မြန်မာစစ်ဗိုလ်ချုပ်ကြီးတွေ ဘာသာရေးကို ဘယ်လို တလွဲ အသုံးချခဲ့သလဲ။ ဘယ်လို ဆက်ပြီး ဖျက်ဆီးနေသလဲ။

မြန်မာစစ်ဗိုလ်ချုပ်ကြီးတွေ ဘာသာရေးကို ဘယ်လို တလွဲ အသုံးချခဲ့သလဲ။ ဘယ်လို ဆက်ပြီး ဖျက်ဆီးနေသလဲ။

အီဂေါဗလာဇီဗစ်
 
Insight Myanmar Podcast မှာ ပြောခဲ့တဲ့အထဲက ကောက်နှုတ်ထားတာပါ။

လူမျိုးစုံဖြစ်တည်နေထိုင်နေကြတဲ့ နိုင်ငံတစ်ခုဟာ အာဏာရှင်တွေအောက်မှာ ဖိနှိပ်ခံရပြီး အမှောင်နေ့ရက်တွေကနေ ရှင်သန်နေတဲ့ ဒီမိုကရေစီစနစ်ရှိတဲ့ နိုင်ငံတစ်ခုအဖြစ် ဘယ်လိုဖြစ်တည်လာနိုင်မလဲ။ လူ့အခွင့်အရေးကိုလေးစားပြီး အချင်းချင်း အပြန်အလှန်ညှိနှိုင်းဆွေးနွေးနိုင်တဲ့ အခြေအနေမျိုးဆီကို ဘယ်လိုရောက်အောင် သွားနိုင်မှာလဲ။

ဒီမေးခွန်းနဲ့ ပတ်သက်လို့ အီဂေါဗလာဇီဗစ်က ဖြေပေးထားပါတယ်။ မြန်မာအပေါ် အီဂေါနားလည်ရှုမြင်ပုံပေါ် အခြေခံပြီး ဖြေဆိုထားတဲ့ ဒီ‌ကောက်နှုတ်ချက်က podcastထဲက ဆွေးနွေးချက်ထဲမှာ ပါဝင်ခဲ့ပါတယ်။ ဒီထဲမှာ အီဂေါက နာမကျန်းဖြစ်နေတဲ့ လူ့အဖွဲ့အစည်းတစ်ခု စည်ပင်ဝပြောလာအောင် လုပ်လာနိုင်ဖို့အတွက် ကြုံတွေ့ စရာရှိတဲ့ အခက်အခဲတွေကို ရှင်းပြထားပါတယ်။
-------------------------
 
လူမျိုးစုပေါင်းများစွာရှိတဲ့ လူ့အဖွဲ့အစည်းတစ်ခုဟာ အာဏာရှင်စနစ်အောက်မှာ ရှိနေခဲ့ရာက ဒီမိုကရေစီကို ကူးပြောင်းကြတော့မယ် ဆိုတဲ့ ဖြစ်စဉ်ဟာ အင်မတန်ပဲ ရှုပ်ထွေးပါတယ်။ ဓလေ့ထုံးတမ်းယဉ်ကျေးမှုတွေ ကွဲပြားစုံလင်လှတဲ့ လူ့အဖွဲ့အစည်းကလည်း ဖြစ်နေပြန် အာဏာရှင်စနစ်အောက်မှာ ကြုံတွေ့ခဲ့ရတဲ့ အဖြစ်ဆိုး သမိုင်းဆိုးတွေကလည်း ကြီးစိုးနေပြန်တယ်။ နောက်ပြီးတစ်ယောက်ကိုတစ်ယောက် ကြီးနိုင်ငယ်ညှင်း လုပ်ခဲ့လို့ ဖြစ်ခဲ့ရတဲ့ အနာတွေကလည်း မကျက်သေးတဲ့ အခြေအနေဖြစ်တယ်။ ဒီလိုအခြေအနေကနေ ဒီမိုကရေစီကိုပြောင်းလဲဖို့ဆိုတာ အဆမတန်ရှုပ်ထွေးမှာမလွဲဘူး။ လွယ်လည်း မလွယ်ကူဘူး။

