လူမိုက်မကြိုက်၊ အမှားမလိုက် သော ဓမ္မကထာ

မကြာသေးမီကပင် လူမှုကွန်ရက် ဖေ့စ်ဘွတ်နှင့် ယူကျု့ပ်ပေါ်တွင် လက်ရှိ စစ်ကောင်စီက တည်ဆောက်ခဲ့သော ကမ္ဘာ့အကြီးဆုံး စကျင်ကျောက်ရုပ်ပွားတော်ဟုဆိုသည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော် အနေကဇာတင်ပွဲနှင့်ပတ်သက်သည့် သတင်းတစ်ခု ဟော့ဖြစ်သွားခဲ့သည်။ စစ်အုပ်စု၏ အစွမ်းကုန်ရက်စက်ကြမ်းကြုတ်မှုများကြောင့် မြန်မာပြည်သူအများ ဤမျှ အလွန်အမင်း ဝံ့ကြွားပြီး အောင်ပွဲခံလွန်းသော စီမံကိန်းနှင့် အခမ်းအနားကို စိတ်ဝင်စားခြင်း မရှိကြချေ။ သို့သော် စစ်အုပ်စုခေါင်းဆောင် မင်းအောင်လှိုင်သည် ဤရုပ်ပွားတော်ကြီးကို တည်ဆောက်ခဲ့ပြီး၊ ၂၀၂၃ ခုနှစ် ဩဂုတ်လ ၁ ရက်နေ့တွင် အကြီးအကျယ် ကျင်းပခဲ့သည်။ ပြည်တွင်းနှင့် အခြားဗုဒ္ဓဘာသာနိုင်ငံများမှ ရဟန်းသံဃာ‌ အပါး ၉၀၀ ကို ပင့်ဖိတ်ခဲ့သည်။ စစ်ကောင်စီထိန်းချုပ်ထားသည့် သတင်းမီဒီယာများ၏အဆိုအရ - ဗုဒ္ဓရုပ်ပွားတည်ဆောက်သည့် ဤ "တကြီးတကျယ်စီမံကိန်း"အတွက် မြန်မာကျပ်ငွေ- ၅၈ ဘီလီယံ (အမေရိကန်ဒေါ်လာ ၂၇.၆ သန်း) ကုန်ကျခဲ့ပြီး စစ်အုပ်စုအနေဖြင့် ဤရုပ်ပွားတော်ကြီးကို "မြန်မာနိုင်ငံတွင် ထေရဝါဒဗုဒ္ဓ သာသနာတော်ကြီး ခိုင်မာစွာ ထွန်းလင်း တောက်ပလျက်ရှိမှုအား ကမ္ဘာကိုပြသရန်နှင့်၊ တိုင်းပြည်အေးချမ်း သာယာမှုရှိ စေရန်" ရည်ရွယ်ချက်ဖြင့် တည်ထားခြင်းဖြစ်ကြောင်း ကြွေးကြော်ထားသည်။ သို့ရာတွင် .. ၂၀၂၁ ခုနှစ် အာဏာသိမ်းချိန်မှစ၍ နိုင်ငံတဝန်း ဆန္ဒပြမှုများအပေါ် ဖြိုခွင်းမှုများနှင့် ဖမ်းဆီးစစ်ဆေးမှုများတွင် သေဆုံးခဲ့ရသည့် အရပ်သားပေါင်း ၂၀၀၀ ကျော်နှင့် နေရပ်စွန့်ခွါရွှေ့ပြောင်းရ‌သော အရပ်သားပြည်သူ ၁.၂ သန်းကျော် ရှိနေသည်။ 

