Beth Upton


အနောက်ဘက်ကလာခဲ့သူ Beth Upton (သို့မဟုတ်) အကျင့်လမ်းပေါ်လျှောက် ယောဂီတစ်ယောက်အကြောင်း

(ယခုစာက ဘတ်သ်နဲ့ပြုလုပ်ခဲ့တဲ့ အမေးအဖြေတွေကို အခြေခံပြီးရေးသားထားတဲ့ Insight Myanmar ဓမ္မဆောင်းပါးလေးကို ဆီလျော်အောင် ဘာသာပြန်ပေးထားခြင်းသာဖြစ်ပါတယ် - ဘာသာပြန်သူ )

ဖားအောက်ဆရာတော်ကြီးရဲ့သင်ကြားပြသမှုနဲ့ သမထရဲ့ နက်ရှိုင်းတဲ့အဆင့်တွေအထိ ကျင့်ကြံအားထုတ်နိုင်ခဲ့သလို စပိန်နိုင်ငံတောင်ပိုင်းက ဂူတွေထဲမှာ မူးယစ်ဆေးစွဲသူတွေ၊ ရာဇဝတ်သားတွေနဲ့ပါ ယှဉ်တွဲနေထိုင် အားထုတ်ဖူးခဲ့သူ ဘတ်သ် အပ်တွန် (Beth Upton) ဟာ ပဋိပတ်အကျင့်လမ်းကိုလျှောက်လှမ်းနေသူ ယောဂီတစ်ယောက်အနေနဲ့ စိတ် ဝင်စားဖွယ်ကောင်းတဲ့ ဘဝကိုရရှိခဲ့သူ တစ်ယောက်လို့ ဆိုပါတယ်။

ဘတ်သ်ရဲ့အဆိုအရ သူ့မိဘနှစ်ပါးက သူငယ်စဥ်ကပဲ လမ်းခွဲခဲ့ကြပြီး မိခင်ဖြစ်သူကတော့ နောက်ထပ် အိမ်ရာထူထောင်ဖြစ်ခဲ့ပါတယ်တဲ့။ ဒီလိုနဲ့ သူ့အမေရဲ့ နောက်အိမ်ထောင်ဖြစ်လာသူဟာ တစ်ချိန်က အိန္ဒိယနိုင်ငံရဲ့ အထင်ကရ ဂရုတစ်ပါးလည်းဖြစ် အငြင်းပွားဖွယ်ဇာတ်လမ်းတွေလည်းရှိခဲ့သူ အိုရှိုးနဲ့အတူ နေထိုင်ခဲ့ဖူးသူလို့ဆိုပါတယ်။ အိန္ဒိယမှာတော့ ဂုရုအိုရှိုးကို ဘဂဝမ် ရှရီ ရာဂျ်နက်ရှ် လို့လည်း အများအားဖြင့်သိကြပါတယ်။

ဂုရုအိုရှိုးက ဘတ်သ် အပါအဝင် လူအတော်များများရဲ့အမြင်မှာတော့ ဘက်နှစ်ဘက်ကို ကွဲထွက်ဖြစ်ပေါ်စေသူလို့ ထင်ပါသတဲ့။ "ကျမ ရိုးရိုးသားသားပြောရရင် အဲဒါကြောင့်ပဲ ဘာသာရေးယုံကြည်မှုလို့ဆိုနိုင်မယ့် ဘယ်အရာပေါ်မဆို ကျမရဲ့ ရှုမြင်ပုံတွေ တော်တော်လေးထိခိုက် ယိုယွင်းမှုရှိခဲ့တယ်" လို့ ဘတ်သ်က သူရဲ့ဆယ်စုနှစ်တစ်ခုစာဖြစ်ပေါ်ခဲ့တဲ့ စိတ်အခြေအနေကို ပြန်ပြောင်းပြောဆိုပါတယ်။

ဘတ်သ် ရဲ့မိခင်ဖြစ်သူကတော့ ဘယ်တော့ပဲဖြစ်ဖြစ် သူသဘောကျရာလုပ်ဖို့ကိုသာ အားပေးခဲ့တဲ့သူပါ။ ဘတ်သ် ဘဝတစ်လျှောက်လုံးပြုလုပ်ခဲ့သမျှ သမရိုးကျမဆန်တဲ့ရွေးချယ်မှုတိုင်းကို သူ့အမေဖြစ်သူက အားပေးထောက်ခံခဲ့သူပါပဲတဲ့။

ဘတ်သ် လေ့လာသင်ယူခဲ့ရတာက သင်္ချာနဲ့ ဘဏ္ဍာရေးဆိုင်ရာဘာသာရပ်တွေပါ။ အဲဒီတုန်းကတော့ "ဆင်ခြင်တုံတရားဆိုတဲ့ ရထားကြီးကိုစီးရင်း ဘဝခရီးနှင်" ခဲ့မိတာတွေ ပြန်ပြောင်းသတိရမိနေပါသေးသတဲ့။ (ဘယ်နေရာမှာဖြစ်ဖြစ် ယုတ္တိ တန်မတန်ကိုသာ ဦးစားပေးခဲ့ဖူးသူလို့ ဆိုလိုဟန်ရှိပါတယ်)။ ဘွဲ့ရပြီးနောက် ပိုင်းတော့ လန်ဒန်က ဘဏ္ဍာရေးကဏ္ဍမှာ အလုပ်စဝင်ခဲ့တယ်၊ နောက်တော့ အပြည်အပြည်ဆိုင်ရာဖွံ့ဖြိုးရေးခေါင်းစဥ်နဲ့ သီရိလင်္ကာကို ပြောင်းရွေ့တာဝန် ထမ်းဆောင်ရပြန်တယ်။

