အပိုင်း (၇၉): Bart Was Not Here
Richard Pryor မှ Jack Kerouc၊ The Life of Brian မှအစ ခေတ်သစ် ဗမာ့သံဃာတော်များ၊ The Godfather မှစပြီး ချာတူးလန် ဗမာအချစ်ဇာတ်ကားများ၊ the Beatles၊ Eminem နဲ့ အရှင်ဝီရသူအဆုံး အစုံလင်ဆုံး ဆွေးနွေးထားတဲ့ စကားဝိုင်းကို စိတ်ကူးကြည့်လိုက်ပါ။ ဒီလိုကွဲပြားစုံလင်တဲ့ အကြောင်းအရာပေါင်းစုံနဲ့ ဆက်စပ်မိတယ်ဆိုရင် ထောမနာပြုဖွယ်အနုပညာရှင် Bart Was Not Here ပါဝင်ထားတဲ့ ဒီအခန်းဆက်ကို နားထောင်ကြည့်ဖို့ အကောင်းဆုံးပါပဲ။
ပန်းချီမှအစ ကာတွန်းရုပ်ပြများ၊ ဂရပ်ဖီတီမှ ပန်းပုအထိ Bart က မှန်းဆလို့မရနိုင်လောက်အောင် ဂန္တဝင်ဆန်ဆန် ရှေးရိုးဟန်တွေရော ခေတ်သစ်လွှမ်းမိုးမှုတွေကိုပါ ပေါင်းစပ်လုပ်ကိုင်နိုင်သူပါပဲ။ သူ့အဓိကပင်ကိုပုံစံကို အနောက်တိုင်း ပေါ့ပ်ဂီတက တဖက်တလမ်းက အထောက်အကူပေးနေပါတယ်။ ရိုးရှင်းတဲ့ သူ့အနုပညာနောက်ကွယ်က နက်နဲမှုနဲ့ ရှုပ်ထွေးတဲ့အတွေးအမြင်တွေရှိနေတာကို ဒီတွေ့ဆုံမေးမြန်းခန်းမှာ Bartက သူ့လက်ရာတချို့ရဲ့ နက်နဲတဲ့ အဓိပ္ပါယ်တွေကို ဖွင့်ဟထားပါတယ်။
Bart ရဲ့ ပင်ကိုဖန်တီးနိုင်စွမ်းအားကို လွှမ်းမိုးထားသူများကတော့ Hieronymous Bosch၊ Frank Stella နဲ့ Louise Nevelson တို့ ဖြစ်ပါတယ်။ ဒီအနုပညာရှင်တယောက်ချင်းစီက တော်တော်လေး ကွဲပြားကြပေမဲ့ သူတို့မှာ တူညီတဲ့တချက်က "ဇာတ်အိမ်တည်ခြင်း" ဆိုတဲ့ ထူးခြားတဲ့စိတ်ကူးယဉ်ကမ္ဘာကို ဖန်တီးခြင်း၊ ဖန်တီးထားတဲ့ ဇာတ်အိမ်ထဲက အရာတွေကို ယုံကြည်လာစေခြင်းတို့ပါပဲ။ Bart ကဒီလိုမျိုးအရာတွေ ကြိုးစားပြီးတည်ဆောက်နေတာပါ။ ငယ်စဉ်ကလေးဘဝမှာ ဗမာကာတွန်းရုပ်ပြတွေနဲ့ အချိန်ကုန်ပြီး Neil Gaimanရဲ့ The Sandman အခန်းဆက်စာအုပ်ကို ဖတ်မိရာက အရည်အချင်းတွေ တိုးတက်လာခဲ့ပါတယ်။
"ကျွန်တော်က ပရိသတ်တွေမရိုးနိုင်မယ့် ဇာတ်ကောင်တွေ ဖန်တီးချင်တာ၊ ကျွန်တော် ဇာတ်ကောင်တွေ စုစုစည်းစည်း လိုချင်တယ်၊ ဇာတ်ကူတွေရောပေ့ါ၊ ကျွန်တော်နှစ်ခြိုက်တဲ့ ဂန္တဝင်အနုပညာရှင်တွေရဲ့ပုံစံတွေကို ပေါင်းစပ် ဖန်တီးချင်သေးတယ်၊ ဆိုတော့ အဲ့ဒါတွေ အားလုံးကို အတူတူပေါင်းစည်း ဖန်တီးလိုက်တာမျိုးပေ့ါ။"
