အပိုင်း(၁၀၂): အသိတရား၏ ဆော်ဩသံ
ကျွန်တော်တို့ အခုမျက်မြင်ကြုံတွေ့နေရတာတွေနဲ့ အလားတူ တချိန်က မြန်မာပြည်မှ ဖိနှိပ်မှု၊ တော်လှန်ရေးသံသရာထဲ မသီတာ ဖြတ်သန်းခဲ့ပါတယ်။ သူမရဲ့ဘဝခရီးလမ်းတလျှောက် တက္ကသိုလ်ကျောင်းမှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) တည်ထောင်ချိန်၊ အင်းစိန်ထောင် အကျဉ်းခန်းတွင်းအမှောင်ကမ္ဘာကနေ ဘဝလွတ်မြောက်ရေးလမ်းကို ရှာဖွေတွေ့ရှိခဲ့တဲ့အထိ ဇာတ်ကြောင်းစုံကို သူမရဲ့စာအုပ် Prisoner of Conscience ထဲက အသေးစိတ်အချက်အလက်တွေအရ သိနိုင်ပါတယ်။
BBC နားထောင်ရင်းကြီးပြင်းခဲ့တဲ့ စာကြမ်းပိုးတယောက်။ ပရဟိတသမားတွေနဲ့ တော်လှန်ရေးအတွက်တိုက်ပွဲဝင်သူတွေရဲ့ဇာတ်ကြောင်းတွေကို စိတ်ဝင်စားတဲ့သူမက ဆေးကျောင်းတက်နေရင်း ဝတ္ထုလည်း ရေးသားပါတယ်။ အဲ့နောက် ၁၉၈၈ ရန်ကုန်နည်းပညာတက္ကသိုလ်အနီး စစ်တပ်က သပိတ်မှောက် ဆန္ဒပြသူတွေကို အကြမ်းဖက်ဖြိုခွင်းခဲ့ပါတယ်။ "စစ်တပ်က ကျောင်းသားတွေကို လွယ်လွယ်လေး သတ်ပစ်နိုင်တာကို တွေ့ခဲ့ရတဲ့ ဆေးကျောင်းသားတွေအားလုံး အံ့ဩတုန်လှုပ်မိပါတယ်" တချို့စစ်သားတွေက ရန်ကုန်ဆေးရုံကြီးရှိ လူနာတွေကို ရမ်းသမ်းပစ်ခတ်ခဲ့ပါတယ်လို့ ပြန်ပြောပြပါတယ်။ အဲ့ဒါကြောင့် ကျောင်းသားအဖွဲ့တဖွဲ့မှာပါဝင်ပြီး နောက်ပိုင်း ဆန္ဒပြပွဲတွေမှာ ပါဝင်ခဲ့ကာ အပြင်မှာ တကယ်ဖြစ်ပျက်နေတဲ့ သတင်းအချက်အလက်များ မှန်ကန်ဖို့ စတင်ကူညီခဲ့ပါတယ်။
သပိတ်မှောက်ဆန္ဒပြပွဲတွေ ပြင်းထန်လာတာနဲ့အမျှ ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူများကြား ကွန်ရက်များအလွန်ကျစ်လစ်လာပြီး ဆူပူမှုနောက်ပိုင်း ပေါ်ပေါက်လာတဲ့ နယ်မြေခံ NLD ရုံးတွေမှာ မသီတာ စေတနာ့ဝန်ထမ်းအဖြစ် ထမ်းဆောင်ခဲ့ပါတယ်။ အရင်းအနှီးနည်းပါးလွန်းလို့ ရုံးခန်းပြင်ဆင်စားရိတ် မတတ်နိုင်တဲ့အပြင် လုပ်ခလစာမဲ့ပြီး အတောမသတ်တဲ့ အလုပ်လည်းဖြစ်ပါတယ်။ တချိန်တည်းမှာ ပြည်တွင်းက အဖြစ်အပျက်တွေရဲ့ သမိုင်းကြောင်းအရ အရေးပါမှုကို သဘောပေါက်တဲ့အတွက် အချက်အလက်များကို အသေးစိတ်အားဖြင့် ဂျာနယ်စတင်ဖြည့်သွင်းရေးသားခြင်း၊ နေ့စဉ်အဖြစ်အပျက်များ၊ မိန့်ခွန်းများ၊ အစည်းအဝေးများနဲ့ အလုပ်တာဝန်များကိုလည်း မှတ်တမ်းတင်ခဲ့ပါတယ်။ ဆိုဗီယက်ယူနီယံ ပြိုကွဲမှုနဲ့အတူ နိုင်ငံတကာမှာ သိသာထင်ရှားတဲ့အပြောင်းအလဲတွေနဲ့ ရင်ဘောင်တန်းပြီး ဗမာပြည်သူတွေ မကြာခင်ကာလမှာ အလားတူ လွတ်လပ်မှုမျိုးနဲ့ ရွှင်မြူးနိုင်လိမ့်မယ်လို့ သူမ မျှော်လင့်ခဲ့ပါတယ်။
ဒါပေမဲ့ သူမမျှော်လင့်သလို ဖြစ်မလာခဲ့ပါဘူး။ ၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို စစ်တပ်က အသိမှတ်မပြုခဲ့တဲ့အခါ ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူတွေ အလွန်အမင်းဒေါသထွက်ခဲ့ကြတယ်။ ၁၉၉၃မှာ ဖွဲ့စည်းပုံအခြေခံဥပဒေအသစ် မူကြမ်းရေးဆွဲဖို့ စစ်တပ်ဟန်လုပ်ညီလာခံတခု ပေါ်လာပါတယ်၊ တကယ်တမ်းက စစ်မှန်တဲ့ ဒီမိုကရေစီကို နှောင့်နှေးစေတဲ့ မျက်နှာစာအဖြစ်သာ ကျင်းပမယ့် အမျိုးသားညီလာခံကို ဆန့်ကျင်ဖို့ စည်းရုံးလှုပ်ဆော်ခဲ့ပါတယ်။ မေရီလန်းအခြေစိုက် ပြည်ပြေးဗမာခေါင်းဆောင်များနဲ့ ဖွဲ့စည်းထားတဲ့ အမျိုးသားညွန့်ပေါင်းအစိုးရက ပြင်ဆင်ထုတ်ပြန်တဲ့စာတမ်းကို လက်ဆင့်ကမ်း ဖတ်ကြားပေးရုံမျှနဲ့ သူမ အဖမ်းဆီးခံခဲ့ရပါတယ်။ တိုင်းရင်းသားခေါင်းဆောင်များက ညီလာခံကို ဆန့်ကျင်ကြဖို့ မသီတာရဲ့စည်းရုံးနိုင်စွမ်းအပေါ် စစ်တပ်ရဲ့ တကယ့်စိုးရိမ်မှုအတိုင်းအတာက မသီတာထင်တဲ့အတိုင်း ပြစ်မှုအတွက် ထောင်ဒဏ်အနှစ် ၂၀ ကျခံစေတဲ့အထိ ပြင်းထန်ခဲ့ပါတယ်။
အကျဉ်းသားဘဝက နေသားကျဖို့မလွယ်ခဲ့ပါဘူး။ အကျဉ်းထောင်ယဉ်ကျေးမှုမှာ ထောင်မှုးတွေနဲ့ အကျဉ်းသားတွေရဲ့ဘဝက "ကြမ်းတမ်း"ပြီး "ခက်ခဲ"တယ်ဆိုတာ သိခဲ့တယ်။ ဒါပေမဲ့လည်း အချိန်ကြာလာတာနဲ့အမျှ နားလည်သဘောပေါက်လာပြီး သူတို့နဲ့ ခင်မင်ရင်းနှီးလာကာ ကလေးဆေးရုံကြီးမှရေထဲကို အဆိပ်ခတ်ခဲ့တဲ့ အငှားလူမိုက်ကို ခေါင်းဖြတ်သတ်ခဲ့သူလို့ စွပ်စွဲခံထားရတဲ့ အကျဉ်းသားတဦးနဲ့ အရင်းနှီးဆုံးဆက်ဆံရေးကိုတောင် တည်ဆောက်နိုင်ခဲ့ပါတယ်။