ဒါပေမဲ့ ဒီနယ်ပယ်က သူ့နဲ့အံမဝင်မှန်း တစတစနားလည်လက်ခံလာပြီးတဲ့ နောက် အရင်ကတည်းက တိမ်မြုပ်နေခဲ့တဲ့ ဉာဏ်လမ်းပေါ်လျှောက်ကြည့်ချင်တဲ့ အာသီသကို လှုပ်နှိုးဖြစ်ခဲ့ပါတော့တယ်။ ဒီလိုနဲ့ ပထမဆုံး စပိန်ကိုပြောင်း ရွှေ့ပြီး အဲဒီက မဟာယာနဗုဒ္ဓဘာသာ စင်တာလေးတစ်ခုမှာ စေတနာ့ဝန်ထမ်းအဖြစ် ဝင်လုပ်ဖြစ်ခဲ့တယ်။ ဗုဒ္ဓဘာသာယဥ်ကျေးမှုထွန်းကားတဲ့ သီရိလင်္ကာလိုနိုင်ငံမှာ အနေကြာခဲ့ပေမယ့် ဗုဒ္ဓဝါဒရဲ့ အနှစ်သာရဖြစ်တဲ့ သစ္စာလေးပါးကို အဲဒီစင်တာလေးရောက်မှပဲ ပထမဆုံးနားလည်သဘော ပေါက်ခဲ့တယ်လို့ သူကဆိုပါတယ်။

ဒီလိုနဲ့ သူ့ကိုယ်သူ ဗုဒ္ဓဘာသာဝင်တစ်ဦးဖြစ်လာဖို့ ဦးလှည့်လာခဲ့မိတယ်ပေါ့။ ဒါပေမဲ့ ဗုဒ္ဓဘာသာဝင်တွေရဲ့ အခြေခံသီလတွေထဲကတစ်ခုဖြစ်တဲ့ အရက်သေစာနဲ့ မူးယစ်ဆေးဝါးတွေကို ရှောင်ကြဥ်ဖို့ရာကတော့ သူ့ကိုယ်သူ အဆင်သင့်မဖြစ်သေးဘူးလို့ထင်တာကြောင့် သူချီတုံချတုံဖြစ်နေခဲ့ပါသေးတယ်။ ဒါနဲ့ပဲ အဲဒီကိစ္စကို နှစ်အတန် ကြာသည်အထိ ခဏဆိုင်းထားဖို့ သူဆုံးဖြတ်ခဲ့ပါတယ်။ "လက်ရှိအနေအထားကနေ ကျမဘဝကိုလုံးဝရုန်းထွက်ပြီး သံယောဇဉ် တကယ်ပြတ်နိုင်တဲ့အထိပေါ့" လို့ သူကဆိုပါတယ်။

ဒီလိုနဲ့ ၂၀၀၈ ခုနှစ်မှာ ဘတ်သ်ဟာ မြန်မာပြည်က ဖားအောက်တောရရိပ်သာကိုရောက်ရှိခဲ့ပါတယ်။ ဉာဏ်လမ်းကို ထဲထဲဝင်ဝင်လျှောက်ကြည့်ချင်တဲ့ ဆန္ဒနဲ့ပါပဲ။ သူ အဲဒီမှာ ၅- နှစ်ကြာအောင် နေထိုင်ဖြစ်ခဲ့ပါတယ်။

" တကယ့်ကို အံသြဖို့ကောင်းလောက်တဲ့ ဆရာတော်ပါပဲ၊ မယုံနိုင်လောက်အောင်ပါပဲ" လို့ ဖားအောက်ဆရာတော်နဲ့ ပတ်သက်ပြီး သူကဆိုပါတယ်။ "ဆရာတော်က အသေးအဖွဲလေးကအစ ဂရုထားပြီး စိတ်ကျေနပ်နှစ်သိမ့်မှုကို ရအောင်ယူနိုင်တဲ့သူပါပဲ၊ အံ့သြလောက်တဲ့ ဉာဏ်၊ ပညာနဲ့ နက်ရှိုင်းမှုတွေရှိနေတဲ့သူ" လို့ဆိုပါတယ်။ ဆရာတော်ရဲ့ လမ်းညွှန်သင်ပြမှုအောက်မှာ သူစျာန်အဆင့်ဆင့်ကို လေ့ကျင့်သင်ယူခဲ့ရပြီး သူ့ရဲ့သိမြင်နား လည်နိုင်နိုင်စွမ်းတွေလည်း အဆင့်မြင့်မားလာခဲ့တယ်လို့ဆိုပါတယ်။

ဒါပေမဲ့ ဒါက စိတ်ကိုခါးတောင်းကျိုက်ပြီး အင်တိုက်အားတိုက်လုပ်ဆောင်နိုင်မှုနဲ့ သည်းညည်းခံနိုင်မှုတွေကိုလည်း လိုအပ်တယ်လို့ သူကဝန်ခံပါတယ်။ ဒါကြောင့် ဖားအောက်နည်းဟာလည်း လူတိုင်းအတွက်တော့ မဟုတ်နိုင်ဘူးပေါ့တဲ့။ ဖားအောက်ရိပ်သာကြီးထဲမှာ အချို့ယောဂီတွေဟာ တရားကျင့်ကြံအားထုတ်ရာ ပဋိပတ်အဝန်းအဝိုင်းကြီးထဲ ဝင်ရောက်စီးမျောချင်ရုံသက်သက်နဲ့ မိမိရဲ့တရားတိုးတက်မှုမရှိဘဲနေနေကြတာတွေလည်းရှိတာမို့ သူတို့အနေနဲ့ကတော့ နောက်ထပ်နည်းတစ်ခုခုကိုရွေးပြီး အားထုတ်ကြည့်သင့်တယ်လို့ သူကထင်ပါသတဲ့။

အမျိုးသမီးယောဂီတွေနဲ့ သီလရှင်တွေအပေါ် အရေးတယူရှိပြီး အထောက်အကူဖြစ်စေမယ့် ပတ်ဝန်းကျင်မျိုးဖန်တီးပေးထားနိုင်လို့ ဖားအောက်ရိပ်သာကို အလွန်ကျေးဇူးတင်ကြောင်းလည်းပြောပါတယ်။ ဒီလိုအနေအထားမျိုးက မြန်မာပြည်ထဲမှာကိုပဲ နေရာတိုင်းမှာ မရနိုင်ဘူးမဟုတ်လား။ ဘတ်သ်အနေနဲ့ မြန်မာပြည်မှာ နေခဲ့ရတဲ့ အချိန်တွေကို တကယ့်ကို အမြတ်တနိုးတန်ဖိုးထားကြောင်းနဲ့ သူ့လို အကျင့်လမ်းပေါ်လျှောက်လိုသူတွေအတွက်မြန်မာပြည်ကဖန်တီးပေးထားတဲ့ အခွင့်အလမ်းတွေဟာ အလွန်ပဲကျေးဇူးများကြောင်းကိုလည်း ပြောပါတယ်။

