အပိုင်း (၈၀): မကွေးဖြစ်စဉ်


"ရိုးရိုးသားသားပြောရရင် ကျမ ထိတ်လန့်သွားတယ်"လို့ မေက ပြောတယ်။ "အခု ကျမ စိတ်ဒဏ်ရာတွေ ရနေပြီ။ ကောင်လေးက အရမ်းငယ်သေးတယ်။ ကျမမောင်လေးနဲ့မှ ရွယ်တူလေး။ သူ့မှာ အိပ်မက်တွေအများကြီးနဲ့။ နည်းပညာတက္ကသိုလ်မှာ အငယ်တန်းကျောင်းသားလေး။ သူက ကျွမ်းကျင်အင်ဂျင်နီယာတယောက် ဖြစ်ချင်ခဲ့တာ။ အခုလက်ကို ဖြတ်ပစ်လိုက်ရတာ တကယ် ဝမ်းနည်းစရာကောင်းတယ်။ အင်ဂျင်နီယာဖြစ်ဖို့ အခွင့်အလမ်းမရှိတော့ဘူး။ တကယ်ဝမ်းနည်းစရာကောင်းတယ်၊ ကျမတို့ရဲ့လူငယ်တွေမှာ အိပ်မက်တွေ အများကြီးရှိတာ။ ဒါပေမဲ့ အာဏာသိမ်းပြီးနောက်ပိုင်း သူတို့လေးတွေရဲ့အိပ်မက်တွေအကုန် ပျက်စီးသွားခဲ့ပြီ။"

အပြစ်မဲ့ပြည်သူတဦးကို စစ်သားတွေ ဝိုင်းပြီးတိုက်ခိုက်တာ မျက်မြင်ကိုယ်တွေ့ ကြုံခဲ့ရတဲ့အကြောင်းကို မျှဝေလာတဲ့ မေနဲ့ ဆွေးနွေးခန်းမှာ ကြေကွဲနာကျည်းစရာတွေနဲ့ စခဲ့ကြတယ်။ အရေးပေါ် အထူးကြပ်မတ်ကုသမှုလိုအပ်နေသူမှာ ဆေးကုသခွင့်ကို ငြင်းပယ်ခံရရုံမက၊ ခိုင်လုံတဲ့အကြောင်းပြချက်မရှိပဲ မတရားကျုးလွန်မှု အကြောင်းပြစွပ်စွဲပြီး ထောင်ဒဏ်ချမှတ်ခံရပါတယ်။ မေက တော်လှန်ရေးလမ်းကြောင်းပေါ်က သူမကိုယ်ပိုင်ဆုံးဖြတ်ချက်အကြောင်းကို ဖွင့်ဟလာခဲ့ပြီး မြန်မာပြည်အလယ်ပိုင်း မကွေးဒေသမှာ အာဏာသိမ်းပြီးနောက်ပိုင်း ဘယ်လိုလှုပ်ရှားရုန်းကန်နေရလဲဆိုတာ ပြောပြထားပါတယ်။

ဝင်ငွေနည်းပါးတဲ့မိသားစုမှာ ကြီးပြင်းခဲ့တဲ့သူမ။ ဖခင်မှာအလုပ်ကြိုးစားတဲ့ နိုင်ငံ့ဝန်ထမ်း၊ ဝန်ထမ်းလစာကို အိမ်ထောင်တခုလုံးက မှီခိုပါတယ်။ မေက ပညာရေးအလုပ်ကို ဇောက်ချလုပ်ခဲ့ပြီး နယူးဇီလန် Auckland တက္ကသိုလ်မှ Public Policy ကိုလေ့လာဖို့ ပညာသင်ဆုရရှိခဲ့ပါတယ်။ မြန်မာပြည်ကို စာတမ်းပြုစုဖို့ ပြန်လာခဲ့တဲ့အချိန်မှာပဲ အာဏာသိမ်းမှု ဖြစ်ပွားခဲ့ပါတယ်။ တခြားသူလိုပဲ အံ့အားသင့်ခဲ့ပြီး အစပိုင်းမှာ ဘာလုပ်ရမယ် မသိဖြစ်ခဲ့ပေမဲ့ နောက်ပိုင်းမှာ ရန်ပုံငွေရှာဖွေရေးမှာ စွမ်းဆောင်နိုင်တဲ့အတွက် အဲ့ဒါကို လုပ်ဆောင်ဖို့ ကိုယ့်ကိုယ်ကိုယ် တွန်းအားပေးခဲ့ပါတယ်။

