်။ ဒီလှူဒါန်းမှုအစီအစဥ်မှာဆိုရင် .. အလှူရှင်တွေဟာ ကျောင်းတိုက်မှာရှိတဲ့ ရဟန်း၊ သာမဏေတွေအတွက် ဆွမ်းဟင်းကောင်းတစ်ခွက်ပဲ လှူဒါန်းရတာဖြစ်ပါတယ်။ အဲ့ဒါဟာ .. အလှူရှင်တွေအတွက် ကုန်ကျစရိတ်နည်းနည်းနဲ့ ဆွမ်းနဲ့ ဆွမ်းဟင်းအမယ်စုံ လှူစရာမလိုဘဲ၊ သူတို့ရဲ့ .. ‘သံဃာတွေအားလုံးအတွက် လှူဒါန်းချင်တဲ့ ဆန္ဒ’ကို ဖြည့်ဆည်းပေးရာလည်း ရောက်ပါတယ်။ ဒီလို .. ဆန်းသစ်တဲ့ စိတ်ကူးနဲ့ အာဟာရဒါနအစီအစဥ်တွေဟာ ဒီနောက်ပိုင်း နိုင်ငံတွင်းက ပြည်သူလူထုတော်တော်များများ ခံစားကြရတဲ့ စီးပွားရေးအကြပ်အတည်းတွေက ပေါ်ပေါက်လာတာဖြစ်တယ်ဆိုတာကို .. တွေ့ရှိရပြီး၊ ပိုပြီး နက်နက်ရှိုင်းရှိုင်းလေ့လာကြည့်လိုက်တဲ့အခါမှာတော့ .. သတိပြုမိဖွယ်အချက်တစ်ခုကိုလည်း သွားတွေ့ရပါတယ်။ အဲ့ဒါကတော့ .. ဒီလိုပါ။
ဒီလို ဆန်းသစ်တဲ့စိတ်ကူးနဲ့ ပြုလုပ်နေကြတဲ့ အလှူအစီအစဥ်တွေအကြောင်း ဂဃနဏ ခရေစေ့တွင်းကျ ရှင်းမပြခင်၊ မပြောခင်မှာ .. နောက်ခံအခြေအနေအရပ်ရပ်နဲ့ မြန်မာနိုင်ငံက ၂၀၂၁ စစ်အာဏာသိမ်းမှုမတိုင်ခင်က ဘုန်းတော်ကြီးကျောင်းတိုက်တွေ ကျင့်သုံးခဲ့ကြတဲ့ ပုံစံတွေကို သိရှိထားဖို့ လိုပါတယ်။
စာသင်သားရဟန်း၊ သာမဏေတွေ မြောက်မြားစွာ နေထိုင်သင်ယူကြတဲ့ မြန်မာနိုင်ငံက ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်း စာသင်တိုက်ကြီးတော်တော်များများမှာ .. ရဟန်းသံဃာတွေ နေ့စဥ်နှင့်အမျှ ဆွမ်းကွမ်းအာဟာရ ဘယ်လိုရှာမှီးကြရသလဲဆိုတဲ့ မေးခွန်းက .. သာယာလှပတဲ့ ဒီလောကရဲ့ အပြင်ဘက်က လူတစ်ဦးအနေနဲ့ အရင်ဆုံးမေးတဲ့ မေးခွန်းဖြစ်ပါတယ်။ ကျောင်းတိုက်ရဲ့ တာဝန်အရှိဆုံးပုဂ္ဂိုလ်ဖြစ်တဲ့ ကျောင်းထိုင်ဆရာတော်နဲ့ .. စာချစာသင်ဆရာတော်တွေဖြစ်ကြတဲ့ ကျောင်းထိုင်ဆရာတော်ရဲ့ လက်ထောက်လက်ကူ ရဟန်းတော်တွေအပေါ် မူတည်ပြီးတော့ .. တိုက်အတွင်းက ရဟန်း၊ သာမဏေတွေဟာ တစ်ပါးချင်းစီဖြစ်စေ၊ သူတို့ရဲ့ ဦးဆောင်ဆရာသမားတွေက စီစဥ်တဲ့အတိုင်း ကြည်ညိုဖွယ်ရာ အတန်းလိုက်ဖြစ်စေ .. ဆွမ်းခံကြွကြရပါတယ်။ ဒီလိုမှမဟုတ်လျှင်လည်း .. နေ့ရက်တော်တော်များများမှာ ကျောင်းတိုက်အတွင်း ဆွမ်းကပ်အလှူ ရှိနေတတ်ပြီး၊ ကျန်ရက်များမှာတော့ ကျောင်းထိုင်ဆရာတော်က ကျွေးမွေးကပ်လှူတာမျိုး ဖြစ်ပါတယ်။ စာသင်သား အပါး(၁၀၀)နဲ့ အထက် ရှိနေတတ်တဲ့ စာသင်တိုက်ကြီးများမှာတော့ .. ရဟန်း၊ သာမဏေတွေဟာ စောစောကပြောသလိုပဲ တစ်ပါးချင်းစီအလိုက်၊ ဒါမှမဟုတ် .. အတန်းလိုက် အတူတကွ ဆွမ်းခံကြွကြရပါတယ်။ အာဏာသိမ်းဖြစ်စဥ်အပြီး ဒီနောက်ပိုင်းကာလတွေမှာ .. နိုင်ငံရေးမတည်ငြိမ်မှုနဲ့ လက်နက်ကိုင်ပဋိပက္ခတွေကြောင့် ကျေးလက်ရော၊ မြို့ပြပါမကျန် စာသင်တိုက်တော်တော်များများဟာ သူတို့ရဲ့ စာသင်သားသံဃာတွေကို ဆွမ်းခံမကြွစေတော့ပါဘူး။ တစ်ဖက်မှာလည်း .. နိုင်ငံအနှံ့ စီးပွားရေးအကြပ်အတည်းဆိုက်မှုကြောင့် – အာဏာသိမ်းပြီးစ ပထမပိုင်းနှစ်တွေမှာ ကျောင်းတိုက်မှာပဲ (သံဃာတွေအားလုံးအတွက်) ဆွမ်းကပ်လှူတာတွေ ရှိပေမယ့် .. နောက်ပိုင်းမှာ ဒီလိုလှူနိုင်တဲ့ ဒါယကာ၊ ဒါယိကာမ ရှားပါးလာပါတယ်။
အမရပူရက မဟာဂန္ဓာရုံစာသင်တိုက်ကြီးက နာယကဆရာတော်တစ်ပါးကို .. စာရေးသူမေးကြည့်ဖူးလို့ သိရတာဆိုရင် .. အဲ့ဒီက အပါး(၁,၁၀၀)နီးပါး ရှိတဲ့ စာသင်သားသံဃာတွေအားလုံးအတွက် အရုဏ်ဆွမ်း၊ နေ့ဆွမ်း - ဆွမ်း(၂)နပ်ကပ်ဖို့ ကျပ်သိန်း(၁၀၀)ခန့် ကုန်ကျမယ်လို့ သိရပါတယ်။ ဒီနေ့ခေတ်လိုအချိန်မှာ .. ဒီအလှူငွေပမာဏအကြီးကြီး လှူဒါန်းနိုင်ဖို့ဆိုတာ .. လူတော်တော်များများအတွက် တော်တော်ခက်ခဲမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့်မို့ .. မစိုးရိမ်စာသင်တိုက်အပါအဝင် စာသင်တိုက်ကြီးတွေဟာ .. တိုက်တွင်းသံဃာတွေအတွက် ဆွမ်းဟင်းကောင်းတစ်ခွက်ပဲ ကပ်လှူနိုင်တဲ့ အစီအစဥ်တစ်ခုကို ဆန်းသစ်စွာနဲ့ စတင်လာခဲ့ကြပါတယ်။ ဒီအစီအစဥ်သစ်ဟာ .. ကျောင်းတိုက်သံဃာတွေအတွက်ရော၊ အလှူရှင်တွေအတွက်ပါ နှစ်ဦးနှစ်ဖက်အကျိုးရှိစေတာကို တွေ့ရပါတယ်။