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုမဖြစ်ပွားခင်က ပြုလုပ်ခဲ့တဲ့ အမေးအဖြေမှာတုန်းကတော့ အရာအရာဆင်းရဲနိမ့်ပါးနေပေမယ့်လို့ ကမ္ဘာကြီးကို ဓမ္မလက်ဆောင်ဖြန့်ဝေလိုတဲ့ သဒ္ဓါတရားအား ကောင်းသူ မြန်မာနိုင်ငံသူနိုင်ငံသားတွေရဲ့ စိတ်ထားကို ရွှန်းရွှန်းဝေအောင် သူပြောပြခဲ့ပါတယ်။ သူ့လိုမျိုး တရားလာရောက်အားထုတ်လိုသူ မည်သူ့ကိုမဆို ရက်ရက်ရောရောနဲ့ ကိုယ် ကျိုးမဖက်ကူညီထောက်ပံ့ပေးတတ်တယ်ဆိုတဲ့ ကြောင်းတွေလည်း ပါတာပေါ့။

ဒီလိုနဲ့ စစ်အာဏာသိမ်းမှုဖြစ်လာပြီးနောက်မှ ဆက်လုပ်ရတဲ့ အမေးအဖြေမှာတော့ အားလုံးဟာ ယူကြုံးမရ စိတ်နှလုံးညှိုးချုံးဖွယ်ရာတွေချည်း ပဲမို့ လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေနဲ့ပတ်သက်ပြီး အလွန်တရာဝမ်းနည်းကြောင်းနဲ့ စိုးရိမ်ပူပန်နေရကြောင်းပြောရှာပါတယ်။ ဒါနဲ့ပတ်သက်လို့ တရားအားထုတ်နေသူတွေအနေနဲ့လည်း သူတို့တတ်နိုင်တယ်လို့ယုံကြည်ရတဲ့ ဘယ်နေရာကမဆို ပါဝင်ကူညီပေးကြဖို့ တိုက်တွန်းလိုကြောင်းလည်း ပြောပါတယ်။

ဈာန်အဆင့်ဆင့်ကြောင့်ဖြစ်လာတဲ့ ငြိမ်းချမ်းမှုနဲ့ ပျော်ရွှင်မှုကို ဘတ်သ်က စိတ်ဝင်စားဖွယ် အသုံး အနှုန်းတွေနဲ့ ရှင်းပြပါတယ်။ ကာမဂုဏ်အာရုံတွေ ‌ခံစားရလို့ ရလာတဲ့ဖျပ်ဖျပ်လူးပျော်ရွှင်မှုမျိုး နဲ့ တွယ်ငြိမှုမရှိတဲ့စိတ်နဲ့အတူ နက်ရှိုင်းတဲ့ဈာန်အဆင့်တွေကြောင့်ဖြစ်ပေါ်လာတဲ့ ချမ်းသာသုခကို သူကနှိုင်းယှဉ်ပြီးပြောပြပါတယ်။ ယောဂီတစ်ဦးအနေနဲ့ အဲဒီလိုအဆမတန်ကောင်းမွန်တဲ့ စိတ်ချမ်းသာမှုမျိုးကို တွယ်ငြိနေတာမျိုးလည်း ဖြစ်နိုင်သေးပေမယ့် ကာမဂုဏ်အာရုံတွေအပေါ်တွယ်ငြိမှုမျိုးနဲ့တော့ မနှိုင်းယှဉ်သာဘူးလို့ဆိုပါတယ်။ ယောဂီဟာ ဈာန်စိတ်တစ်ခုကနေတစ်ခုကို အဆင့်ဆင့်မြင့်တက်လာတာနဲ့အမျှ စိတ်ရဲ့ဖြန့်ကျက်မှုကလည်း သိသိသာသာကို သိမ်မွေ့နက်ရှိုင်းလာတယ်လို့ ဆိုပါတယ်။ ယောဂီရဲ့ တွယ်ငြိမှုတဏှာကလည်း ပို၍ပို၍သိမ်မွေ့လာပြီး အဲဒီတွယ်ငြိမှုအားလုံးရဲ့ လွန်မြောက်ရာကို ဦးတည်သွားတော့တယ်လို့ဆိုပါတယ်။

ဒါပေမဲ့ ကမ္မဋ္ဌာန်းရိပ်သာနဲ့ ရိပ်သာလိုဖြစ်အောင်ပြုပြင်ထားတဲ့ပတ်ဝန်းကျင်မျိုးမဟုတ်ရင် ဒီလိုနက်ရှိုင်းတဲ့ သမာဓိတွေအထိရောက်အောင် ကျင့်ကြံနိုင်ဖို့ဆိုတာ အတော်မလွယ်ဖူးလို့ ပြောပါတယ်။ အထူးသဖြင့် အနောက်နိုင်ငံတွေမှာ ဒီလို ကမ္မဋ္ဌာန်းအလုပ်ကို ဇောက်ချလုပ်နိုင်လောက်အောင်အားပေးထောက်ပံ့မှုမရှိတဲ့ လူမှုပတ်ဝန်းကျင်မျိုးဆိုရင် တော်တော်လေး အခက်တွေ့နိုင်ပါတယ်တဲ့။ ဒါပေမဲ့လည်း ဘတ်သ်သင်ကြားပြသပေးနေတဲ့ ယောဂီတစ်ချို့တစ်လေမှာတော့ ဈာန်သမာဓိတွေအထိ ကျွမ်းကျွမ်းကျင်ကျင် ရောက်ရှိလာကြတာမျိုး ရှိတယ်လို့ပြောပါတယ်။ သူ့အဆိုအရ အနောက်နိုင်ငံကယောဂီတွေမှာ အများအားဖြင့် ခွဲခြမ်းစိတ်ဖြာစူးစမ်းလိုတဲ့ စိတ်အခံကအား ကောင်းနေတော့ ဝိပဿနာရှုတာမျိုးအတွက် အထောက်အကူပြုနိုင်ပေမယ့် သမထဈာန်လမ်း နဲ့တော့ ဆန့်ကျင်ဘက်လိုဖြစ်နေပါတယ်တဲ့။