တိတ်တဆိတ်မှာယူထားတဲ့ စာအုပ်တွေကို စောင်ခြုံအောက်မှာ လျှို့လျှို့ဝှက်ဝှက် ဖတ်ရတာ လက်ရှိအခြေအနေမှ စိတ်သက်သာရာရတာကြောင့် "ဒါကြောင့် တညလုံး ဆောင့်ကြောင့်ထိုင်ပြီး ကျမ စာဖတ်ခဲ့တယ်"လို့ ပြောပြပါတယ်။ "ကျမကို ခွန်အားအများကြီးပေးတယ်။ ဘာကြောင့်လဲဆိုတော့ ကျမရဲ့ဆာလောင်မွတ်သိပ်မှုက အစာစားပြီး အသက်ရှင်ဖို့တင် မကသေးဘဲ ဉာဏ်ရည်ဉာဏ်စွမ်းအတွက်လည်း ဟုတ်ပါတယ်။ အဲ့ဒါမရှိဘဲ ကျမ မရှင်သန်နိုင်ဘူး၊ ဒါကြောင့်စာအုပ်တွေက ကျမအတွက် အားဆေးတခွက်လိုပါပဲ။"
အဲ့ဒီအချိန်က သူမအကြောင်းကို မသိခဲ့ကြသေးပေမဲ့ REM အဖွဲ့ရဲ့ ခေါင်းဆောင်အဆိုတော် Michael Stripe၊ သမ္မတ Bill Clintonရဲ့ နိုင်ငံခြားရေးရာအထူးကိုယ်စားလှယ် Bill Richardson တို့က သူမကို တွေ့ရဖို့ ဗမာအာဏာပိုင်တွေနဲ့တောင် ညှိနှိုင်းခဲ့ရလောက်တဲ့အထိ သူမရဲ့ဖမ်းဆီးခံရမှုက စိတ်ဝင်စားအာရုံထားခံရတဲ့ အမှုတခုအဖြစ် ပြောင်းလဲခဲ့ပါတယ်။ သူမရဲ့အမှုကို ၁၉၉၅ခုနှစ် ဘေဂျင်းမှာ ကုလသမဂ္ဂမှ ကျင်းပပြုလုပ်တဲ့ Fourth World Conference on Women မှာလည်း ဖော်ပြဆွေးနွေးခဲ့ကြပါတယ်။ ဒီပံ့ပိုးမှုအားလုံးဟာ သူမအတွက် အလွန်အကျိုးကျေးဇူးများပါတယ်။ ဘာကြောင့်လဲဆိုတော့ "ကျမတို့ အကျဉ်းထောင်မှာ နေရတဲ့ရက်တွေက အဓိပ္ပါယ်မဲ့ မဟုတ်ဘူး၊ ဒါက စစ်တပ်ရဲ့ မတရားမှုကို အခိုင်အမာ သက်သေပြနေတာ"တဲ့။
ဒါပေမဲ့လည်း အချိန်ကြာလာတာနဲ့အမျှ တိတ်တဆိတ် မှာယူဖတ်ရှုနေကျ စာအုပ်တွေနဲ့တင် စိတ်အားတင်းဖို့ မလုံလောက်တာကြောင့် တရားအားထုတ်ဖို့ ဦးလှည့်လာခဲ့ပါတယ်။ ဗုဒ္ဓဘာသာဝင်မိသားစုမှ ကြီးပြင်းလာခဲ့တဲ့အလျောက် ပါဠိစာပေမှတဆင့် သဒ္ဓါတရားအစပျိုးခဲ့ပြီး သုတ္တန်ဒေသနာတော်တွေကို ဂရုတစိုက်လေ့လာဖတ်ရှုရင်း စာပေအပေါ် ချစ်မြတ်နိုးမှု ကြီးထွားလာခဲ့ပါတယ်။ Richardsonနဲ့ တွေ့ဆုံတဲ့အခါမှာ ဗုဒ္ဓစာပေများကို ခွင့်ပြုပေးဖို့ တောင်းဆိုခဲ့ပြီး အဲ့ဒီမှတဆင့် တရားအားထုတ်ဖို့ နည်းလမ်း ကြံစည်ခဲ့ပါတယ်။ သူမရဲ့အကျဉ်းခန်းကိုလည်း တရားအားထုတ်ခန်းအသွင်မှတ်ယူပြီး အကျဉ်းသားတွေနဲ့ အစောင့်တွေကို တနေ့ကို နာရီ ၂၀ အပြင်းအထန် တရားအားထုတ်မယ်လို့ အသိပေးထားခဲ့ပါတယ်။ အကျဉ်းသားအများစုက အကြောင်းအမျိုးမျိုးကြောင့် သူမရည်ရွယ်ချက်ကို သံသယဝင်ပြီး တရားအားထုတ်တဲ့ သူမကိုစကားပြောဆိုနေပေမဲ့ တဖက်မှာတော့ သူမစိတ်ထားကို ဖတ်ရှူမိတဲ့ စာဖတ်သူများက အင်မတန်လေးစားကြပါတယ်။ အဲ့ဒီအချိန်မှာ မသီတာအတွက် အဓိပ္ပါယ်ရှိတဲ့ တခုတည်းသော ရွေးချယ်မှုသာ ဖြစ်ပါတယ်။