သူမလို တက်ကြွလှုပ်ရှားသူ Gen Z အများစုက လက်ရှိ ဒီမိုကရေစီ လှုပ်ရှားမှုကာလမှာ အထူးခြားဆုံးသော သတ္တိနဲ့ အနစ်နာခံမှုတွေကို ပြသခဲ့ကြပါတယ်။ စစ်တပ်ရဲ့ ကြမ်းကြုတ်မှုကို ကောင်းကောင်းသိထားတဲ့ ၁၉၈၈ နဲ့ ၂၀၀၇ ကိုဖြတ်သန်းခဲ့ရတဲ့ မျိုးဆက်ဟောင်းတွေ သူမရဲ့ ဖခင်လည်း အပါအဝင် သူတို့သားသမီးတွေရဲ့ လုံခြုံရေးအတွက် ကြောက်လန့်နေကြရပါတယ်။ လက်ရှိမှာ နိုင်ငံ့ဝန်ထမ်းဖြစ်နေသေးတဲ့ အဖေအတွက် သူမက စိုးရိမ်နေပါတယ်။ တကယ်လို့ သူမရဲ့တော်လှန်ရေးလှုပ်ရှားမှုတွေ ပေါက်ကြားသွားရင် သူ့ကို အကြီးအကျယ် ဒုက္ခရောက်စေလိမ့်မယ်။ အဲ့ဒါကြောင့် လှုပ်ရှားမှုတွေကို အိမ်နဲ့အဝေးလုံခြုံတဲ့နေရာက သိုသိုသိပ်သိပ်လုပ်ဆောင်နေပါတယ်။

ပါဝင်မှုအတိုင်းအတာအရ ပြင်းထန်တဲ့ စိတ်ပိုင်းဆိုင်ရာနဲ့ စိတ်ခံစားမှု အခက်အခဲတွေကြောင့် ဗုဒ္ဓဘာသာ ကမ္မဋ္ဌာန်းတရားအားထုတ်ခြင်းနဲ့ "အကောင်းမြင်စိတ်"ကျင့်စဉ်တွေဘက်ကို ဦးလှည့်ခဲ့ပါတယ်။ စိတ်ထဲမှာ ဖြစ်ပေါ်နေတဲ့ အကြောင်းအရာတွေကို လေ့လာပြီး အဆိုးမြင်စိတ်နဲ့ အတွေးတွေကို ရှင်သန်ခွင့်မပြုတာက "ကောင်းတဲ့အရာတွေကို အေးအေးဆေးဆေး အာရုံစိုက်လာနိင်တယ်"လို့ ဆိုပါတယ်။

သောတရှင်တွေကို သူမကြီးပြင်းရာ မကွေးဒေသအကြောင်း ပြောပြပါတယ်။ မကွေးက ရှေးဟောင်းစေတီတွေနဲ့ ကျော်ကြားပြီး ဗုဒ္ဓဘာသာဝင်ဘုရားဖူးများအတွက် လည်ပတ်စရာဒေသလည်းဖြစ်တယ်။ အစားခုံမင်သူတွေအကြိုက် နေရာစုံ၊ ဒေသစုံမှ အစားအစာမျိုးစုံရနိုင်တဲ့ အချက်အချာလည်း ဖြစ်နေပါသေးတယ်။ တောင်ပေါ်ဒေသများ၊ တောင်ပိုင်းမှာ မြစ်ဝကျွန်းပေါ် နဲ့ အိန္ဒိယမှ အချိုပွဲ သွားရည်စာတွေပါမကျန် အမျိုးစုံပါပဲ။

ဝမ်းနည်းစရာ အာဏာသိမ်းစ မကွေးမြေကိုအရာထင်သွားစေတဲ့ ကနဦးသတင်းတွေထဲမှာ ရိုးသားရက်ရောမှုအရ သတင်းမွှေးတဲ့ NLD တသက်တာ ကိုယ်စားလှယ်တဦးဖြစ်တဲ့ မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညိုကို ဖမ်းဆီးလိုက်တာဖြစ်ပါတယ်။ အာဏာသိမ်းမှုကို တရားဝင်ထောက်ခံချက်ပေးဖို့ ငြင်းဆိုခဲ့တဲ့ သူ့ကို စစ်တပ်က မတရားစွပ်စွဲပြီး ထောင်ဒဏ်ကျခံစေခဲ့ပါတယ်။ ဒါကြောင့်မို့ ဒေသတွင်းမှာ တရားမျှတမှုနဲ့ သာတူညီမျှမှုအတွက် အလေးစားရဆုံးသောပုဂ္ဂိုလ်တယောက် အခုတော့ တားဆီးခံလိုက်ရပါပြီ။