ဒီလို အခြေအနေမှာ တော်တော်အမြော်အမြင်ကြီးပြီး တာဝန်သိ တာဝန်ယူတဲ့ နိုင်ငံရေးခေါင်းဆောင်မှုလိုပါတယ်။ လောဘကလည်းကြီးပြီး အာဏာကို ငန်းဖမ်းနေတဲ့ နိုင်ငံရေးခေါင်းဆောင်မှုမျိုးဆိုရင်တော့ အောင်မြင်ဖို့ အင်မတန်ခက်ခဲပါတယ်။ ဒီလို နိုင်ငံရေးခေါင်းဆောင်မှုဟာ ပြည်သူတွေရဲ့ အားနည်းချက်၊ ပြည်သူတွေရဲ့ ကြောက်စိတ်နဲ့ ပြည်သူတွေရဲ့ အမုန်းတရား၊ ဒေါသတွေကို မိမိနိုင်ငံရေးထဲ အသုံးချတတ်ကြပါတယ်။

မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ ကျွန်တော့် အမြင်ကို တိတိကျကျပြောရရင်တော့ မြန်မာမှာ ဖြစ်နေတာ နှစ်ခုရှိတယ်။ တစ်ခုကတော့ စစ်တပ်နဲ့ စစ်ထောက်လှမ်းရေးတွေဟာ ဗုဒ္ဓဘာသာမြန်မာတွေရဲ့ အစဉ်အလာကို တော်တော်ဆိုးဆိုးရွားရွား အသုံးချသွားတယ်။ ဒီလိုဗုဒ္ဓဘာသာအပေါ် အမြတ်ထုတ်လာတာလည်းကြာပါပြီ။  စနစ်တကျကို စီစဉ်ပြီး စစ်တပ်အကျိုးအတွက် အကွက်ချပြီးသုံးခဲ့တာက ဦးသိန်းစိန်လက်ထက်မှာလည်း လုပ်ခဲ့တယ်။ ဗိုလ်ချုပ်ကြီးတွေဟာ သာသနာဘက်ကို သြဇာလွှမ်းမိုးထားနိုင်ဖို့စနစ်တကျ ထိုးဖောက်ထားခဲ့တယ်။ သံဃာတွေကြားမှာ ထောက်လှမ်းရေးတွေလည်း ထည့်ခဲ့တယ်။ မြန်မာနိုင်ငံအကြောင်းခင်ဗျားလည်းသိပါတယ်။ ကလေးတစ်ယာက်ဟာ အသက်လေး နှစ်နှစ်လောက်ရောက်လာတာနဲ့ ရဟန်းသံဃာကိုတွေ့ရင် လက်အုပ်ချီ ရှိခိုးရတာ ထုံးစံပဲ။ ဒီနိုင်ငံမှာ ဗုဒ္ဓဘာသာဝင်တစ်ယောက်အတွက် သံဃာများရဲ့ သြဇာဟာ လူတစ်ယောက်ရဲ့ ဘဝ မျက်နှာစာအဖုံဖုံကို သက်ရောက်နေခဲ့တယ်။ တိုင်းပြည်တစ်ခုလုံးကို ကြည့်လိုက်ရင် တခြားဘယ်နေရာကမှ သက်ဝင်လှုပ်ရှားနေတာ မရှိရင်တောင်မှာ ဘုန်းကြီးကျောင်းကတော့ သူ့အလုပ်သူလုပ်နေမှာပဲ။ လူတွေဟာ ဘုန်းကြီးကျောင်းကို ဘာသာရေး၊ လူမှုရေးအခမ်းအနားတွေအတွက်သွားကြတယ်။သူတို့နေထိုင်တဲ့လောကကို ပိုပြီးနားလည်လာအောင် လုပ်ဖို့ သွားကြတယ်။ စားစရာများ လိုအပ်နေတဲ့အခါမျိုးဆိုရင်သွားကြတယ်။ ကလေးတွေ စာတတ်အောင် ပို့ကြတယ်။ ကျောင်းသင်ပညာရေးကို နိုင်ငံတော်က မထောက်ပံ့ပေးနိုင်တုန်းက ဘုန်းကြီး‌ကျောင်းတွေမှာ ပညာသင်ကြရတယ်။ ဒီနိုင်ငံမှာ ဘုန်းကြီးကျောင်းဆိုတာက လူတွေ ဂါရဝထားတဲ့အင်စတီကျူးရှင်းပဲ။ အဲဒါကို စစ်တပ်အနေနဲ့  လိုသလို အသုံးချခဲ့တယ်။ဒီလူ့အဖွဲ့အစည်းထဲမှာ ကြောက်လန့်မှုတွေ စိမ့်ဝင်နေအောင်၊ အမုန်းတရားတွေပျံ့နှံ့နေအောင် အကွက်ချခဲ့ကြတယ်။