"ကောင်းပြီ၊ ကျမယုံကြည်တဲ့ လွတ်မြောက်ရေးဆိုတာ ရွေးချယ်မှုပဲ၊ အခွင့်အလမ်းမဟုတ်ဘူး။ ဒါကြောင့်မို့ အချိန်တိုင်းနီးပါး ကျမစဉ်းစားတယ်။ 'ကောင်းပါပြီ၊ အကျဉ်းသားတယောက်အနေနဲ့ ငါဘာလုပ်နိုင်မလဲ' ဆိုပြီး။ ကျမ ကိုယ့်ကိုယ်ကိုယ် လွတ်လပ်ခွင့်ပေးဖို့လိုနေပြီလို့ ခံစားမိခဲ့တယ်။ အကျဉ်းထောင်ထဲမှာ ကျမဘာလုပ်နိုင်မလဲ? ကိုယ့်ကိုယ်ကိုယ် ထပ်ထပ်မေးနေတယ်၊ ကျမတွေးခဲ့တာ 'ဟုတ်ပါပြီ၊ မြတ်စွာဘုရားရဲ့ တရားဓမ္မ အဆုံးအမမှာ လွတ်မြောက်ခြင်းကို အာမခံတယ်။ ကိုယ်ကကြိုးစားအားထုတ်မှသာ လွတ်မြောက်မှုကို အာမခံပါတယ်။ သံသရာက လွတ်မြောက်ဖို့ဆိုတာ အကျဉ်းထောင်မှာ လွတ်မြောက်ဖို့ထက် သာပြီး ခက်ခဲလွန်းပါတယ်၊ ဘာကြောင့်လဲဆိုတော့ ကျမ နောင်အနှစ် ၂၀မှာ ထောင်လွတ်ပြီဆိုရင်တောင် သံသရာကနေ ကျမမလွတ်နိုင်သေးဘူး! သံသရာက လွတ်မြောက်ဖို့အတွက် ကျမတရားအားထုတ်ဖို့လိုတယ်၊ ကျမရဲ့ခန္ဓာကိုယ်နဲ့ စိတ်ကို ကြည့်ရှူဖို့လိုတယ်၊ ထောင်ထဲမှာ ကျမတခြားဘာမှ မလိုတော့ဘူး"
မဟာစည်နဲ့ မိုးကုတ်နည်းနာတွေကို လိုက်နာအားထုတ်ခဲ့ပြီး ချမ်းမြေ့ရိပ်သာဆရာတော် ဦးဇနကထံ မေးခွန်းများရှိတဲ့အခါ မှတ်စုများနှင့် စာအဆက်အသွယ်ဖြင့် ဆက်လက်အားထုတ်ခဲ့ပါတယ်။ မဟာသတိပဋ္ဌာန်သုတ္တန်ကို အသေးစိတ်ဖတ်ရှုခဲ့ပြီး စိတ်ကိုစောင့်ကြည့်ခြင်း သို့မဟုတ် စိတ္တာနုပဿနာကို ရွေးချယ်အားထုတ်ခဲ့ပါတယ်။ "ဗဟုသုတပညာကို မလေ့ကျင့်ဘဲ ဉာဏ်ပညာဆိုတာ ဖြစ်မလာနိုင်ဘူး၊ ဒါက အခြေခံပဲ။ တရားအားထုတ်ခြင်းက ကျမတို့ရဲ့ဗဟုသုတပညာကို ဉာဏ်ပညာအဖြစ် ပြောင်းလဲစေနိုင်တယ်လို့ ကျမထင်ပါတယ်။ ဒါကြောင့်မို့ မဟာစည်နည်းမှာလည်း ခန္ဓာကိုယ်နဲ့စိတ်မှာ သတိကပ်ထားဖို့ ပိုပြီး အားထုတ်ကျင့်ကြံရပါတယ်။"