လက်ရှိပဋိပက္ခတွေနဲ့ ပတ်သက်ပြီး မကွေးက မြေပြန့်ဒေသဖြစ်ပေမဲ့လို့ ဝန်းရံထားတဲ့တောင်တန်းတွေက ထွက်ခွါလာတဲ့ PDF အဖွဲ့ဝင်တွေအတွက် ဘေးကင်းလုံခြုံရာနေရာတွေ ဖြစ်ပါသေးတယ်။ အဲ့ဒါနဲ့ စစ်တပ်က ဒီဒေသကို လက်နက်အင်အား အမြောက်အမြား အသုံးချတဲ့အတွက် ဒေသခံရွာတော်တော်များများ အပြင်းထန်ဆုံး ခံစားနေရပါတယ်။ ပိုပြီးရှုပ်ထွေးစေတဲ့ ကိစ္စတွေကြား မကွေးတိုင်း ရေနံချောင်းမြို့က မြန်မာပြည်မှာ ရေနံအများဆုံး ထွက်တဲ့ဒေသဖြစ်လို့ လုံခြုံရေးတပ်ဖွဲ့တွေနဲ့ ခုခံတော်လှန်ရေးသမားတွေအတွက် အဖိုးတန်ဒေသတခု ဖြစ်ပါတယ်။

အထူးသဖြင့် ရွာနှစ်ရွာကို တိုက်ခိုက်ဖို့ ပစ်မှတ်ထားခံရတယ်။ မြန်မာပြည်အထင်ရက စာရေးဆရာတွေ၊ ကဗျာဆရာတွေ ပေါ်ပေါက်ရာ တောင်တွင်းကြီးမှာ အာဏာသိမ်းပြီးမကြာမီ ရဲသားတဦး ဓားထိုးခံရတာက လှုပ်ရှားမှုကာလ အစောဆုံးဖြစ်ရပ်တခုဖြစ်ပြီး တမြို့လုံးမှာလည်း အစောပိုင်းတည်းက ပြင်းထန်တဲ့တော်လှန်ရေးစိတ်ဓာတ်က ရှိနှင့်ပြီးသားလို့ မေက ပြောပါတယ်။ တောင်တွင်းကြီးက ရာစုနှစ်ပေါင်းများစွာက ပျူလူမျိုးတွေ နေထိုင်ရာ ဗိဿနိုးမြို့နဲ့ မလှမ်းမကမ်းမှာရှိနေတော့ ဗမာကိုအစပြုတဲ့ ပျူဒေသ၊ ရှေးဟောင်းသမိုင်းဝင် ယူနက်စကိုနယ်မြေမှာ ပဋိပက္ခတွေ စိုးမိုးလာမယ့် အန္တရာယ်လည်းရှိနေပါပြီ။