ဖားအောက်နည်းစနစ်အရတော့ ယောဂီဟာ နက်ရှိုင်းတဲ့ ဈာန်သမာဓိတွေရလာတဲ့အခါ ပညတ်တွေကို ကျော်လွန်ပြီး ခဏတိုင်းခဏတိုင်းပြောင်းလဲနေတဲ့ ရုပ်နဲ့နာမ်ရဲ့သဘောတွေကို ရှုမြင်သုံးသပ်ကြရပါတယ်။ ဈာန်အဆင့်ဆင့်မှာ ကျွမ်းကျင်နိုင်နင်းလာတဲ့ ယောဂီတွေကို ဖားအောက်ဆရာတော်သင်ပြပေးတာက စိတ်ဖြစ်စဉ်တွေရဲ့နောက်ကအစဉ်လိုက်ပြီး စုန်ချီဆန်ချီ ရှုကြည့်ခိုင်းတာလို့ ဆိုပါတယ်။

အဲဒါနဲ့ပတ်သက်လို့ ယောဂီဟာ တကယ်ရှုမြင်နေရတာမျိုးမဟုတ်ဘဲ ရှုမြင်နေရတယ်လို့ ယုံကြည်ပြီး စိတ်ကူးယဉ်ကြံဆနေတာမျိုးကော မဖြစ်နိုင်ဘူးလားလို့မေးတော့ ဒါလည်းဖြစ်နိုင်ချေတော့ရှိ ကြောင်း ဘတ်သ်ကပြောပါတယ်။ ဒါပေမဲ့ အဲဒီလို အဆင့်ထိရောက်လာအောင် ထူထောင်လာခဲ့တဲ့ ယောဂီရဲ့ စိတ်ဓါတ်ခိုင်ကျည်မှုနဲ့ သမာဓိဟာ ဒါကို တကယ်ဟုတ်မဟုတ် ခွဲခြားနိုင်တယ်လို့ ပြောပါတယ်။ အဲဒီအဆင့်တွေအထိ လေ့ကျင့်လာနိုင်တဲ့ယောဂီဟာ သူ့ရဲ့အတိတ်က လူ့ဘဝ၊ တိရစ္ဆာန်ဘဝတွေကိုပါ မြင်လာနိုင်ရုံမက လူ့ဘုံထက်သာလွန်တဲ့ အထက်နတ်ဘုံတွေကိုပါ မြင်လာနိုင်ကြောင်းပြောပြပါတယ်။ ဒီလို ကိုယ်တိုင် တိုက်ရိုက်ရှင်းလင်းပြတ်သားစွာမြင်လာနိုင်တော့ ဘတ်သ်အနေနဲ့ အနောက်နိုင်ငံတွေရဲ့ သိပ္ပံနည်းကျ "အသိပညာ" နယ်ပယ်ရဲ့ ဩဇာတိက္ကမကို မေးခွန်းထုတ်ဖို့ ဖြစ်လာခဲ့တယ်လို့ ဆိုပါတယ်။

ဒါက နည်းနည်းတော့ ဘဝင်မကျနိုင်စရာ ဖြစ်ကောင်းဖြစ်နိုင်တယ်လို့ သူကပြောပါတယ်။ ဘာလို့လဲဆိုတော့ ယုတ္တိယုတ္တာနဲ့ အမြဲတိုင်းတတ်တဲ့ သိပ္ပံပညာက သူတွေ့ကြုံခဲ့ရတဲ့ အမှန်တရားကို လက်သင့်ခံနိုင်မှာ မဟုတ်လောက်ဘူးလို့ ထင်လို့ပါတဲ့။ သူကိုယ်တိုင်လည်း ဒီနယ်ပယ်မှာ ကမ္မဋ္ဌာန်းစတင်အားထုတ်ဖို့လုပ်တော့ အတိုင်းအတာတစ်ခုအထိ သံသယတွေရှိနေခဲ့တာပါပဲတဲ့။ ဒါပေမဲ့ သူ့ရဲ့မျက်မြင်ဒိဋ္ဌအတွေ့အကြုံတွေက ဒါဟာ တကယ်စစ်မှန်ကြောင်း သက်သေပြနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ အနောက်နိုင်ငံက လာရောက်အားထုတ်သူတွေဟာ ဒီလိုဓမ္မလမ်းစဉ်ရဲ့ စာတွေ့ပိုင်းနဲ့ လက်တွေ့ပိုင်းတွေအပေါ် ဘာသာပြန်ဆိုချက်တွေဟာ အနောက်နိုင်ငံရဲ့ ကမ္ဘာလောကကြီးအပေါ် သိပ္ပံနည်းကျရှုမြင်ပုံတွေနဲ့ သွားကိုက်ညီနေတဲ့အခါ တော်တော်လေးဝမ်းသာကြည်နူးဖြစ်ကြရတယ်လို့ ပြောပါတယ်။ ဒီလို သိမြင်နားလည်မှုမျိုးက အနောက်ကလာတဲ့ ယောဂီတစ်ဦးကို ဓမ္မမုခ်ဦးရှေ့ ခြေတစ်ဖက်ချစေလာနိုင်တယ်ဆိုရင်ပဲ သူ့ရဲ့ကျင့်ကြံအားထုတ်မှု အားကောင်း နက်ရှိုင်းလာတာနဲ့အမျှ ဗုဒ္ဓဘာသာရဲ့ အံ့ဖွယ်သရဲ "ထူးခြားဆန်းကြယ်" တဲ့ မျက်နှာစာတွေကိုပါ အလိုလိုသိမြင်လာပါလိမ့်မယ်လို့ ဆိုပါတယ်။