မြန်မာပြည်သူများအကြား လူမှုကွန်ရက်နှင့် ယူကျု့ပ်တို့တွင် အပြောများခဲ့‌သော သတင်းဆိုသည်မှာ ယင်းဗုဒ္ဓရုပ်ပွားတော်အနေကဇာတင်ပွဲ၌ သံဃမဟာနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ ကျောက်မဲဆရာတော် ဘဒ္ဒန္တစန္ဒနသာရ မိန့်ကြားခဲ့သော ချီးမွမ်းထိုက်သည့် ဓမ္မကထာသြဝါဒပင်ဖြစ်သည်။  ၎င်း၏ ဩဝါဒတွင် ဗုဒ္ဓအဆုံးအမ၏အနှစ်သာရကို တရားစကားစု သုံးစုဖြင့် အနှစ်ချုပ်၍ လက်သုံးချောင်းထောင်ကာ မိန့်ကြားခဲ့ခြင်းဖြစ်သည်။ ဒီမိုကရေစီလိုလားသူ ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးများအပါအဝင် အခြားဘာသာဝင်များကပါ ဗုဒ္ဓဘုရားရှင်အားလုံးတို့၏ အခြေခံဆုံးမဩဝါဒ သုံးခုဖြစ်သည့် ၎င်း၏ အနှစ်ချုပ်ဩဝါဒအပေါ် နှစ်ထောင်းအားရဖြစ်ကာ ထောက်ခံအားပေးခဲ့ကြသည်။ ၎င်း၏ ဩဝါဒအဆုံးတွင်လည်း အခြားသူများနှင့် စစ်ကောင်စီဒုတိယအကြီးအကဲ စိုးဝင်းတို့က လက်အုပ်ချီ၊ သာဓုခေါ်ဆိုခဲ့ကြသော်လည်း စစ်ကောင်စီအကြီးအကဲ မင်းအောင်လှိုင်အနေဖြင့် လက်အုပ်မချီ၊ သာဓုမခေါ်ခဲ့ခြင်းမှာလည်း ဆရာတော်၏ ဩဝါဒအပေါ် မနှစ်မြို့ခြင်းမှာ သိသာမြင်သာလှသည်။  ဤပွဲအပြီး နောက်တွင်လည်း ၎င်းစစ်အုပ်စု၏ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး ကိုကို ကျန်းမာရေးအကြောင်းပြချက်ဖြင့် ရာထူးမှ ဖယ်ရှားခံခဲ့ရသည်။ 

ကျောက်မဲဆရာတော်၏ တရားသည် စစ်အုပ်စု၏ ရက်စက်ကြမ်းတမ်းမှုများကို ဓမ္မပဒ(တရားအစု ၁၈၃) ကို ကိုးကား၍ .. ထောက်ပြပြီး ၎င်းတို့အနေဖြင့် ဤ အခြေခံ ဗုဒ္ဓအဆုံးအမများကိုပင် လိုက်နာနိုင်မှုမရှိ၊ ဖောက်ဖျက်ကျူးလွန်နေကြသည်ကို .. ထောက်ပြခဲ့သည်ဟု လူအများ မှတ်ချက်ပြု၊ ဝေဖန်ခဲ့ကြသည်။ ဓမ္မပဒ စကားစုများမှာ -

"သဗ္ဗ ပါပဿ အကရဏံ၊

ကုသလဿ ဥပသမ္ပဒါ၊

သစိတ္တ ပရိယောဒပနံ၊

ဧတံ ဗုဒ္ဓါန သာသနံ။"

ဆရာတော်သည် သူ၏ ဩဝါဒကို မာရဝိဇယ ရုပ်ပွားတော်ကြီးရှေ့ ပါဠိနှင့် ရိုမန်အက္ခရာတို့ဖြင့် ရေးထွင်းစိုက်ထူထားသည့် ကျောက်စာများကို ဖတ်တတ်သူ၊ ဖတ်လိုသူ၊ ဖတ်လိုသော်လည်း နားလည်သူ၊ ဖတ်ရန် အချိန်ပေးနိုင်သူ ရှိလိမ့်မည်မဟုတ်ကြောင်း စတင်မိန့်ဆိုသည်။ ထိုသို့ ကျောက်စာအချပ်ပေါင်း ၁၄၀၀ ကို နားမလည်နိုင်သော်လည်း အားမငယ်ရန်နှင့် မြတ်ဗုဒ္ဓ၏ အဆုံးအမများအားလုံးကို အနှစ်ချုပ်လျှင် အနှစ်ချုပ် ၃ ချက်သာရှိကြောင်း ဆက်လက်မိန့်ဆိုသည်။ ပထမအဆုံးအမဖြစ်သည့် "မကောင်းမှုဟူသမျှ ဘာမျှ မပြုလုပ်ရန်"ဆိုသည့်အချက်ကို .. "မကောင်းမှုဆိုသည်မှာ မိမိ၊ သူတစ်ပါး၊ နှစ်ဦးစလုံး ထိခိုက်၊ ဆင်းရဲစေသည့် လုပ်ရပ်မှန်သမျှ"ဟု အကျဉ်းချုပ် အဓိပ္ပါယ်ဖွင့်ဆိုရင်း ရှင်းလင်းမိန့်ကြားသည်။ ဆရာတော်၏ ဤစကားရပ်များသည် ထောင်ပေါင်းများစွာသော အသက်အိုးအိမ်စည်းစိမ်တို့ကို ပျက်စီးဆုံးရှုံးစေပြီး၊ ပြည်သူတို့၏ ပျော်ရွှင်မှုကို ပျက်စီးစေသည့် စစ်ကောင်စီ၏ ဆိုးဝါးရက်စက်မှုများကို ထောက်ပြခြင်းဖြစ်သည်ဟု ဒီမိုကရေစီလိုလားသူ ပြည်သူအများစုက ယူဆကြသည်။ 

