အပိုင်း (၇၈): ပြည်သူ့ဘက်တော်သား ချန်ပီယံ - Dave Leduc

မြန်မာပြည်ကိုချစ်တဲ့ Dave LeDuc။ 

ပြည်တွင်းမှာ မနက်စာမုန့်ဟင်းခါးစားတိုင်း ရဟန်းတော်တွေနဲ့ စကားစမြည် ပြောတယ်။ တစ်ခါတရံ ကောင်ကလေးတွေနဲ့  ခြင်းလုံးဆော့၊ လူကြီးတွေနဲ့ ဆရာသမားတွေအပေါ် ဂါရဝတရားထားသူ၊ လက်ရှိတူရကီမှာနေပေမဲ့ ပုဆိုး(မလေးရှားလုံချည်ကဲ့သို့ မြန်မာရိုးရာအဝတ်အစား)ပုံမှန်ဝတ်ပြီး ဘယ်ရုံးခန်းမှာမဆို ဗမာအလံကို ယူဆောင်သွားသူပါ။ ဒါတွေအားလုံးထက် Dave က ပြိုင်ကွင်းထဲကို လက်အိတ်မပါ၊ ခြေဗလာ ဝင်ရောက်ရတာ နှစ်သက်တတ်သူပါ။ ပြိုင်ဘက်ကို သတိလစ်သွားစေနိုင်လောက်တဲ့ ခေါင်းတိုက်ကွက်ကို ကောင်းကောင်းအသုံးချနိုင်သူပါပဲ။

ခင်ဗျားသိလား။ ဒီပြင်သစ်နွယ်ဖွားကနေဒါနိုင်ငံသားက မြန်မာပြည်ရဲ့ ပထမဦးဆုံးနဲ့ တဦးတည်းသော နိုင်ငံခြားသား လက်ဝှေ့ချန်ပီယံပါပဲ။ ရာစုနှစ်ပေါင်းများစွာကတည်းကရှိခဲ့တဲ့ ရိုးရာကိုယ်ခံပညာ လက်ဝှေ့အားကစားလည်း ဖြစ်ပါတယ်။ ငယ်ငယ်က ဒီအားကစားနည်းကို ကြားဖူးပြီးတော့ ရုတ်တရက်ဆိုသလို ဆွဲဆောင်ခံလိုက်ရပေမဲ့ ဗမာကိုယ်ခံပညာလက်ဝှေ့ယှဉ်ပြိုင်နည်း အသေးစိတ်ကို လေ့လာဖို့ လုံလောက်တဲ့ အချက်အလက်တွေ သူမရှာနိုင်ခဲ့ပါဘူး။  Daveရဲ့ လက်ဝှေ့အပေါ်  စိတ်အားထက်သန်မှုက နောက်ဆုံးမှာတော့ ကမ္ဘာတဝှမ်း မြန်မာရိုးရာလက်ဝှေ့နဲ့တိုင်းပြည်ကိုယ်စားပြုသူအဖြစ် နက်ရှိုင်းတဲ့ဝါသနာထက်သန်မှုကို ရုပ်လုံးဖော်ပေးလိုက်ပါပြီ။ 

ကနေဒါနိုင်ငံ ဂတ်တီနောမှာ ကြီးပြင်းတဲ့ Dave ငယ်ငယ်က နပန်းပွဲတွေကို စိတ်ဝင်စားခဲ့ပါတယ်။ အဲ့ဒီကနေ ကိုယ်ခံပညာပေါင်းစုံကို စိတ်ဝင်စားမှု အလျင်အမြန်တိုးတက်လာပြီး Bruce Lee တို့အသုံးချခဲ့တဲ့ ကိုယ်ခံပညာတွေကို လေ့လာခဲ့ကာ အဲ့ဒီကနေမှတဆင့် တရုတ်မှ Wing Chunနဲ့ ထိုင်းမှ Muay Thai အပါအဝင် အာရှရိုးရာ တိုက်ခိုက်နည်းပေါင်းစုံကို စိတ်ဝင်စားလာပါတယ်။  