ဗုဒ္ဓရှင်တော်မြတ် ဟောကြားတော်မူခဲ့တဲ့ "ဧဟိပဿိကော - လာပါ၊ ကိုယ်တိုင်ရှုကြည့်လှည့်ပါ" ဆိုတဲ့ တရားတော်ရဲ့ ဂုဏ်တော်အတိုင်း အားထုတ်ကျင့်ကြံမှုကပဲ အမှန်တရားကို ဖော်ထုတ်ပြသပေးသွားမှာပါလို့ ဘတ်သ်ကပြောပါတယ်။ ဒီနေရာမှာ "ထင်မြင်ယူဆမှု" ဆိုတာနဲ့ ပတ်သက်ပြီး အစွန်းနှစ်ဘက်ကိုရောက်သွားတာမျိုးလည်းဖြစ်နိုင်ကြောင်း ဘတ်သ်က ဆက်ရှင်းပြပါတယ်။ ဒီလို တရားအတွေ့အကြုံတွေမှန်သမျှကို မဖြစ်နိုင်ပါဘူးဆိုပြီး လုံးဝဘူးခံငြင်းပယ်တာနဲ့ ဘာပဲပြောပြော ပြောသမျှအကုန် ယုံကြည်ပစ်လိုက်တာဆိုတဲ့ အစွန်းနှစ်ဘက်ပါပဲ။ ဒီလိုအစွန်းနှစ်ဘက်မှာ ဘယ်ဘက်ကိုကပ်မလဲဆိုတာက အဲဒီပုဂ္ဂိုလ်စွဲကိုင်ထားတဲ့ တွယ်ငြိမှု အတိမ် အနက်အပေါ် မူတည်နေတယ်လို့ ဆိုပါတယ်။

အဲဒါနဲ့ပတ်သက်လို့ ဘတ်သ်က မုန်တိုင်းထန်နေတဲ့ ပင်လယ်ထဲကလှေတစ်စင်းနဲ့ ဥပမာပေးပါတယ်။ အပေါ် မှာပြောခဲ့တဲ့ အစွန်းရောက်အမြင်တစ်မျိုးမျိုးရှိနေတဲ့သူတွေနဲ့ စကားပြောတဲ့အခါ ကမ္မဋ္ဌာန်း ဆရာမတစ်ဦးအနေနဲ့ သူ့ရဲ့ရည်ရွယ် ချက်ကတော့ ယောဂီကိုလေပေါ်ကတွန်းချပြီး လှိုင်းလုံးကြီးတွေအောက်ရောက်သွားအောင်လုပ်ဖို့မဟုတ်ဘဲ သူအဖို့အနည်းငယ်မျှသော ထောက်တည်ရာဖြစ်ဖြစ် ရနိုင်အောင် ကူညှိုာဖွေပေးဖို့ ဖြစ်တယ်လို့ဆိုပါတယ်။ ဆိုလိုတာကယောဂီဟာ အစပိုင်းမှာ ဘယ်လိုအယူအဆအမျိုးမျိုးကို စွဲကိုင်ထားသည်ဖြစ်စေ သူတို့ရဲ့ကျင့်ကြံအားထုတ်မှုကြောင့် ပွင့်လင်းလာတဲ့ ဉာဏ်ပညာတွေကပဲ သူတို့ကိုလမ်းမှန်ဆီကို ဦးတည်ခေါ်ဆောင်သွားလိမ့်မယ် ဆိုတာပါပဲ။ ယောဂီဖြစ်သူရဲ့ တိုက်ရိုက်သိမြင်နားလည်မှုနဲ့ အယူအဆတွေဟာ ကမ္မဋ္ဌာန်းအကျင့်က ဖော်ထုတ်ပြသတဲ့အတိုင်း တဖြည်းဖြည်းနဲ့အမှန်တရားဆီ ဦးတည်ပြောင်းလဲလာမယ်လို့ ဆိုပါတယ်။

ကမ္မဋ္ဌာန်းဆရာနဲ့ ယောဂီရဲ့ဆက်ဆံရေး၊ ယောဂီရဲ့ နာခံကျိုးနွံမှု ဆိုတဲ့ကိစ္စကလည်း အတော်ကို ဂရုတစိုက်နဲ့ ထိန်းကျောင်းတည့်မတ်ပေးရတဲ့ကိစ္စလို့ ဘတ်သ်ကပြောပါတယ်။ ယောဂီဟာ မလိုလားအပ်တဲ့ နယ်ပယ်ထဲကိုချဉ်းနင်းဝင်ရောက်စပြုနေပြီဆိုရင် နာခံကျိုးနွံမှုဟာ အတိုင်းအတာတစ်ခုအထိ လိုအပ်လာပါတယ်။ မှန်ကန်တဲ့နာခံကျိုးနွံမှုကပဲ စစ်မှန်ပြီးဉာဏ်နဲ့ယှဉ်တဲ့ သဒ္ဓါတရားကို ဖြစ်ပေါ်စေပါတယ်။ အခြားတစ်ဘက်မှာလည်း နာခံကျိုးနွံမှုကြောင့် မျက်ကန်းယုံကြည်မှုကို ဦးတည်သွားတာမျိုးလည်း ရှိနိုင်ပါတယ်။ ဒါဆိုရင်တော့ ယောဂီအနေနဲ့ အန္တရာယ်ရှိတဲ့ နယ်ပယ်ထဲကို ချဉ်းနင်းဝင်ရောက်သွားပြီလို့ ဆိုရမှာပါ။

