သုညဖယ်ဒရယ်ကျောင်းကိုလျူဒါန်းခြင်း

အဲ့ဒီနေ့က Better Burma ဆီကနေပြီး အလျူငွေရောက်တယ်ဆိုပြီး ကျွန်တော်တို့ကိုဆက်သွယ်လာခဲ့ပါတယ်။ သုညဖယ်ဒရယ်ကျောင်းမှာ ကျောင်းခွဲ လေးခု ရှိတဲ့အနက် ကျောင်းတစ်ကျောင်းကို  အရင်ဆုံး အလှုငွေခြောက်သိန်း ပေးအပ်ပြီး အလျူငွေတွေကို ဆရာ၊ဆရာမ၊ ကျောင်းသူ၊ ကျောင်းသား တွေသုံးဖို့အတွက် ကျောင်းပစ္စည်းတွေဝယ်ပေးခဲ့ပါတယ်။

ကျွန်တော်တို့ ပင်မ ကျောင်းကို ရောက်ဖို့ မြို့ပေါ်ကနေပြီးသွားရင် အကြာဆုံးတစ်နာရီခွဲလောက်ကြာတယ်။ လမ်းမှာလည်း စစ်ဆေးရေးဘာတွေရှိတော့ ကြာပါတယ်။ ဆိုင်ကယ် ကယ်ရီခ က ခုဆို ရှစ်သောင်းကနေပြီး တစ်သိန်းကြားရှိတယ်။ ကူညီပေးတဲ့ဆိုင်ကယ်သမားတွေလည်းရှိကြပါတယ်။ ဒါပေမဲ့ ဆီစျေးတွေက အစ တတ်နေတယ်ဆိုတော့ သူတို့လည်း အမြဲကူညီမပေးနိုင်ဘူးလေ လူတိုင်းရဲ့ဝမ်းရေးကလည်းရှိနေတာပါပဲ။ 

တိုက်ပွဲတွေဖြစ်ပွားနေပြီဆိုရင်တော့ စာသင်တာကိုရပ်ပြီး အမြဲ ဗုံးခိုကျင်းတို့ ဘာတို့ ပြေးလွှားရပါသေးတယ်။ စာသင်ရမဲ့ အရွယ် သူငယ်ချင်းတွေနဲ့ဆော့ရမဲ့အရွယ် ပျော်ရွှင်နေရမဲ့အရွယ်မှာ ဘာသာအသီးသီးက ကလေးတွေက မိမိယုံကြည်ရာ ဘာသာတရားကို ရှိခိုးပြီး ဗုံးခိုနေရတာပါ။ တချိူ့သားငယ် သမီးငယ်တွေရဲ့ မိဘတွေကလည်း ပျောက်နေတဲ့အပြင် တစ်ချိူ့ဆိုရင် မိဘတွေ သေဆုံးခဲ့ရတာတွေကို မျက်စိနဲ့ မြင်ခဲ့ရတာပါ။ တော်လှန်ရေးပြီးရင်တော့ ကျွန်တော့်ကလေးတွေအကုန်ကို စိတ်ကျန်းမာရေး လူကျန်းမာရေးအတွက် ဒီထက်ပိုပြီးပြုစုပျိူးထောင်ချင်ပါတယ်။ 

အခုဆိုရင် ကလေးတွေဟာ စစ်ဘေးဒဏ်တွေတင်မကပါဘူး။ ဆေးဝါးတွေရဲ့စျေးကြီးမှုဒဏ်တွေအပြင် သဘာဝတရားရဲ့ ရေကြီးရေလျှံမှုဒဏ်တွေလည်း ခံနေရပါတယ်။ လုံခြုံစိတ်ချမှုမရှိတဲ့ တောထဲ တောင်ထဲမှာ ကလေးငယ်တွေ ကျောင်းအသွားအပြန်လုပ်ရတာက ခြေထောက်နဲ့ပါပဲ။ ရုတ်တရက်တောင်ကျချောင်းရေကျလာခဲ့ရင် ကလေးငယ်တွေရေနဲ့မြောပါသွားနိုင်ဖို့ က တော်တော်ကိုများပါတယ်။  အခုဆိုရင်လည်း တံတားကြီးရွာ ၊ အလယ်ကျွန်းရွာတွေမှာ ရေကြီးရေလျှံမှုလည်းဖြစ်ပွားနေတာကြောင့် ကျွန်တော်တို့ တခြားကျောင်းခွဲ သုံးခုကို အလှုငွေ သွားရောက်ပေးအပ်ဖို့ အခြေအနေမပေးသေးပါဘူး။

သုညဖယ်ဒရယ်ကျောင်းများအပြင် စစ်ရှောင်ဒေသတိုက်ပွဲဖြစ်နေတဲ့ရွာတွေမှာ မူလတန်း(၄) ကျောင်းနဲ့ အလယ်တန်း(၂) ကျောင်း ဖွင့်ထားပါတယ်။ ဒါပေမဲ့ စာရေးကိရိယာတွေဖြစ်တဲ့ ခဲတံ၊ ဘောပင်၊ စာအုပ် စတဲ့အခြေခံပစ္စည်းတွေက အစ အလုံအလောက်မရှိတဲ့ပြဿနာဖြစ်နေပါတယ်။ ဒီလ ကုန်ရင်တော့ အဲ့ဒါတွေလှုနိုင်အောင်ကြိုးစားနေပါတယ်။ ကျောင်းသားအရည်အတွက်ကတော့ မူလတန်းကျောင်းသားများက တစ်ကျောင်းကို  ၂၀ - ၃၀ ကြားမှာရှိပါတယ်။ အလယ်တန်းကျောင်းသားများကတော့ ၅၀ - ၆၀ ကြားမှာရှိပါတယ်။  ဒီကျောင်းကို မြန်မာငွေကျပ် သုံးသိန်း လောက်လှုချင်ပါတယ်။ မဖြစ်မနေလိုအပ်နေတဲ့ပစ္စည်းတွေကလည်း အခုဆိုရင် ငွေကြေးဖောင်းပွမှုကြောင့် စျေးတွေကလည်း နှစ်ဆ သုံးဆ တတ်နေပါပြီ။

Shwe Lan Ga LayComment