ဒုတိယအဆုံးအမတော်ဖြစ်သည့် "ကောင်းမှုမှန်သမျှ ပြုလုပ်ရန်" ဩဝါဒကို ကာယကံကောင်းကောင်း လုပ်ရန်၊ ဝစီကံကောင်းကောင်း ပြောရန်နှင့် မနောကံကောင်းကောင်း ကြံစည်ရန်ဟု အကျဉ်းချုပ်ဖွင့်ဆိုရင်း ရှင်းပြသည်။ နောက်ဆုံးဩဝါဒတော်ဖြစ်သည့် "စိတ်ကို ဖြူစင်အောင်ထားရန်"ဆိုသည်မှာ သာမန်ပုထုဇဉ်တို့၏ စိတ်၌ အများအားဖြင့် လောဘ၊ ဒေါသ၊ မောဟ၊ မာန်မာန၊ ဣဿာမစ္ဆရိယ စသည့် အညစ်အကြေးများ အနည်းနှင့်အများ ရှိနေတတ်ကြပြီး ယင်းကိလေသာအညစ်အကြေးများကို ဖယ်ရှား၍ စိတ်ကို ဖြူစင်အောင် ထားကြရန် မိန့်ကြားသည်။ ဆရာတော်သည် ၎င်း၏ ဩဝါဒကထာကို အဆိုပါအဆုံးအမများသည် ဗုဒ္ဓဘုရားရှင်အားလုံးတို့၏ ဆုံးမဩဝါဒဖြစ်ကြောင်း "ဂေါတမဗုဒ္ဓဘုရားရှင် ကိုယ်ပွား မာရဝိဇယဘုရားတစ်ဆူတည်း၏ ဩဝါဒမဟုတ်ကြောင်း"မိန့်ကြားရင်း အနှစ်ချုပ်သည်။ ဆရာတော်သည် အဆိုပါ အဆုံးအမ ဩဝါဒတော် ၃ ချက်ကို မြန်မာလိုရေု၊ အင်္ဂလိပ်လိုပါ အနှစ်ချုပ် ပြန်ပြောင်းမိန့်ဆိုသည်။ "ဗုဒ္ဓရုပ်ပွားတော်ကြီး တည်ထားပြီး ဗုဒ္ဓရတနာကိုလည်း ပူဇော်ရာရောက်ပြီ။ နိုင်ငံပေါင်း ၉ နိုင်ငံက သံဃာအပါး ၉၀၀ ကို ပင့်ဖိတ်လှူဒါန်း၍ သံဃာရတနာကိုလည်း ပူဇော်ရာရောက်ပြီ။ ဤအဆုံးအမဩဝါဒတွေကိုလည်း နှလုံးသားထဲအရောက် သိမ်းဆည်းပြီး၊ လက်တွေ့ကျင့်ကြံခြင်းအားဖြင့် ဓမ္မရတနာကိုလည်း ပူဇော်ရာရောက်အောင် တကယ်တမ်းကျင့်သုံးနိုင်သူတွေဖြစ်ဖို့ သတိပေးစကားပြောကြားရင်း" သူ၏ ဩဝါဒကထာကို နိဂုံးချုပ်သည်။ 