တကယ်စစ်မှန်တဲ့ဈာန်တရားဟာ ဘယ်လောက်ထိနက်ရှိုင်းပါသလဲဆိုတာနဲ့ ပတ်သက်ပြီးလည်း ဘတ်သ်က ပြောပြပါသေးတယ်။ သမာဓိရဲ့ ပိုပြီး ပေါ့ပါးတဲ့အဆင့်တွေကို အစောပိုင်းသုတ္တန်တွေထဲမှာသာ ပိုပြီးဟောကြားထားတာလို့ အနောက်ဘက်က အချို့ဆရာတွေကထင်တတ်ကြပါတယ်တဲ့။ ဒါက နောက်ပိုင်းမှပေါ်ပေါက်လာတဲ့ အဋ္ဌကထာတွေနဲ့ အဲဒီအဋ္ဌကထာတွေကို အခြေပြုပြီးသင်ပြနေတဲ့ ဖားအောက်နည်းစနစ်နဲ့ဆိုရင်တော့ အဲဒီထင်မြင်ချက်ဟာ ကွဲလွဲနိုင်ပါတယ်တဲ့။ ဒါပေမဲ့ ဘတ်သ်ရဲ့အလိုအရတော့ ဓမ္မဟာလည်း အချိန်ကာလရွေ့လျောလာတာနဲ့အမျှ ဈာန်တရားတွေနဲ့ပတ်သက်တဲ့ အယူအဆတွေဟာလည်း "ရေရောခံလိုက်ရသလို" ဖြစ်ခဲ့ပုံရတယ်လို့ သူကဆိုပါတယ်။

အခုဆိုရင် ဘတ်သ်က အနောက်ဘက်မှာ ကမ္မဋ္ဌာန်းတရားတွေပြသပေးနေရပြီဆိုတော့ ဘင်ပေါင်းစုံက "သမူဟ" ဖြစ်မှုဟာ သိပ်အရေးပါတဲ့အချက်လို့ သူကပြောပါတယ်။ ဘာလို့လဲဆိုတော့ ယခုသူပြပေးနေတဲ့ ကမ္မဋ္ဌာန်းနည်းက အချိန်နဲ့ ခွန်အား အမြောက်အများလိုအပ်တာမို့ တရားစခန်းပွဲတွေလိုမျိုးပါ ပြုလုပ်ပေးဖို့ လိုအပ်လာတာကြောင့်လို့ဆိုပါတယ်။ တခါတလေမှာ ကမ္မဋ္ဌာန်းတရားအား ထုတ်မှုဟာ တရားရိပ်သာပြင်ပကအခြေအနေတွေနဲ့ အင်မတန်ကင်းကွာလာတာမျိုးရှိလာတတ်ပါတယ်တဲ့။ အထူးသဖြင့် မြန်မာပြည်မှာလို ဓမ္မကျင့်ကြံအားထုတ်နိုင်ဖို့ လူ့အဖွဲ့အစည်းကြီးက အင်တိုက်အားတိုက် ဖေးမကူညီပံ့ပိုးပေးတာမျိုးမရှိတဲ့အခါမှာပေါ့လို့ ပြောပါတယ်။ ဒါကြောင့်မို့ သူ့အနေနဲ့ တရားပတ်တွေအတွက် အချိန်ဇယားဆွဲရတဲ့အခါ ကမ္မဋ္ဌာန်းအားထုတ်မှုကို ပံ့ပိုးပေးနိုင်မယ့် အသိုက်အမြုံလေးတစ်ခုထူထောင်နိုင်ဖို့ကိုလည်း တစ်ပြိုင်တည်းကြိုးစားနေရတယ်လို့ ပြောပါတယ်။ ဒါမှသာ သူစောစောကပြောခဲ့တဲ့ သမူဟဖြစ်ဖို့အတွက် အထောက်အကူပြုပေးနိုင်မှာဖြစ်ပါတယ်။

ဖားအောက်ရိပ်သာနဲ့ မြန်မာနိုင်ငံကထွက်ခွာလာပြီးနောက်မှာတော့ သူက သီလရှင်ဝတ်ရက်နဲ့ပဲ စပိန်နိုင်ငံတောင်ပိုင်းက ဂူတွေတစ်လျှောက်မှာ နေထိုင်အားထုတ်ဖြစ်ခဲ့ပါတယ်။ "အဲဒီ ဂူတွေမှာက မူးယစ်ဆေးစွဲသူတွေနဲ့ ရာဇဝတ်သားတွေပဲ အနေများကြတာဆိုတော့ ပြောရရင် ခြေသလုံးအိမ်တိုင် ဂျစ်ပစီတွေချည်းစုနေတဲ့ ပျံကျရပ်ကွက်ကလေးလိုပေါ့" လို့ ဆိုပါတယ်။ ဒါပေမဲ့ ဘယ်သူကမှ သူ့ကိုအန္တရာယ်မပြုကြောင်းနဲ့ တစ်ချို့ဆိုရင် တစထက်တစ တရားထိုင်နည်းသင်ပေးဖို့ လာပြောကြတာမျိုးအထိ ဖြစ်လာခဲ့တယ်လို့ဆိုပါတယ်။

"ဒါနဲ့ပဲ ကျမတို့...ပြောရမယ်ဆိုရင် နည်းနည်းအရိုင်းဆန်တဲ့ တရားအားထုတ်ရာအသိုက်အဝန်းကလေး ဖြစ်ခဲ့တယ်ပေါ့၊ သိပ်ကောင်းတဲ့အချိန်တွေပါပဲ။ တကယ်ပါ၊ အဲဒီအတွေ့အကြုံကနေလည်း ကျမအတွက် သင်ယူစရာတွေအများကြီးရခဲ့ပါတယ်"။ ဒါတင်မကသေးပါဘူး သူမြန်မာပြည်ကထွက်ခွာလာပြီးနောက်မှာ အာဂျန် ဗြမ် (Ajahn Brahm) လို ဆရာတွေဆီမှာလည်း နည်းယူပြီး အားထုတ်ဖြစ်ခဲ့သေးတယ်လို့ဆိုပါတယ်။ ဒါပေမဲ့ အဲဒီဆရာတွေဆီကနေ သူ့ရဲ့ဆရာကိုင်လွယ်အိတ်ကလေးထဲ ထပ်ဖြည့်စရာတွေရလာခဲ့ပေမယ့် ကျင့်ကြံအားထုတ်မှုအပိုင်းကို အပြောင်း အလဲတစုံတရာဖြစ်စေတာမျိုးတော့ မရှိခဲ့ဘူးလို့ဆိုပါတယ်။