နောက်ပိုင်းမှာ ထိုင်းနိုင်ငံရောက်လာခဲ့ပြီး ပြိုင်ပွဲအခွင့်အရေးတွေကို စတင်ရှာဖွေပါတယ်။ သူ့ကိုယ်ခံပညာကို လက်ဝှေ့သင်တန်းသားအဖြစ် လက်ခံနိုင်လောက်တဲ့အဆင့်အထိ ကြိုးစားမြှင့်တင်ထားပြီး မြန်မာပြည်ကို သွားရောက်ယှဉ်ပြိုင်ဖို့ ဖိတ်ခေါ်ခံရဖို့ မျှော်လင့်ခဲ့ပါတယ်။ ပြုပြင်ရေးဌာနကနေပြီး ထင်မှတ်မထားတဲ့ အခွင့်အရေးတခု အနေနဲ့ Dave ကို ထိုင်းနိုင်ငံရဲ့ လုံခြုံရေးအဆင့် အမြင့်ဆုံးအကျဉ်းထောင်က ဖိတ်ခေါ်ခဲ့ပါတယ်။ ပြစ်မှုကြီးကျူးလွန်ထားတဲ့ အကျဉ်းသားနဲ့ ယှဉ်ပြိုင်ရမယ့်ပွဲ ဖြစ်ပါတယ်။ အကျဉ်းသားက အပြစ်ဒဏ်မှ လွတ်မြောက်မှုအတွက် Daveကို အနိုင်ယူရပါမယ်။ ဒါက ထိုင်းနိုင်ငံမှာ ၁၈ရာစုကတည်းက ရှိခဲ့တဲ့ အငြင်းပွားစရာ ဓလေ့တခုပါပဲ။ အလောင်းအစားက ကြီးပါတယ်။ အကျဉ်းသားက Daveကိုနိုင်ရင် ထောင်ကလွတ်မယ်။ ဒါပေမဲ့ Dave ပဲနိုင်သွားပါတယ်။ ဒီအကြောင်းနဲ့ပတ်သက်တဲ့ ရုပ်ရှင်တခု ထုတ်နေတဲ့အကြောင်း လက်ရှိမှာ ပြောဆိုနေကြပါပြီ။ 

Dave က ထိုင်းကြိုးဝိုင်းထဲမှာ နာမည်ကြီးလာပေမဲ့ လက်ဝှေ့အတွက် ရွှေနိုင်ငံမှာ မြုပ်နှံဖို့သာ တမ်းတနေခဲ့ပါတယ်။ အယောင်ဆောင် ဒီမိုကရေစီ အသွင်ပြောင်းလဲရေး ဦးတည်နေတဲ့ မြန်မာပြည်မှာ အချိန်တိုးနေထိုင်ပြီး လက်ဝှေ့ပြိုင်ပွဲတွေ ယှဉ်ပြိုင်ဖို့က မလွယ်ကူသေးပါဘူး။ အံ့ဩစရာ အချိန်ကောင်းလေးတခုမှာ မြန်မာပြည်နဲ့ အဆက်အသွယ်ကောင်းကောင်းရှိတဲ့ သူတယောက်နဲ့  Dave ဆုံမိခဲ့တယ်။

၂၀၁၆မှာ မြန်မာပြည်ကို Dave ရောက်လာပြီး မိသားစုရပြီလို့ ခံစားခဲ့ရတယ်။ သူတွေ့ရတဲ့ ဗမာ့ဓလေ့အရ တဖက်က ကြင်နာရက်ရော ငြိမ်းချမ်းမှု၊ တဖက်က လက်ဝှေ့ကြိုးဝိုင်းထဲက ပြိုင်ပွဲစိတ်ဓာတ် ခြားနားချက်တွေက သူ့အတွက် အလွန်ပဲ ဆန်းကြယ်နေခဲ့ပါတယ်။ "ဗမာ့တိုက်ခိုက်ရေးသမားတွေ အကြောင်းပေ့ါ" Dave က ပြောပြတယ်။ "ဗမာအမျိုးသားတွေက အလွန်ယဉ်ကျေး ကြင်နာတတ်ကြတယ်။ ကြိုးဝိုင်းအပြင်ဘက်... ကျွန်တော့်ဘဝမှာ မြင်ဖူးသမျှ အကြင်နာဆုံးလူသားတွေ။ ဒါပေမဲ့ ကြိုးဝိုင်းထဲမှာတော့ လက်အိတ်မစွပ်၊ အမှတ်ပေးစည်းမျဉ်းမရှိ၊ အနိုင်သတ်တယ်၊ ခေါင်းတိုက်တာလည်း ခွင့်ပြုထားတယ်! ဗမာတွေက လက်ဝှေ့ကို တီထွင်ထားတာ၊ ဒါနဲ့ ကျွန်တော် ကွဲပြားတာခံစားမိတယ်။ ကျွန်တော့်ဘဝမှာ ကြိုက်တဲ့ ပုံစံ၊ ကျွန်တော်က ဟိုမရောက် ဒီမရောက် မကြိုက်ဘူး၊ ဆန့်ကျင်ဘက် အစွန်းရောက်ရတာကြိုက်တာ။ ကျွန်တော် အရမ်းဝါသနာကြီးတဲ့သူ။ ဒါကြောင့် နိုင်ရင်နိုင်၊ ရှုံးရင်ရှုံးဆိုတဲ့ အချက်ကို သဘောကျတယ်။" 