ကျွန်တော် တစ်ခါက ရွာကလေးတစ်ရွာက ရွာခံ မိသားစုတစ်ခုဆီ ရောက်သွားတယ်။ အဲဒီအိမ်မှာ လူနာရှိနေတယ်။ ဆရာဝန်ကလည်းမရှိတဲ့နေရာမှာ မိသားစုက ဘာလုပ်မယ် ထင်သလဲ။ ဘုန်းကြီးနှစ်ပါးပင့်ပြီးတော့ ပရိတ်ရွတ်တယ်။ လူနာဘေးကင်းကျန်းမာလာအောင်ပေါ့။
အဲဒီညနေတုန်းက ကျွန်တော်နဲ့ ဘုန်းကြီးတွေနဲ့ စကားပြောဖြစ်ကြတယ်။ ပထမဆုံး သူတို့က ကျွန်တော့်ကိုမေးတယ်။ “ဘယ်ကလဲတဲ့။”
“ချက်ရီပတ်ဘလစ်” ကလို့ ပြန်ဖြေလိုက်တယ်။
နောက်မေးခွန်းကတော့ “ ခင်ဗျားတို့နိုင်ငံမှာ မွတ်ဆလင်တွေ ရှိသလား” တဲ့။
ကျွန်တော်က “ မရှိဘူး။ ချက်ရီပတ်ဘလစ်မှာ မွတ်ဆလင်တွေ မရှိပါဘူး” လို့ ဖြေလိုက်တယ်။
“ကံ‌ကောင်းတဲ့ တိုင်းပြည်” လို့ အဲဒီ ဘုန်းကြီးတွေက ပြန်ပြောတယ်။
အဲဒီ အခိုက်မှာ ကျွန်တော် လန့်သွားတယ်။
“ဘုရားရေ၊ တစ်နိုင်ငံလုံးအတိုင်းအတာမှာ ဒီလိုဘုန်းကြီးတွေ ထောင်နဲ့ချီပြီးရှိရင်တော့ ဒုက္ခပါပဲလို့ တွေးမိတယ်။ သူတို့က သူတို့ ဒါယကာတွေ၊ သူတို့ သီတင်းသုံးတဲ့ ရွာတွေကို ဟောတော့မှာပဲ။ မွတ်ဆလင်မှရိတဲ့နိုင်ငံဟာ ကံကောင်းတာပဲလို့။ အဲသလိုများဟောနေခဲ့ရင်တော့ ဒုက္ခတော့ များပြီ။
အဲဒါကို ကျွန်တော်ကြုံခဲ့ရတုန်းက မဘသတွေနဲ့ မဘသ နောက်လိုက်နောက်ပါတွေ၊ ဦးသိန်းစိန်အဖွဲ့နဲ့ စစ်ထောက်လှမ်းရေးက ညွှန်ကြားသူတွေက လှုံ့ဆော်တဲ့ မွတ်ဆလင်တွေကို ဆန့်ကျင်တဲ့ အဓိကရုဏ်းတွေ မဖြစ်လာသေးပါဘူး။  
စစ်ထောက်လှမ်းရေးတွေဟာ ဒါကို တမင်တကာကြံစည်ဆောင်ရွက်ခဲ့ကြတာပါ။ သမ္မတဦးသိန်းစိန်သာလျှင် “ နိုင်ငံတော်နဲ့ သာသနာကို စောင့်ရှောက်သူ” ဖြစ်တယ်ဆိုတဲ့ ထောက်ခံမှုကို ရလာအောင် ဒီလို သွေးထိုးလှုံ့ဆော်ခဲ့ကြတာပါ။ ဒီလိုလုပ်ရင် ၂၀၁၅  မှာ ကျင်းပမယ့် ‌ရွေးကောက်ပွဲမှာ မဲအလုံအလောက်ရပြီး နိုင်မှာပဲလို့ မျှော်လင့်ခဲ့ကြတယ်။ တစ်ဖက်မှာလည်း ငြိမ်းချမ်းရေးကို ဆောင်ကြဉ်းပေးမယ့် သမ္မတ၊ နိုင်ငံပွင့်လင်းပြီးဖွံ့ဖြိုးလာစေတဲ့ သမ္မတအဖြစ် အကွက်ကျကျ စီစဉ် ပုံဖော်ခဲ့ကြတယ်။
 