စင်စစ် .. “ဟင်းကောင်းတစ်ခွက် နေ့စဥ်ကပ်”ဆိုသော အမည်မှာ ကျောက်ဆည်မှ အနော်ရထာရွှေသာမဏေစကူးလ်က ခေါ်တာဖြစ်ပါတယ်။ ယင်းသာမဏေစာသင်တိုက်ရဲ့ အကျိုးဆောင်ဂေါပကအဖွဲ့ဝင်တစ်ဦးက အောက်တိုဘာ ၁၀ ရက်နေ့အထိ နောက်ဆုံးတင်ထားတဲ့ ပို့စ်တွေအရဆိုရင် .. ရဟန်းသာမဏေ(၁၆၀)ပါးအတွက် ‘ဟင်းကောင်းတစ်ခွက်’ အလှူစရိတ်-၅၀,၀၀၀ိ/- လှူဒါန်းနိုင်တယ်လို့ ကြေညာထားပါတယ်။ မစိုးရိမ်တိုက်သစ်မှာတော့ နာမည်တပ်ထားခြင်းမရှိပေမယ့် အလှူရှင်များကို ဆွမ်းဟင်းကောင်းတစ်ခွက်လှူဒါန်းနိုင်ပါတယ်။ [ကျောင်းတိုက်ရဲ့ပို့စ်တွေမှာတော့ ‘ဆွမ်းဟင်းအလှူ’လို့သာ ဖော်ပြရေးသားထားပါတယ်။] မကြာသေးခင် စက်တင်ဘာလထဲကမှ စတင်တဲ့ “ဘူဖေးအရုဏ်နဲ့ စာရေးတံမဲအစီအစဥ်”လိုမျိုး၊ အခြား- ချက်ဟင်းဖြစ်စေ၊ ကုန်ခြောက်ဖြစ်စေ .. ကြက်သွန်နီ၊ ပုစွန်ခြောက်ကြော်တို့လို .. အစားအစာ တစ်မယ်တည်းလှူဒါန်းတာလိုမျိုး (သံဃာတွေအတွက်) အထောက်အကူဖြစ်တဲ့ အစီအစဥ်တချို့လည်း ရှိပါသေးတယ်။ [စကားချပ်။ ‘ဘူဖေးဆွမ်းစနစ်’ဟာ ဝိနည်းတော်နဲ့မညီသလို၊ ဗုဒ္ဓရဲ့ အလိုဆန္ဒတော်အရ မဟုတ်ဘူးဆိုတဲ့ ငြင်းချက်ထုတ်မှုတွေ ရှိပေမယ့် .. ဒီကျောင်းတိုက်နဲ့ ကပ္ပိယကာရက လူပုဂ္ဂိုလ်တွေဟာ ရဟန်းဝိနည်းတော်များကို လေးစားလိုက်နာကြသလို၊ အလှူရှင်တွေအနေနဲ့လည်း ဝိနည်းတော်နဲ့အညီ ဒီလှူဒါန်းမှုကို စီစဥ်ချက်ပြုတ်ကြတာ တွေ့ရပါတယ်။ ဒီအလေ့အထ၊ ဒီအလှူနဲ့ပတ်သက်လို့ ငြင်းချက်ထုတ်မရတာတစ်ချက်ကတော့ .. ဒါဟာ ရဟန်းသံဃာတော်တွေရဲ့ လိုအပ်ချက်ကို တစ်နည်းတစ်ဖုံ ဖြည့်ဆည်းပေးရာရောက်သလို၊ သူတို့ရဲ့ ကိုယ်ခန္ဓာကျန်းမာရေးအတွက်နဲ့ ချမ်းချမ်းသာသာ စာဝါတွေလိုက်နိုင်စေဖို့အတွက် သေချာပေါက် အာဟာရသပ္ပါယ မျှတစေမှာ ဖြစ်ပါတယ်။ ဤအကြောင်းအရာနဲ့ ပတ်သက်ပြီး .. နောက်မှ စာတစ်စောင်ရေးပါဦးမည်။ ဤကား .. စကားချပ်]