ဇာတ်အိမ်တည်ခြင်းက အခုချိန်ထိ Bart ရဲ့အနုပညာရှင်တယောက်အဖြစ်တိုးတက်မှုမှာ အစိတ်အပိုင်းတခုပါပဲ။ နောက်ထပ်သော့ချက်တခုက ဟာသနှောခြင်းပါပဲ။ အနုပညာကလောင်နာမည်ကို The Simpsons ဇာတ်ကောင်ကို အစွဲပြုထားပြီး ကိုယ်ပိုင်ဖန်တီးမှုထဲမှာ ထိုအလားတူ စရိုက်ကိုတွေ့ရဖို့ မခဲယဉ်းပါဘူး။ အထူးသဖြင့် ဘာသာတရားကို ဝေဖန်တဲ့နေရာမှာ အကြောက်အရွံ့မရှိတဲ့အကြောင်းနဲ့ ပတ်သက်လို့ လူရွှင်တော် George Carlin က သူ့ရင်ကိုထိစေတယ်တဲ့။ Bart က"ကျွန်တော် အားမနာဘူး" မိသားစုရဲ့ မွတ်စလင်ယုံကြည်မှု၊ ဗုဒ္ဓဘာသာနဲ့ ခရစ်ယာန်မိတ်ဆွေတွေနဲ့ အပြောင်းအလဲတွေကြားမှာ ကာလကြာကြိုးစားရပ်တည်လာပြီး နောက်ဆုံးမှာတော့ Carlin ပြောတာတွေက ယုတ္တိရှိတယ်လို့ပြောပါတယ်။ Carlin ကို သဘောကျပြီးနောက်ပိုင်းမှာ Russell Peters၊ Eddie Murphy၊ Chris Rock၊ နဲ့ Dave Chappelle တို့လို လူရွှင်တော်တွေ၊ Monty Python ဟာသပြဇာတ်တိုတွေနဲ့ The Hitchhiker’s Guide to the Galaxy တွေအထိ သဘောကျ နှစ်ခြိုက်လာခဲ့ပါတယ်။
ကိုယ်တိုင် အနုပညာသမားတယောက် ဖြစ်လာတဲ့အခါမှာတော့ မတူညီတဲ့ လွှမ်းမိုးမှုတွေက သူ့အားစိုက်မှုထဲ စီးမြောလာခဲ့ပါတယ်တဲ့။ "ဟာသမြောက်ရင် အလုပ်ဖြစ်တယ်ပေ့ါ၊ ဟာသမမြောက်တာတွေက အလုပ်မဖြစ်လို့ဘဲ၊ အဲ့လိုမဖြစ်သေးရင် အလေးအနက်ထားပြီး လုပ်ကိုင်ရလိမ့်မယ်။ ပြီးရင် အနုပညာအလုပ်ကို အလိုက်အထိုက်ပြောင်းမယ်။" သူ့အကြိုက်နောက်တမျိုးက ဂီတနဲ့ပတ်သက်ပြီး သူ့အပေါ်လွှမ်းမိုးထားတာတွေ ရှိနေပါတယ်။ Michael Jackson။ အထူးသဖြင့် Thriller ကို မရေတွက်နိုင်အောင် နားထောင်ပြီး အပြည့်စုံဆုံးအယ်လ်ဘမ်ပါပဲတဲ့။ အထူးသဖြင့်လည်း Jay-Z နဲ့ Nas တို့လို အရှေ့ဘက်ကမ်းရိုးတန်းဒေသက ရက်ပါတွေရဲ့ စွမ်းရည်တွေကိုလည်း နှစ်ခြိုက်သူဖြစ်ပြီး မြန်မာပြည်မှာ ဂီတအမျိုးအစားပေါင်းစုံတိုးတက်မှုနဲ့ ပတ်သက်လို့ စိတ်အားထက်သန်စွာဖြင့် စောင့်ကြည့်သူဖြစ်လာပါတယ်။ သူ့မိတ်ဆွေအနုပညာရှင် J Me ရဲ့ ပထမဆုံး ပြည်တွင်းဖြစ် ကိုယ်ပိုင်သံစဉ်အယ်လ်ဘမ်ဖြစ်တဲ့ Street Rhymes ကိုလည်း ချီးကျူးထားပါတယ်။ အနောက်တိုင်းအနုပညာရှင်တွေနဲ့ မတူဘဲ ဗမာအနုပညာရှင်တွေမှာ ကိုယ်ပိုင်လုံခြုံရေးနဲ့ တင်းကျပ်တဲ့ စီစစ်ဖြတ်တောက်ရေးဥပဒေတွေကိုဖော်ထုတ်ပြီး ၂၀၁၀ ဒီမိုကရေစီအကူးအပြောင်းကာလထိ အမှန်အကန်လွတ်လပ်မှုကို ခံစားခွင့်မရှိခဲ့ပါဘူး။ Bart က ဒီကာလကို အခွင့်ကောင်းယူပြီး သူ့လက်ရာတွေ တိုးတက်အောင် ကြိုးစားပါတယ်။ သူသဘောကျတဲ့ အမှတ်တရတွေထဲ တိုင်းပြည်မှာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် တိုးတက်လာမှုနဲ့အတူ မြန်မာ့အနုပညာနယ်ပယ်မှာ သူ့လက်ရာကို ခံစားကြည့်ရှူသူတွေများပြားလာတာပဲ ဖြစ်ပါတယ်။
တွေးထားမိတဲ့အတိုင်းပါပဲ။ လက်ရှိအခြေအနေက ဗမာနိုင်ငံသားအနုပညာရှင် Bart ကိုလည်း အတော်လေးထိခိုက်ပါတယ်။ ၂၀၀၇ ဆန္ဒပြပွဲ ဖြစ်ပွါးစဉ် ကျောင်းသားဘဝမှာ ဘုန်းကြီးတွေ ရက်ရက်စက်စက် တိုက်ခိုက်ခံရပြီး အသတ်ခံရတာတွေကို စာသင်ခန်း ပြူတင်းဝကနေ မြင်ခဲ့ရကြောင်း ပြန်ပြောပြပါတယ်။ ဟုတ်ပါတယ်။ ဖေဖော်ဝါရီ ၁ စစ်တပ်အာဏာသိမ်းလိုက်ကတည်းက မျှော်လင့်ချက်တွေ ရိုက်ချိုးခံရတာ အခုဆို လူတိုင်းသိနေပြီ။ ဒါကြောင့် Bart လည်း သူ့အနုပညာစွမ်းရည်ကို အသုံးချပြီး လှုပ်ရှားမှုကို ထောက်ခံအားပေးပါတယ်။ ဒီနှစ်ထဲမှာတော့ သူ့အနုပညာလက်ရာတွေက လက်ရှိဖြစ်ပွါးနေတဲ့ အခြေအနေနဲ့ ပတ်သက်လို့ သူ့ခံစားချက်အရ အင်အားကောင်းပြီး အနုပညာဆန်တဲ့ ဖော်ထုတ်ချက်တွေ ဖြစ်နေပါတယ်။ ဥပမာ - "Disobey" လို နာမည်ကြီးသွားတဲ့ ဂရပ်ဖီတီ၊ "Answer the call"လို့ အမည်တပ်ထားတဲ့ အကာအရံနောက်ကွယ်က တက်ကြွလှုပ်ရှားသူတွေရဲ့ ရုပ်ပြပုံရိပ်၊ "We bend, we don’t break” စာတန်းထိုး ဗမာအရုပ်၊ နောက်ပြီး ဗုဒ္ဓ၊ ယေရှု၊ မိုဟာမက်နဲ့ ကရသ်ျှဏ ဘာသာရေးပုံရိပ်တွေက ဆန္ဒပြပွဲကိုထောက်ခံကြောင်းစတဲ့ လက်ရာတွေပါပဲ။