အထူးသဖြင့် အကျဉ်းထဲမှာ ကြုံရသမျှ ပမာဏအားဖြင့်နည်းပါးမှုမရှိတဲ့ ဒုက္ခအတွေ့အကြုံတွေအပေါ်မှာ တရားအားထုတ်ပါတယ်။ အကျိုးကျေးဇူးလည်း ကြီးမားခဲ့ပါတယ်။ "ဒီအတွေ့အကြုံက ကျမကို လောကဓံအကောင်းအဆိုးတွေကြား လွယ်လွယ်ကူကူ လျစ်လျူရှုတတ်အောင် သင်ပေးလိုက်တယ်၊ ဘာကြောင့်လဲဆိုတော့ အရာအားလုံးက မမြဲဘူးလို့ ကျမသိတယ်။ ဒီလိုမမြဲတဲ့အရာ၊ သဘာဝကြောင့် ကျမတို့ ရင်ဆိုင်ရသမျှအားလုံးဟာ ဒုက္ခပါပဲ။"
ဒီမျှတမှုမရှိ အကျင့်ပျက်ခြစား ယန္တရားထဲမှာ လည်ပတ်နေရသူတွေမှာလည်း လွတ်လပ်မှုအကန့်အသတ်နဲ့ ဆက်လက်ရပ်တည်နေရတယ်ဆိုတာလည်း မသီတာ စပြီးနားလည်လာခဲ့တယ်။ "တကယ်လို့ မှန်ကန်တဲ့အသိ မရှိဘူးဆိုရင်ဒါမှမဟုတ် (မဂ္ဂင်ရှစ်ပါး)ကို နားမလည်တဲ့ လူ့အသိုင်းအဝိုင်းတခုလုံးနီးပါ အကျင့်ပျက်နေပါပြီ။ ပြဿနာရဲ့အရင်းအမြစ်ကို မှန်မှန်ကန်ကန် နားမလည်တဲ့အခါ လူတွေမှာ အဲ့ဒီပြဿနာအပေါ် အလိုက်သင့်တုန့်ပြန်မှု များစွာ ရှိနေပါတယ်။ တရားအားထုတ်ခြင်းကြောင့် ပြဿနာရဲ့ဇစ်မြစ်ကို ကျမ နားလည်လာတယ်။"
ဒီနေရာမှာ ဆန့်ကျင်ဘက်ကိစ္စကြီး တခုရှိပါသေးတယ်- စင်ကြယ်တဲ့ ဝိပဿနာဉာဏ်စဉ်လမ်းကြောင်းကို ကျကျနန သင်ကြားပေးနိုင်ပြီး ကမ္ဘာတဝှမ်းလုံးကို ဖြန့်ဖြူးပို့ချနေတဲ့ တိုင်းပြည်တခုက ဆယ်စုနှစ်များကြာအောင် အလွန်ဆိုးရွားလှတဲ့ အကျင့်ပျက်ချစားတဲ့စနစ်ကိုလည်း ဖန်တီးထားပါသေးတယ်။ အဲ့ဒီအတွက် မသီတာက ပိုင်းခြားဝေဖန်တွေးခေါ်မှုထက် အလွတ်ကျက်မှတ်မှုကို ပိုပြီးအခြေခံထားတဲ့ ဘုန်းတော်ကြီးသင်ပညာရေးကို အတိုင်းအတာတခုအထိ ဝေဖန်ထားပါတယ်။ စာသင်ခန်းတွေနဲ့ ပို့ချချက်တွေမှာ ဗမာဘာသာစကားထက် အများသောအားဖြင့် ပါဠိဘာသာဖြစ်တဲ့အတွက် လူအများနားလည်ဖို့ မလွယ်ပါဘူး။ သူမအမြင်မှာ ဒါတွေက ပတိဝေဓ ဒါမှမဟုတ် တဦးတယောက်ရဲ့ အပြုအမူကို ပြောင်းလဲသွားစေနိုင်လောက်တဲ့ ဉာဏ်ပညာထူးတွေနဲ့ အလှမ်းဝေးနေပါတယ်။ မိရိုးဖလာ ဗုဒ္ဓဘာသာဝင်တွေက သံသရာမှ လွတ်မြောက်ဖို့အရေးထက် သက်တောင့်သက်သာရှိတဲ့ ကောင်းမွန်တဲ့ဘဝမှာပဲ နေချင်ကြတယ်။ "မြတ်စွာဘုရားရှင်ရဲ့ အဆုံးအမတော်ဖြစ်တဲ့ တရားဓမ္မရဲ့ စစ်မှန်တဲ့ရည်ရွယ်ချက်က သံသရာကို ရင်ဆိုင်ဖို့ ဖြစ်ပေမဲ့ လူတွေက သူတို့ရဲ့ဗဟုသုတအတိုအထွာနဲ့ သူတို့အလိုအတိုင်း ခဏတဖြုတ်လောက် လိုက်နာကျင့်သုံးကြတယ်။"