မည်သို့ပင်ဆိုစေ .. ရှေ့က ပြောခဲ့တဲ့ စိတ်ကူးစိတ်သန်းကောင်းကောင်းနဲ့ (ဆွမ်းဟင်းအလှူ)အစီအစဥ်တွေဟာ ဒီလိုခက်ခဲတဲ့ ကာလမှာ ရဟန်းသံဃာတော်တွေကိုရော၊ အလှူရှင်တွေကိုရောပါ .. အမှန်တကယ် အထောက်အကူဖြစ်စေတဲ့ အစီအစဥ်တွေပဲ ဖြစ်ကြပါတယ်။ စင်စစ် .. စာသင်သားသံဃာများပြားပြီး၊ ဆွမ်းကွမ်းခက်ခဲတဲ့ ကျောင်းတိုက်ပေါင်းများစွာ နိုင်ငံအနှံ့ရှိနေတာကို လေ့လာတွေ့ရှိကြရပါတယ်။ ကျွန်ုပ်တို့ ပြည်တွင်းမှာရှိတဲ့ သံဃအာဟာရဒါနအသင်းအနေနဲ့ .. အဲ့ဒီလိုမျိုး ဘုန်းကြီးကျောင်း၊ သီလရှင်ကျောင်းများက ရဟန်းသံဃာနဲ့ သီလရှင်ဆရာကြီး၊ ဆရာလေးများအတွက် တစ်ခွက်ကောင်း ဆွမ်းဟင်းလှူဒါန်းမှုမျိုးကို အားပေးနှိုးဆော်ဖို့ ပြင်ဆင်နေပါတယ်။ ဒီလို လှူဒါန်းမှုမျိုးကို မလက်ခံဖူးသေးတဲ့ ကျောင်းတိုက်တွေကိုလည်း .. ကျွန်ုပ်တို့ရဲ့ ပထမဦးဆုံး ခြေလှမ်းကတစ်ဆင့် ပြည်တွင်းအလှူရှင်များ များများသတိပြုမိပြီး ၎င်းတို့အများစုတတ်နိုင်တဲ့ ဒီလိုအလှူမျိုး လှူဒါန်းနိုင်အောင် တိုက်တွန်းနှိုးဆော်ပေးရာလည်း ရောက်မှာဖြစ်ပါတယ်။ ကျွန်ုပ်တို့အနေနဲ့ .. လတ်တလောမှာတော့ ရွှေသာမဏေစကူးလ်နဲ့ မစိုးရိမ်တိုက်သစ်တို့ကို .. ဒီလို ဆွမ်းဟင်းကောင်းတစ်ခွက်လှူဒါန်းခြင်းမျိုးနဲ့ ပံ့ပိုးကူညီပေးဖို့ရာ စီစဥ်ဆောင်ရွက်လျက်ရှိပါတယ်။ မြန်မာနိုင်ငံက သံဃာတော်တွေအတွက် ကျေးဇူးတုံ့ပြန်မှုတစ်ခုအဖြစ် (ဒီအလှူကို) လှူဒါန်းလိုတဲ့ နိုင်ငံတကာက ဝိပဿနာယောဂီများကိုလည်း ဖိတ်ကြားအပ်ပါတယ်။ သံဃာတော်တွေအတွက် စေတနာ့ရှင်၊ သဒ္ဓါရှင်များ ပါဝင်လှူဒါန်းနိုင်ကြပါတယ်ခင်ဗျား .. ။