၂၀၁၈ ခုနှစ်မှာတော့ သူလူဝတ်လဲဖြစ်ခဲ့ပါတယ်။ လူဝတ်ကြောင်အဖြစ်အကူးအပြောင်းကာလမှာ ပြန်လည်ရုန်းကန်ရတာတွေဟာ လုံးဝမလွယ်ကူခဲ့ဖူးလို့ဆိုပါတယ်။ နှစ်ပေါင်းများစွာသီလရှင်ဘဝနဲ့နေလာခဲ့သူမို့ "အသက်ရှင်ရပ်တည်ရေး" အတတ် ပညာတွေကို အစကနေ တဖန်ပြန်လေ့လာခဲ့ရပါတယ်တဲ့။ အထူးသဖြင့်တော့ သူသီလရှင်ဘဝမှာ ကိုင်တွယ်သုံးစွဲဖို့ရာခွင့်မပြုခဲ့တဲ့ ကိုင်ဖို့လဲစိတ်ကူးမရှိခဲ့တဲ့ "ငွေကြေး" ကိစ္စပါပဲ။ သီလရှင်တစ်ပါးအဖြစ် ဒီလောက်နှစ်ပေါင်းအတော်ကြာအောင်နေထိုင်ခဲ့တာကိုက လောကီထုပ္ပတ်လူတို့ဇာတ်နဲ့ ကင်းကွာမှန်းမသိကင်းကွာခဲ့ပါလားလို့ အဲဒီတော့မှ သူသဘောပေါက်ခဲ့ပါသတဲ့။

အဲဒီအတောအတွင်းမှာလည်း လိင်မှုရေးရာမပါတဲ့ ဆက်ဆံရေးတစ်ခုကို တည်ဆောက်မိခဲ့ကြောင်း ရိုးသားပွင့်လင်းစွာ ဝန်ခံပြောကြားပါသေးတယ်။ ဒါပေမဲ့ အဒီဆက်ဆံရေးက အကြမ်းဖက်တဲ့ဆီထိ ဦးတည်လာတာမို့ သူ့အဖို့စိတ်အထိခိုက်ရဆုံး ကာလတွေဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီအချိန်တွေတုန်းကတော့ သူတရားထိုင်ဖျာ(ကူရှင်)ပေါ်မှာ သင်ယူလေ့ကျင့်ခဲ့သမျှတွေက သူ့ကိုဘာလို့အကူအညီမဖြစ်စေခဲ့တာလဲဆိုတာ နားမလည်နိုင်ခဲ့ပါဘူးတဲ့။ သူ့အနေနဲ့ "ငါ" ဆိုတဲ့ အတ္တစွဲအမြင်ကို ချေဖျက်နိုင်ဖို့ နှစ်ပေါင်းများစွာလေ့ကျင့်ခဲ့သော်ငြားလည်း အဲဒီ "ငါ" ဆိုတဲ့အရာက တစ်ဖက်အကြမ်းဖက်သူကဘောင်ကျော် ပြီးပြုမူလာတဲ့အခါ ဘယ်လိုတုန့်ပြန်ရမယ်ဆိုတာ မသိခဲ့ဘူးလို့ဆိုပါတယ်။ အစပိုင်းတော့ "အင်း..ဒါလည်း ငါ့ကံပေါ့" လို့ သူတွေးမိခဲ့ပေမယ့် နောက် ပိုင်းတော့ "အားလုံးအဆင်ပြေသွားအောင် မေတ္တာပဲပို့နေပါတော့တယ်" လို့သူက ပြောပါတယ်။

တဖြည်းဖြည်းနဲ့ အဲဒီလို မွန်းကြပ်တဲ့ဆက်ဆံရေးကနေ သူကိုယ်သူရုန်းထွက်စေနိုင်ခဲ့ပါတယ်။ အဲဒီဆက်ဆံရေးကနေလည်း ပြန်ပြောင်းဆင်ခြင်စရာ အတွေ့အကြုံတွေ အများကြီးရခဲ့တယ်ပေါ့။ "သင့်အနေနဲ့ တရားကိုစူးစူးစိုက်စိုက် အားထုတ်နိုင်လာပြီဆို ငါဆိုတဲ့အရာကို တစ်စိတ်တစ်ဒေသ ပြန်လည်စွဲကိုင်ပြီး လောကီထဲပြန်ဝင်ရမယ့် ရွေးချယ်မှုမျိုးနဲ့ကြုံတွေ့လာရတတ်ပါတယ်"တဲ့။ "အဲဒီအခါကျရင်လည်း သာသနာ့ဘောင်မှာတုန်းက မသင်ကြားခဲ့ရဖူးတဲ့ အချို့အတတ်ပညာတွေ လိုအပ်လာတော့တာပါပဲ" တဲ့။ ဒါကြောင့်ပဲ ခုလို တရားကျင့်ကြံနေဆဲယောဂီတစ်ဖြစ်လဲ တရားပြဆရာမတစ်ဦးဘဝမှာတော့ "နူးညံ့သိမ်မွေ့သလောက် အားကိုးယုံကြည်ထိုက်တဲ့ အတွင်းအနှစ်သာရပိုင်း" နဲ့ "မာကျောသလောက် အကာအကွယ်ဖြစ်စေတဲ့ အပြင်လွှာအကာပိုင်း" နှစ်ခုကြား သဟဇာတဖြစ်အောင် ထိန်းညှိရင် လောကီပိုင်းနဲ့လောကုတ်ပိုင်းကို ယှဥ်တွဲထားနိုင်ဖို့ ကြိုးစားနေဆဲလို့ ဆိုပါတယ်။

ယခုအချိန်မှာတော့ ဘတ်သ်အနေနဲ့ "ငါ သာသနာ့ဘောင် ဝင်ရင်ကောင်းမလား၊ မကောင်းဘူးလား" ဆိုတာမျိုး မတွေးတော့ပါဘူး ။ အဲဒါထက် လူအဖြစ်နဲ့နေနေ သီလရှင်အဖြစ်နဲ့နေနေ မြတ်စွာဘုရားရှင်ရဲ့ သစ္စာလေးပါးကို ပိုပြီးနက်နက်ရှိုင်းရှိုင်းနားလည်လာအောင်ပဲ ဦးတည်ချက်ထားပါတော့တယ်။ သီလရှင်ဘဝတုန်းကရခဲ့ဖူးတဲ့ အချိန်တွေကသူ့အဖို့ အလွန်တန်ဖိုးရှိခဲ့တယ်ဆိုတာ နားလည်ပေမယ့် အဲဒီတုန်းက သာသနာ့ဘောင်အတွေ့ အကြုံတွေက ယခုလို ဝတ်ကြောင်ဘဝမှာ အတိုင်း အတာတစ်ခုအထိ ကန့်သတ်မှုတွေ ဖြစ်စေခဲ့တယ်လို့ဆိုပါတယ်။