အံ့ဩစရာဆိုရရင် ဒီလက်ရာတွေက "နိုင်ငံရေး ဖော်ထုတ်ချက်"အနေနဲ့ ရည်ရွယ်ခဲ့တာမဟုတ်ကြောင်း "ဒါတွေက ကျွန်တော့်အတွက် ၂၀၂၁ရဲ့ မှတ်တမ်းတွေပဲ။ တတိုင်းပြည်လုံးကို စစ်တပ်အာဏာသိမ်းလိုက်တဲ့ ပထမနေ့တည်းက အကြောင်းတွေပဲ။ အဲ့ဒါကို ကျွန်တော့်ကိုယ်ပိုင် အနုပညာနဲ့ တုံ့ပြန်တာ။ ဒါဆိုဒါက ကျွန်တော့် ဒိုင်ယာရီ၊ တနှစ်စာ ဖြစ်ပျက်ခဲ့သမျှ စုစည်းထားတာ၊ အားလုံးကို လနဲ့ချီပြီး လုပ်ခဲ့တာ။" အစမှာ အကြမ်းမဖက် ဆန္ဒပြပွဲ၊ အဆုံးမှာ လက်နက်ကိုင်တော်လှန်ရေးအထိ ခရီးရောက်ခဲ့ပုံ ဆန္ဒပြလှုပ်ရှားမှုတွေကို သရုပ်ဖော်ထားတဲ့ လက်ရာတွေလို့ သူ့အမြင်ကို ပြောပါတယ်။
ဒီနှစ်ထဲမှာ လုပ်ခဲ့တဲ့အကောင်းဆုံးလက်ရာတွေထဲ သူကိုယ်တိုင်လည်း အကြိုက်ဆုံးတခုဖြစ်တဲ့ (ရန်ကုန်) စမ်းချောင်းမြို့မှာ စစ်တပ် ထရပ်ကား တိုက်ခိုက်ခံရပြီး မီးလောင်ပေါက်ကွဲတဲ့ ဓာတ်ပုံကို ပြန်လည်ဖန်တီးထားတဲ့ လက်ရာဖြစ်ပါတယ်။ Bart နဲ့ အခြားသူတော်တော်များများအတွက် ဒီအချိန်လေးက သူတို့အပေါ်အကြမ်းဖက် အနိုင်ကျင့်တဲ့အဖွဲ့က နောက်ဆုံးမှာ နှာခေါင်းကျည်ပွေ့တွေ့သွားတဲ့အချိန်ပါပဲ။ ဗမာပြည်သူတွေက ဩဘာပေးကြတယ်။ ဒီပဋိပက္ခနဲ့ အဆက်ပြတ်နေသူအဖို့ ဒီလို ဝမ်းပန်းတသာ ဩဘာပေးကြတာကို နားလည်မှုလွဲနိုင်ပေမဲ့၊ သူ့အနုပညာလက်ရာက အကြမ်းဖက်မှုမှာ အကြောင်းမလှတဲ့ အောင်ပွဲခံခြင်းတခု၊ တိုင်းပြည်ရဲ့ ခေတ်သစ်သမိုင်းမှာ စစ်တပ်ရဲ့ လက်အောက်မှာ ဖိနှိပ်ချုပ်ခြယ်ခံရတဲ့ မြန်မာပြည်သူအများကြီးအတွက် မျှော်လင့်ချက်နဲ့ ခွန်အားတွေ ရလာတဲ့ အခိုက်အတန့်ဖြစ်ပါတယ်။
"သူတို့ ကျွန်တော်တို့အပေါ် ပြောပြလို့ မကုန်နိုင်တာတွေ အများကြီး လုပ်ခဲ့တယ်။ ကောင်းကောင်း အိပ်စက်ခွင့်မပေးဘူး၊ နေ့ခင်း ညခင်းတွေမှာ ကောင်းကောင်းမနေရဘူး၊ ဒီထရပ်ကား ပေါက်ကွဲမှုက အထူးသဖြင့် ရန်ကုန်မှာ တကယ့်ကို အထိမ်းအမှတ်ပဲ။" ဒါက ဘာကိုပြသလဲဆိုရင် လမ်းပေါ်က စစ်သားတွေကို "မင်းတို့ လမ်းပေါ်ထွက်လို့မရတော့ဘူး၊ ဒါငါတို့ပိုင်တဲ့ လမ်းတွေ! မင်းတို့ ရွေးချယ်မှု၊ မင်းတို့ ခြေလှမ်းချတာနဲ့ အဲ့ဒီမှာ မင်းတို့ အကြီးအကျယ်ဒုက္ခရောက်ပြီပဲ"တဲ့။