သူ့ရဲ့ပထမဆုံးပြိုင်ဘက်က ရှုံးပွဲမရှိတဲ့ လက်ဝှေ့ချန်ပီယံ ထူးထူး။ အံ့ဩစရာ Dave က အနိုင်ယူလိုက်ပြီးနောက်ပိုင်း မြန်မာပြည်မှာ နေ့ချင်းညချင်း နာမည်ရလာပြီး အဓိကပြိုင်ဘက် ထွန်းထွန်းမင်းနဲ့ ပြိုင်ပွဲ သုံးကြိမ်ယှဉ်ပြိုင်ဖို့ ဖြစ်လာခဲ့ပြီး သုံးကြိမ်လုံး Dave အနိုင်ရခဲ့ပါတယ်။

အဲ့ဒီအချိန်မှာ Dave က မြန်မာပြည်ရဲ့ အမျိုးသား အားကစား ဓလေ့ထုံးတမ်းမှာ အထင်ကရ ပုဂ္ဂိုလ်သဖွယ်ဖြစ်လာပါပြီ။  Irina Terehova နဲ့ လက်ထပ်ပွဲကို မြန်မာ့ရိုးရာအတိုင်း စီစဉ်ကျင်းပပြီး MRTV မှာ တိုက်ရိုက်ရိုက်ကူးရာ လူသန်း ၃၀ ကျော် ကြည့်ရှု့ခဲ့ကြတယ်။ နောက်ဆုံးတခုက မွေးစားအသိုင်းအဝိုင်းမှာ တကယ်သွေးစည်းကြောင်း ပြသချက်အနေနဲ့ တက်တူးထိုးဖို့ ပရိတ်သတ်တွေက လူသိရှင်ကြားတောင်းဆိုလာကြပါတယ်။ ရိုးရာ လက်ဝှေ့ဆေးမင်ကြောင်တွေက ဒီဓလေ့ထုံးစံထဲ တကယ့်လူဖြစ်ကြောင်း၊ တချို့ဆေးမင်ကြောင်တွေက လုံလောက်တဲ့ အာဂသတ္တိရှိမှသာ ထိုက်ထိုက်တန်တန် ခွင့်ပြုချက်နဲ့ ထိုးရတဲ့ အမှတ်အသားတမျိုးပါပဲ။  Dave က ရွှေခါးပတ်ရထားတဲ့အတွက် ထိုက်တန်လားလို့ မေးစရာမလို။ နာမည်ကြီးလက်ဝှေ့ ခေတ်ပြိုင်တိုက်ခိုက်ရေးသမားတွေကို ဆေးမင်ထိုးပေးတဲ့ အများလေးစားကြတဲ့  ၇၅ နှစ်ရှိ နည်းပြဟောင်းဆရာကြီးတဦး မန္တလေးမှာနေပါတယ်။ ဆေးမင်ကို ရိုးရာအတိုင်း ဝါးဖြင့်ထိုးဖို့ အစက ရည်ရွယ်ထားပေမဲ့ ဆရာကြီးက လျှပ်စစ်မင်ကြောင်ထိုးစက်ကို သုံးတဲ့အခါ Dave အရမ်းအံ့ဩနေခဲ့ပါတယ်။ ဘာကြောင့်လဲ။ အဖြေက ရိုးရိုးလေးပဲ၊ သူက အလွန်တရာ ပိုနာကျင်ရလို့ပါ။ ယူဆချက်က ဒီလိုကြီးမားတဲ့ နာကျင်မှုကို ပြင်းပြတဲ့စိတ်ဓာတ်နဲ့ ခံနိုင်ရည်ဖို့က အရေးကြီးတဲ့ အစိတ်အပိုင်းပါပဲ။ ခြေထောက် နှစ်ဖက်စလုံး ထိုးပြီးဖို့ ၂၄ နာရီကြာပါတယ်။