ငါးနှစ်ခွဲကြာ အပြစ်ကျခံစေပြီးနောက် မသီတာရဲ့ထောင်ဒဏ်ကို လျှော့ပေါ့ပေးခဲ့ပြီး ၁၉၉၉မှာ ပြန်လည်လွတ်မြောက်ခဲ့ပါတယ်။ ရှေ့လျှောက်နိုင်ငံရေးမှာ မပါဝင်တော့ဘဲ ဆေးပညာနဲ့ စာပေမှာ လေ့လာဆည်းပူးခဲ့ပေမဲ့ လွန်ခဲ့သော ဆယ်နှစ်အတွင်းက အရေးပါတဲ့ အဖြစ်အပျက်တွေကို သေသေချာချာ လေ့လာခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျော်ကြားလာတဲ့ကာလမှာ သူမရဲ့အနီးကပ်ပုဂ္ဂိုလ်တဦးအနေနဲ့ မိမိရဲ့အသက်မွေးဝမ်းကြောင်းဆိုင်ရာ အလုပ်ကိုလည်း လုပ်ကိုင်ခဲ့ပါတယ်။
ဒါပေမဲ့လည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြယုဂ်တခုအနေနဲ့ ရပ်တည်နေခြင်းက ခေါင်းဆောင်တဦးအနေဖြင့် ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုက မျက်ကန်းယုံကြည်မှုမျိုးအထိဖြစ်လာမှာ စိုးရိမ်တဲ့အကြောင်း ပြောပြပါတယ်။ "သူမ ဘယ်လိုပဲ ဆုံးဖြတ်ပါစေ၊ ဘာပဲ စတင်လုပ်ဆောင်ပါစေ၊ ဘာတွေပဲ လိုချင်နေပါစေ လူ့အဖွဲ့အစည်းတခုလုံးက ထောက်ခံတဲ့ တုန့်ပြန်မှုကိုရလိမ့်မယ်"လို့ ပြောပါတယ်။ ထပ်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်က တပ်မတော်ကို ဘယ်တုန်းကမှ အပြည့်အဝ နားမလည်ခဲ့ဘူးလို့ မသီတာခံစားရပြီး အတွင်းပိုင်းမှာ ပြောင်းလဲဖို့အတွက် လေးနက်တဲ့ ဆင်ခြင်မှုကင်းမဲ့တဲ့ အကောင်းမြင်စိတ်တွေ ရှိနေခဲ့ပါတယ်။ "သူမက သူမရဲ့စည်းရုံးနိုင်စွမ်းနဲ့ ပတ်သက်လို့ အပြည့်အဝ ယုံကြည်မှုရှိနေခဲ့တယ်။ အဲ့ဒါမှားယွင်းကြောင်း အာဏာသိမ်းမှုက သက်သေထူနေပါတယ်"လို့ မသီတာက စိတ်မကောင်းစွာ ပြောပြပါတယ်။
တိုင်းပြည်အတွက် အမှန်တကယ်လိုအပ်နေတဲ့ အများဆန္ဒနဲ့တည်ထောင်တဲ့ "ဗဟိုအုပ်ချုပ်မှုကင်းတဲ့ စုပေါင်းခေါင်းဆောင်မှု"ထက် ဗမာ့သမိုင်း အစဉ်အလာက ပုဂ္ဂိုလ်တဦးတည်းကသာ ခေါင်းဆောင်တဲ့ပုံစံအတိုင်း ဖြစ်လာတဲ့အကြောင်း ဒေါ်အောင်ဆန်းစုကြည်အပေါ် နောက်ထပ်စွဲချက်တခု ဖြစ်ပါသေးတယ်။ ဗမာ့သမိုင်းမှာ ဗြိတိသျှကိုလိုနီ အုပ်ချုပ်မှုမတိုင်ခင်ကာလနဲ့ တော်ဝင်နန်းတွင်းဘုရင်များ လက်ထက်ကို နှိုင်းယှဉ်တဲ့အခါ သူမက "ကျမတို့ရဲ့ တကယ့်ပြဿနာက... ဘယ်လိုလူ့အဖွဲ့အစည်းမျိုးကို တကယ်လိုချင်သလဲ၊ တည်ဆောက်ချင်သလဲဆိုတာနဲ့ ပြည်ထောင်စုအကြောင်း ဆွေးနွေးဖို့ တစ်ခါမှ အခွင့်မသာခဲ့ဘူး"