အနုပညာအပေါ် သစ္စာရှိရှိနဲ့ Bart က ပိဿာလေးနဲ့ထုသလို ပြောင်မြောက်တဲ့အာဘော်၊ သရော်စာ စသဖြင့် တလှည့်စီ တင်ဆင်ပါတယ်။ "ပြက်လုံးဆိုတာ လက်နက်တမျိုးပဲ၊ လူတယောက်ကို သတ်ပစ်လိုက်တာထက် အဲ့လူကို ပြက်ရယ်ပြုရတာက ပိုပြီးနာကျင်စေတယ်"လို့ ပြောပါတယ်။ သူတို့ရန်စခံရရင်၊ စစ်တပ် ဒါမှမဟုတ် စစ်တပ်ထောက်ခံသူတွေကို စိတ်အနှောင့်အယှက်ဖြစ်အောင် ကျွန်တော်လုပ်နိုင်ရင် ကျွန်တော်နိုင်ပြီလေ။ သူတို့ အဆိုးဆုံးလုပ်နိုင်တာက ကျွန်တော့်ကို သတ်ပစ်တာ။ ကျွန်တော့် အနုပညာကတော့ ရှင်သန်ကျန်ရစ်မယ်။ အင်တာနက်ပေါ်မှာ တယောက်ယောက်က သိမ်းထားမှာပဲလေ။" နောက်ပြီး ကံတရားကအပ်နှင်းထားလို့ အရှင််သခင်လိုဖြစ်နေပြီး သူတို့ရဲ့ အုပ်ချုပ်ရေးနဲ့ အခွင့်အာဏာကို စိန်ခေါ်လို့မရနိုင်တဲ့ စစ်ဗိုလ်ချုပ်တွေအနေနဲ့ မဟုတ်ဘဲ "ဒီလို ကလိမ်ကကျစ်၊ ပြိုလဲပျက်စီးနေတဲ့ အဖိုးကြီးတွေ၊ သူတို့ထဲကတချို့ နှစ်တန်း သုံးတန်းလောက် ပညာရေးအဆင့်တွေလို့ ဟာသလုပ်ထားတယ်။ သူတို့မှာ အသိပညာ ဗဟုသုတမလုံလောက်ဘူး၊ သူတို့လုပ်ရပ်က တိရစ္ဆာန်တွေနဲ့ အပြိုင်လေ။" သူတို့ရဲ့ အခွင့်အာဏာကို အတိုင်းအတာတခုအထိ မလေးမစားလုပ်နိုင်ရင် သူတို့ပုံစံတမျိုးနဲ့ ဘောင်မဝင်တာမျိုး ဖြစ်လာပြီ။ ဒီအနုပညာက တက်ကြွလှုပ်ရှားသူတွေကို သာမက အခြေခံအားဖြင့် ဗမာပြည်သူလူထုကိုပါ ခွန်အားဖြစ်စေပါတယ်။
Bart အခု ပဲရစ်မှာပါ။ Louvre ပြတိုက်ရှေ့နဲ့ London မှာ သူ့လက်ရာတွေ ပြသထားခဲ့ဖူးပါတယ်။ နောက်ဆို USကို ဆက်သွားဖို့ အစီအစဉ်ရှိနေပါတယ်။ အခုတော့ လုံခြုံရေးအရ မြန်မာပြည်ပြန်ဖို့ မဖြစ်နိုင်သေးပေမဲ့ အဝေးကနေပဲ ဆက်ပြီးဆန္ဒထုတ်ဖော်နေပါတယ်။
"ကျွန်တော်က အနုပညာဖန်တီးတာဆိုတော့ အဲ့ဒါက ကျွန်တော်ပါဝင်နိုင်မယ့် အကောင်းဆုံးနည်းလမ်းပါပဲ။ ဒါက လူတွေသတိထားမိလာအောင်နဲ့ နောက်ပြီး ကျွန်တော့်လူမျိုးတွေကို နှစ်သိမ့်အားပေးရာလည်းရောက်တယ်။ ဒီအတွေ့အကြုံနဲ့ လူတွေကို အထောက်အကူပေးတယ်။ အဲ့ဒါအပြင် ကျွန်တော့်လက်ရာတွေကို ရောင်းမယ်၊ အဲ့က ရန်ပုံငွေရမယ်။ ပြီးရင် ငွေတွေကို ပေးပို့သွားမယ်။"
နိဂုံးချုပ်အနေနဲ့ အနုပညာက ခုချိန်ခါသာမဟုတ် အချိန်မရွေး တန်ဖိုးရှိတယ်ဆိုတာ "အများသောအားဖြင့် အနုပညာဆိုတာ လိုအပ်တဲ့အရာလို့ ကျွန်တော်ထင်တယ်၊ ဆန္ဒပြတဲ့အချိန်လောက်တင် မကဘူး အချိန်တိုင်း လိုအပ်နေတာ"လို့ ပြောပါတယ်။