စစ်တပ်ရဲ့ နောက်ထပ်ပစ်မှတ်က ဂန့်ဂေါနယ်ဖြစ်ပါတယ်။ ပထဝီအနေအထားရ ချင်းပြည်နယ်နဲ့ထိစပ်နေပြီး မကြာခင်ကလည်း လုံခြုံရေးတွေ ဗုံးကျဲတိုက်ခိုက်တာ ခံထားရပါတယ်။ ဂန့်ဂေါနယ်က ယောကာကွယ်ရေးတပ်ဖွဲ့ရဲ့ နေရာဆိုလည်း ဟုတ်ပါတယ်။ ရွာသူရွာသားတွေရဲ့ ဖေးမမှုနဲ့ သူတို့ရဲ့ တိုက်ရည်ခိုက်ရည်ကို မေက ချီးကျူးပါသေးတယ်။ သူမကြီးပြင်းရာဒေသတွေနဲ့ မတူ ဂန့်ဂေါ်နယ်သားတွေအများစုက အမဲလိုက်မုဆိုးပညာ တတ်ကျွမ်းသူတွေဖြစ်ကြပြီး ဒီကျွမ်းကျင်မှုတွေက သူတို့ကို ခုခံကာကွယ်ရေးသမားတွေအဖြစ် သေချာပေါက် အထောက်အကူဖြစ်စေပါတယ်။ ဂန့်ဂေါဒေသက အခြားကျေးရွာတွေလည်း စစ်တပ်ရဲ့ ထပ်တလဲလဲ ပစ်မှတ်ထားခံရပြီး အိမ်ခြေရာပေါင်းများစွာ မီးရှို့ဖျက်ဆီးခံရခြင်း၊ စစ်တပ်ချဉ်းကပ်လာမှုကြောင့် ထောင်ချီတဲ့ပြည်သူတွေ တနိုင်ဝန်လောက်သယ်ဆောင်ပြီး နီးစပ်ရာ တောတောင်တွေထဲကို ထွက်ပြေးခဲ့ကြရကြောင်း မေက ရှင်းပြပါတယ်။ ဒီမှာ စိတ်ဝင်စားစရာကောင်းတဲ့အချက်တခု၊ အရင်က Dr. Jenny Ko Gyi နှင့်တွေ့ဆုံဆွေးနွေးခန်းမှာ ဂန့်ဂေါဒေသအကြောင်းလည်း ဆွေးနွေးခဲ့ပါသေးတယ်။ ဗမာစစ်တပ်အရာရှိတဦးဖြစ်ခဲ့တဲ့ သူမအမျိုးသား တာဝန်ကျခဲ့တဲ့ဒေသဖြစ်ပြီး သူမလည်းလိုက်ပါခဲ့တဲ့အကြောင်းဖြစ်ပါတယ်။ မုံလယ်ဆရာတော်ကြီး(မိုးကုတ် ဝိပဿနာ) သီတင်းသုံးရာ ရွာနီးဝန်းကျင်မှာ တောတောင်ထူထပ်တဲ့အကြောင်း ပြောပြခဲ့ပါတယ်။ Dr. Jenny က မုံလယ်ဆရာတော်ကို ဖူးမြော်ကာ ရန်ကုန်ကိုပင့်ဆောင်ပြီးနောက်ပိုင်းမှာ နိုင်ငံကျော် ထိပ်တန်းကမ္မဋ္ဌာန်းတရားပြဆရာတော်ကြီး ဖြစ်လာခဲ့ပါတယ်။

မေရဲ့ မွေးရပ်ဒေသ-မကွေးတဝိုက်မှာ အကြိမ်ကြိမ် ပစ်မှတ်ထားတိုက်ခိုက်ခံရမှုတွေကြောင့် တော်တော်လေး ခက်ခဲနေပြီး ရွှေ့ပြောင်းဒုက္ခသည် (IDPs)ထောင်ပေါင်းများစွာ တိုးပွားနေပါတယ်။ ဒီပြဿနာကို မေက သူမရဲ့တာဝန်တွေထဲမှာ ထည့်သွင်းထားပြီး ရန်ပုံငွေအတွက် အသည်းအသန် ကြိုးစားနေပါတယ်။ ဒီပဋိပက္ခတွေကြောင့် တောင်သူတွေကို ကောက်ပဲရိတ်သိမ်းဖို့ အခက်တွေ့စေပြီး အစားအစာ ငတ်မွတ်ခေါင်းပါးခြင်းဘေးအန္တရာယ် တိုးပွါးလာစေပါတယ်။ မေရဲ့တာဝန်တွေက ထမ်းဆောင်နိုင်တာထက် တော်တော်လေး များနေပါတယ်။

နိဂုံးအနေနဲ့ သောတရှင်တို့အတွက် သူမရဲ့ အမှာစကားလေးက- "ကျေးဇူးပြုပြီး တော်လှန်ရေးမှာပါဝင်ပေးကြပါ။ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးအတွက် ကျမတို့အတူတကွ ရပ်တည်တိုက်ပွဲဝင်ကြပါစို့။ ကျမတို့မျိုးဆက်မှာပဲ ဒါကို အဆုံးသတ်ရပါမယ်။ မဟုတ်ရင်တော့ မကောင်းဆိုးဝါးတွေကို ကျမတို့ ဘယ်သောအခါမှ နှိမ်နင်းနိုင်မှာ မဟုတ်တော့ဘူး။ ဒါကြောင့်မို့ ကျေးဇူးပြုပြီး ဒီတော်လှန်ရေးမှာ ပါဝင်ကြပါ။"

Shwe Lan Ga LayComment