ဤဩဝါဒကထာ တရားကို အဆိုပါဗုဒ္ဓရုပ်ပွားတော် အနေကဇာတင်ပွဲ၌ လူသိရှင်ကြား မိန့်ကြားခဲ့ခြင်းဖြစ်၍ ပြည်တွင်း၊ ပြည်ပ ပြည်သူလူထုများက ဤကဲ့သို့ ရဲရင့်သော ဆုံးမစကား ပြောကြားမှုအပေါ် ချီးမွမ်းဩဘာ ပေးခဲ့ကြသည်။ မကောင်းမှုမှန်သမျှ မပြုလုပ်ရန် မိန့်ကြားမှုကို စစ်အုပ်စု၏ ခေါင်းဆောင်အေနဖြင့် မကြားချင်မှအဆုံးသာ ဖြစ်ပေလိမ့်မည်။ ယခုကဲ့သို့ လူသိထင်ရှား မိန့်ကြားခံရချိန်တွင် ၎င်း၏ အာဏာသိမ်းမှုနောက်ပိုင်း ၎င်းကို ထောက်ခံသူများ မြှောက်ပင့် ပြောဆိုသကဲ့သို့ "ဗုဒ္ဓသာသနာကို ကာကွယ်သူကြီး"အဖြစ် ဤဗုဒ္ဓရုပ်ပွားတော် တည်ထားအောင်မြင်မှုအပေါ် ဂုဏ်ယူဝံ့ကြွား၊ အောင်ပွဲခံနေမှုကို ရိုက်ချိုးလိုက်သလို ဖြစ်စေခဲ့ဟန်တူသည်။ မည်သို့ပင်ဆိုစေ .. ပြည်သူများကမူ  ဤဆုံးမသြဝါဒကို ဘာသာရေးခေါင်းဆောင်တစ်ယောက်အနေဖြင့်၊ အထူးသဖြင့် ဗုဒ္ဓဘာသာရဟန်းတော်များက မြတ်ဗုဒ္ဓ၏ လမ်းညွှန်ဆုံးမမှုနှင့်အညီ အမှန်တကယ် မိန့်ကြားသင့်သည့် ရဲဝံ့သော ဩဝါဒအဖြစ် မှတ်ယူကြသည်။ အာဏာသိမ်းခေါင်းဆောင်အေနဖြင့်လည်း ဆရာတော်၏ တရားအဆုံး၌ ၎င်း၏ မနှစ်သက်မှုကို လက်အုပ်မချီ၊ သာဓုမခေါ်ဘဲ ထုတ်ဖော်ပြသခဲ့သည်။ ဤတရားစကားများသည် "သာသနာ့ဒါယကာကြီး"အဖြစ် သူ့ကိုယ်သူ အောင်ပွဲခံနေသော စစ်ကောင်စီခေါင်းဆောင်အတွက် အရှက်ရဖွယ်ရာ၊ အသည်းထိဖွယ်ရာ ဖြစ်ခဲ့ဟန်တူသည်။ ထို့ပြင် ဆရာတော်သည် ၎င်း၏ ဩဝါဒကထာ မိန့်ကြားနေစဉ်အတွင်း ဗုဒ္ဓသြဝါဒတော်သုံးခွန်းကို လက်သုံးချောင်းထောင်၍ အလေးအနက်မိန့်ကြားပုံမှာလည်း နိုင်ငံတဝန်း ဆန္ဒပြမှုများနှင့် ဆက်လက်ဖြစ်ပေါ်နေသော နွေဦးတော်လှန်ရေး၏ လက်သုံးချောင်းထောင် သင်္ကေတနှင့်လည်း လာ၍ တိုက်ဆိုင်နေသည်။ ဗုဒ္ဓဘာသာဝင် မြန်မာပြည်သူများအနေဖြင့် ရက်စက်ဆိုးသွမ်းသော စစ်အုပ်စုခေါင်းဆောင်များ၏ ရှေ့မှောက်တွင် ယခုကဲ့သို့ ရဲရဲဝံ့ဝံ့ မိန့်ကြားဆုံးမရဲသော ဆရာတော်၏ ဩဝါဒကို ကြားသိကြရသည့်အတွက် ဝမ်းမြောက်နေကြသလို၊ နိုင်ငံတဝန်း ဖြစ်ပွားနေသော မကောင်းမှုများကို ဆန့်ကျင်၍ ဝေဖန်ထောက်ပြမှုအပေါ် ဆရာတော်ကို ကျေးဇူးတင်လျက် ရှိကြသည်။ အထူးသဖြင့် .. သံဃာထုကိုယ်စား ဆရာတော်က ယခုကဲ့သို့ တာဝန်ကျေပွန်စွာ မိန့်ကြားလိုက်သည်ဟုလည်း ဝမ်းမြောက်ဝမ်းသာ ဖြစ်ကြရသည်။ ဆရာတော်၏ တရားကို လူမှုကွန်ရက်၊ ဖေ့စ်ဘွတ်၊ ယူကျု့ပ်နှင့် တစ်တော့ပ်တို့တွင် ပြန်လည်မျှဝေ၍ ၎င်းဗွီဒီယိုများအောက်တွင် မှတ်ချက်ရေးသူ အများအပြားက ဆရာတော် ကျန်းမာ၊ ချမ်းသာ၊ သက်တော်ရှည်ပါစေကြောင်း ဆုတောင်းနေကြသည်။ အများစုတွေ့ရ‌သည့် မှတ်ချက်များ၌ ဆရာတော့်ကို "ဘုရားသားတော် ပီသပါပေတယ်"ဟူ၍ပင် .. ။

Shwe Lan Ga LayComment