ဒီတော့ မြန်မာပြည်ဟာ အခက်အခဲတွေနဲ့ ကြုံခဲ့ရတယ်။ ဘယ်လိုလူ့အဖွဲ့အစည်းမျိုးမှာမဆို ဒီလို အကွက်တွေကြောင့် အခက်ကြုံရမှာပဲ။ မြန်မာပြည်ကတော့ ပိုဆိုးတော့တာပေါ့။ အာဏာရှင်လက်အောက်မှာလည်း အကြာကြီးနေခဲ့ရတာကိုး။ တိုင်းပြည်ဟာ ဒဏ်ရာအနာတရနဲ့ နာမကျန်းတဲ့ တိုင်းပြည်ဖြစ်တယ်။ လူ့အဖွဲ့အစည်းဟာ အာဏာရှင်အောက်မှာ ရောဂါတွေ စွဲကပ်နေခဲ့တယ်။ လူကောင်းဖြစ်အောင် အတော် ကုစားရမယ့် လူ့အဖွဲ့အစည်းဖြစ်နေခဲ့ပါတယ်။

ဖြစ်ခဲ့ဖူးတဲ့ အက်ကြောင်းတွေကို ပြန်စေ့ပြီး လူ့အဖွဲ့အစည်း နာလံထူလာဖို့အတွက် ဆိုရင် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ လှုပ်ရှားခွင့်တွေလိုအပ်တယ်။ နက်နက်ရှိုင်းရှိုင်းညှိနှိုင်းဆွေးနွေးကြဖို့ လိုအပ်တယ်။ ဒါပေမယ့် အာဏာရှင်ရှိနေသရွေ့ဒီလို အခင်းအကျင်းတွေ၊ ဒီလို ဆွေးနွေးကြဖို့ အစီအစဉ်တွေ ပေါ်လာအောင် လုပ်လို့မရဘူး။ ဒါတွေကြောင့်လည်း လူ့အဖွဲ့အစည်းဟာ အခြေအနေ ဆိုးသထက် ဆိုးလာခဲ့တာပဲ။