အဲဒီနောက် စကားလမ်းကြောင်းက အဘိဓမ္မာဘက်ကို ရောက်သွားပြန်ပါတယ်။ ထိုင်းနိုင်ငံက တောရဆောက်တည်ကျင့်ကြံနေတဲ့ အစဥ်အလာက သူတို့နည်းသူတို့ဟန်နဲ့ သီးသန့်ရပ်တည်နေတယ်လို့ပြောကြပေမယ့် တကယ်က မြန်မာပြည်က တရားနည်းလမ်းတွေနဲ့ ကျင့်စဥ်ပိုင်းတွေကို အခြေတည်ထားတယ်လို့ ဆိုပါတယ်။ ဘတ်သ်အနေနဲ့ကတော့ အဘိဓမ္မာဆိုတာ တရားထိုင်ရင်းတွေ့ကြုံရမယ့်အရာတွေကို "သိပ္ပံ" နည်းကျကျဖွင့်ဆိုရှင်းလင်းပြထားတဲ့အရာလို့ ယူဆပါတယ်။ အထူးသဖြင့် ဖားအောက်နည်းနဲ့ကျင့်ကြံအားထုတ်ကြတဲ့ ယောဂီတွေအနေနဲ့အဘိဓမ္မာမှာပါဝင်တဲ့ အစိတ်အပိုင်းတိုင်းကို ကိုယ်တိုင်စူးစမ်းလေ့လာပြီး ခံစားသိရှိနိုင်ပါတယ်တဲ့။ တစ်နေ့ သူအချိန်ရရင် အဲဒီအကြောင်းစာအုပ်တစ်အုပ်ရေးထုတ်ဖို့တောင် တွေးထားပါသေးတယ်တဲ့။

ကမ္မဋ္ဌာန်းဆရာတစ်ယောက်ရဲ့ တာဝန်ကိုယူရမှာ အစမှာ ရွံ့တွန့်တွန့်ဖြစ်နေမိပေမယ့် စပိန်နိုင်ငံတောင်ပိုင်းမှာကတည်းက အလေ့အကျင့်ရခဲ့တာမို့ တဖြည်းဖြည်းနဲ့အဆင်ပြေလာခဲ့ပါတယ်။ အနောက်ဘက်မှာ တရားပြလိုတဲ့သူ့ဆန္ဒကို ဖားအောက်ဆရာတော်ကြီးကို လျှောက်ထားကြည့်တော့လည်း ဆရာတော်ကြီးက အားပေးစကား မိန့်ကြားပါတယ်တဲ့။ ဆရာတော့်ထံမှာ သင်ယူအားထုတ်ခဲ့ဖူးတဲ့ ရှိုင်လာ ကတ်သရင်းလို ယောဂီဟောင်းတွေကလည်း အနောက်နိုင်ငံတွေမှာ ကမ္မဋ္ဌာန်းနည်းနာတွေ သင်ကြားပြသပေးနေကြတယ်လို့ အမိန့်ရှိပါတယ်။ ဖားအောက်နည်းနဲ့ တစ်ရာရာနှုန်းပြည့် တူတာတော့မဟုတ်ဘူးပေါ့လေ။ ဒါကြောင့်ပဲ ဘတ်သ်အနေနဲ့လည်း အဲဒီလမ်းကြောင်း အတိုင်းလိုက်ပြီး သူ့ယောဂီတွေကို ပြောင်းလွယ်ပြင်လွယ်ရှိရှိနဲ့ စိတ်ပါလက်ပါသင်ကြားပြသပေးဖို့ ခွန်အားဖြစ်စေခဲ့ပါတယ်။

အဲဒီ ခံယူချက်နဲ့ပဲ ဘတ်သ်ဟာ လိုက်နာကျင့်ကြံသူ ယောဂီတစ်ယောက်စီတိုင်းနဲ့ အံ့ဝင်ခွင်ဂွင်ကျဖြစ်စေမယ့် ကမ္မဋ္ဌာန်းတရားတွေကို ဖားအောက်နည်းနာနိဿယျ အခြေခံပြီး သင်ကြားပြသပေးလျက်ရှိပါတယ်။ ဒီကမ္မဋ္ဌာန်းပြဆရာအလုပ်ကို လုပ်တဲ့အခါ ဒါနပါရမီမြောက်အောင် ဓမ္မဒါနအဖြစ်ပဲပြုလုပ်နေတယ်လို့ဆိုပါတယ်။ ""ကျမဆီကို ဘယ်သူကပဲ တရားပြသပေးဖို့လာ ပြောပြော ကျမဘက်က "ဟုတ်ကဲ့ ရပါတယ်" လို့ပဲ ပြန်ပြောနိုင်ဖို့ သန္နိဋ္ဌာန်ချထားတယ်။ အဲဒါနဲ့ပဲ တရားအပတ်စဥ်တွေ ဦးဆောင်ကျင်းပဖြစ်သွား တော့တာပါပဲ။ လူတွေလည်း အကျိုးရှိသွားတာ မြင်လာရတော့ အရင်ကထက် ကိုယ့်ကိုယ်ကို ယုံကြည်မှုလည်းရှိလာပြီး ပျော်ရွှင်ဝမ်းမြောက်ရပါတယ်။ လိုက်နာကျင့်ကြံသူတွေ တရားအသိဉာဏ်တွေတိုးတက်လာကြတာမြင်ရတော့ ကျမအနေနဲ့ တကယ့်ကို နှစ်သိမ့် ကြည်နူးရတာပါပဲ" လို့ဆိုပါတယ်။

Shwe Lan Ga LayComment