အခုတဖန် မသီတာရဲ့စာအုပ်ကို ကျယ်ကျယ်ပြန့်ပြန့် ပြန်လည်ဖတ်ရှူနေကြပါတယ်။ တက်ကြွလှုပ်ရှားသူ ဗမာလူငယ်များက သူတို့တွေဘယ်တုန်းကမှ ထင်မထားဖူးတဲ့ ဆိုးရွားတဲ့ကာလအပိုင်းအခြားမှာ ရှေ့ဆက်ရမယ့် ခရီးလမ်းကို ကောင်းကောင်းနားလည်ဖို့ သူမစာအုပ်ကို ဖတ်ရှူနေကြပါပြီ။ ဒါပေမဲ့ မသီတာက အခုမျိုးဆက်သစ်တွေက ၁၉၈၈ထက် အတိုင်းအတာအခုထိ ပိုပြီးသိတတ်ရုံမက မြန်မြန်လေ့လာနိုင်တာကို သဘောကျကြောင်းပြောပါတယ်။ တချိန်တည်းမှာတော့ ဗမာစစ်တပ်က တရက်လေးတောင်မှ မတိုးတက် မပြောင်းလဲတာကိုလည်း သူမမြင်တွေ့နေရပါတယ်။
"အခုဆိုရင် တရားမျှတမှုဆိုတာ ဘာလဲ၊ လူ့အခွင့်အရေးတွေဆိုတာ ဘာလဲ၊ ဒီမိုကရေစီဆိုတာဘာလဲ၊ ဖက်ဒရယ်စနစ်ကဘာလဲဆိုတာ ကျမတို့ နားလည်နိုင်စွမ်းရှိလာပါပြီ။ လိုအပ်တဲ့ ဗဟုသုတ၊ စိတ်သဘောထား၊ အပြုအမူတွေနဲ့ ကျမတို့ ကိုယ့်ကိုယ်ကိုယ် တန်ဆာဆင်ထားပေမဲ့ တပ်မတော်က ဘာမှ လုပ်ဆောင်မနေဘူးလေ! သူတို့က နိုင်ငံတော်ဘဏ္ဍာ ဖြုန်းတီးတယ်၊ လူ့သားအရင်းအမြစ်ကို ဖြုန်းတီးနေကြပြီး ဘာသာရေးနဲ့ လူမျိုးရေးကို လက်နက်လို သူတို့အသုံးချနေတယ်။"
လက်ရှိ ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူ မျိုးဆက်သစ်တွေအတွက် မသီတာက အကြံဉာဏ်တွေ မျှဝေထားပါတယ်။ ပထမဆုံးနဲ့ အရေးကြီးဆုံးက "လူကို အာရုံထားခြင်းမျိုးမဟုတ်ဘဲ မူကို အာရုံစိုက်ဖို့... အနိုင်ရဖို့အတွက် လျှို့ဝှက်ချက်က ဥပဒေမူကို အလေးထားပြီး ကိုယ်ကိုယ်တိုင်နဲ့ ပုဂ္ဂိုလ်တဦးတယောက်သာမဟုတ်ဘဲ အများပြည်သူဆန္ဒကို မျက်ခြေမပြတ် စောင့်ကြည့်ဖို့ ဖြစ်ပါတယ်။ ဒီလိုမှလည်း ပြဿနာကို လွယ်လွယ်ကူကူ ဖြေရှင်းနိုင်လိမ့်မယ်။ ကိုယ်ချင်းစာတရားက အရေးကြီးပါတယ်။ လူ့အဖွဲ့အစည်းကို နားလည်ဖို့ ကိုယ့်ရဲ့ကိုယ်ချင်းစာတရားကို အသုံးချပါ။ တခြားသူတွေရဲ့ လိုအပ်ချက်တွေ ဖြည့်ဆည်းပေးရင်း ကိုယ့်လိုအပ်ချက်တွေ ပြည့်လာမှာပါ။"