နောက်တစ်ခုကတော့ လူ့အဖွဲ့အစည်းမှာလည်း နာကျင်ခံစားခဲ့ရတာတွေက သိပ်များတော့ ဒီလို စိတ်ညစ်ညူးစရာအခြေအနေတွေကနေ ဖောက်ထွက်ဖို့ကို လုပ်နိုင်တဲ့ လွယ်လွယ်ကူကူလမ်းကိုလည်း မတွေ့ခဲ့ဘူး။ အချိန်တွေ အကြာကြီးစုပြီးဖြစ်နေတဲ့ စိတ်ညစ်ညူးရတာတွေကို ဘယ်လို အကျိုးအကြောင်းသိသိ ကျော်ဖြတ်ကြမလဲဆိုတာ လမ်းမြင်ဖို့ ခက်တယ်။ ဒါပေမယ့် ကံဆိုးခဲ့တာကတော့ ဒီလို စိတ်ညစ်ညူးစရာတွေကိုဖောက်ထုတ်ဖို့ ကောင်းတဲ့ နည်းလမ်းတွေ့ဖို့မလွယ်ပေမယ့် တခြားမဟုတ်တဲ့ နည်းတွေကို သုံးနိုင်တဲ့ လမ်းတွေကတော့ ရှိနေခဲ့တယ်။ အဲဒီလိုနဲ့ ကိုယ့်ထက်အင်အားနည်းတဲ့သူက မြေနိမ့်ရာလှံစိုက်တာ၊ ကိုယ်နဲ့ မတူတဲ့သူတွေကြောင့် ဒါတွေ ဖြစ်လာတာဆိုပြီး မတူခြားနားသူတွေကို ဖယ်ကျဉ်တာ၊ တိုင်းပြည်မှာ ဖြစ်လာသမျှဟာ ဒီလူတွေရဲ့ အပြစ်လို့ ပုံချတာ၊ ဒါတွေကိုလုပ်ဖို့ကျ လမ်းတွေက ရှိနေတယ်။ အင်မတန်ဆိုးရွားတဲ့၊ ရည်မှန်းချက်ကြီးတဲ့၊ လောဘကြီးတဲ့ ၊ အာဏာငမ်းဖမ်းနေတဲ့၊ တာဝန်မယူ တာဝန်မခံတတ်တဲ့၊ ကိုယ်ကျိုးကလွဲလို့ ဘယ်သူ့ကိုမှ မထောက်ထားတဲ့ နိုင်ငံရေးသမားတွေက ဒါမျိုးကို ဘယ်လိုလုပ်ရမလဲဆိုတာ သိပါတယ်။ မြန်မာနိုင်ငံမှာ‌ရော တခြားနေရာတွေမှာရော ဒါမျိုးတွေ ဖြစ်ခဲ့ကြပါတယ်။ မိမိတို့မှာ လူ့အဖွဲ့အစည်းတစ်ခုလုံး စုပေါင်းခံစားနေခဲ့ရတဲ့ စိတ်ပျက်မနှစ်မြို့စရာတွေကို မိမိထက် အားနည်းနေသူတွေအပေါ် ဖောက်ချတတ်ကြတာမျိုး၊ အပြစ်ပုံချပြီး စိတ်အနာတရကိုဖြေတာမျိုးကို တွေ့ခဲ့ကြရဖူးပါတယ်။
---------------
ဖိနှိပ်ခံလူ့အဖွဲ့အစည်းကို ပြုပြင်ပြောင်းလဲခြင်း-ကောက်နှုတ်ချက်တွေကတော့ အီဂေါနဲ့ ဆွေးနွေးခဲ့တဲ့ Podcast က ဖြစ်ပါတယ်။ ဒီအစီအစဉ်မှာ သူက နာမကျန်းတဲ့လူ့အဖွဲ့အစည်းတစ်ခု ကောင်းမွန်အောင် လုပ်တဲ့အခါမှာ ကြုံခဲ့ရတဲ့ အခက်အခဲတွေကို ရှင်းပြသွားတာ ဖြစ်ပါတယ်။ လက်ရှိ ပဋိပက္ခရဲ့ သဘောသဘာဝကိုနားလည်နိုင်ဖို့အတွက် အီဂေါရဲ့ ရှင်းပြချက်တွေထဲမှာ မှတ်သားစရာ သတိထားရမယ့် အချက်တွ ပါဝင်ပါတယ်။

Shwe Lan Ga LayComment