"နာကျင်မှု အကြီးစားကြီးကို ခံနိုင်ရည်ရှိရှိ နေရတယ်။ ဒူးအောက်၊ ပေါင်အတွင်းပိုင်းနဲ့ ဒူးခေါင်းထိပ်နေရာတွေ အလွန်နာကျင်ပါတယ်။ ဆေးမင်ထိုးနေတုန်း နာကျင်တာ သူများမသိစေရဘူး။ နာကျင်မှုဒဏ် ခံနိုင်ကြောင်း မျက်နှာ တချက်မတွန့်စေရဘူး။ အဲ့ဒါလည်း ယောက်ျားတယောက်ရဲ့ လက္ခဏာပဲ။" 

Daveရဲ့ ခုံမင်မှုအကြောင်းပြောရရင် သူ့ရဲ့ပြင်းပြထက်သန်တဲ့ဝါသနာနဲ့  ခြားနာမှုကို သူ့အစားအသောက်မှာလည်း တွေ့နိုင်ပါတယ်။ ကြိုးဝိုင်းပေါ်မှာ တောရိုင်းကောင်လိုဖြစ်အောင် လေ့ကျင့်ထားပေမဲ့ အပြင်မှာတော့ ကရုဏာတရားကို မွေးမြူလေ့ကျက်သူ ဖြစ်ပါတယ်။ သူက တိရစ္ဆာန်ထုတ်ကုန်တွေကို ရှောင်ရှားပြီး တိရစ္ဆာန် ညှင်းပန်းနှိပ်စက်မှုကို မကြာခဏ ထုတ်ဖော်ပြောဆိုသူ ဖြစ်ပါတယ်။ အရင်တုန်းက အသားမစားသူတွေကို လှောင်ပြောင်ခဲ့ပေမဲ့ အခုတော့ ရေခဲမုန့်တောင် မစားတော့တဲ့ Dave က အခုတော့ တင်းကြပ်တဲ့ တိရစ္ဆာန်ထွက်ကုန်ရှောင်ရှား သက်သတ်လွတ်သမား ဖြစ်နေပါပြီ။ တိရစ္ဆာန်ချစ်သူတွေလို့ ကိုယ့်ကိုယ်ကိုယ် သတ်မှတ်ကြတဲ့ သူတော်ကောင်း အယောာင်ဆောင်တွေ အသားတွေစားသုံးနေသေးတဲ့အတွက် Dave က အလုပ်နဲ့သက်သေပြကြဖို့ အမြဲတမ်း လှုံ့ဆော်ပါတယ်။ 

ဒီလိုအကြောင်းတွေက လက်ရှိမြန်မာပြည် ဆန္ဒပြလှုပ်ရှားမှုတွေ ဆက်စပ်လို့ Dave LeDuc က ဘယ်သူဘယ်ဝါဆိုတာ ပြသနေတာပါ။ လက်ဝှေ့ကစားသမားကြီး Mohammad Ali က ဗီယက်နမ်စစ်ပွဲကို ဆန့်ကျင်တဲ့ရပ်တည်ချက်နဲ့ အလားတူပဲ ကြမ်းတမ်းနဲ့ အားကစားကို ရွေးချယ်ထားတဲ့ Dave က သူ့တိုက်ရည်ခိုက်ရည်တွေကို တိုးတက်အောင် အမြဲကြိုးစားပေမဲ့ ဗမာစစ်တပ် နေ့စဉ်ကျူးလွန်နေတဲ့ ကြမ်းကြုတ်မှုတွေကိုတော့ ရွံရှာစက်ဆုပ်နေတာပါ။ 

"တချို့လူတွေပြောကြတယ်။ 'ကြိုးဝိုင်းထဲမှာတော့ လူတွေကို ထိုးကြိတ်နေပြီး ဘယ်လိုလုပ် သက်သတ်လွတ်သမား ဖြစ်ရတာလဲ?' ဟုတ်ပါတယ်။ အဓိကသော့ချက်က သဘောတူညီမှုပါ။ ကျွန်တော်လည်း သဘောတူတယ်။ ကျွန်တော့်ပြိုင်ဘက်ကလည်း သဘောတူညီတယ်လေ။ အဲ့အတွက် ကျွန်တော်တို့က ပိုက်ဆံရတယ်။ ကျွန်တော်က သူ့လည်မျိုကိုမှာ လှီးဖြတ်မှာ၊ သတ်ဖြတ်မှာ မဟုတ်ပါဘူး။ ကျွန်တော်တို့တွေ ပဋိပက္ခဖြစ်ကြတဲ့အခါ ဒါမှမဟုတ် တခြားတဖက်က သဘောမတူတဲ့အခါ၊ တခြားတဖက်က လက်နက်အင်အားတောင့်တင်းနေတာ စတာတွေနဲ့ ယှဉ်ရင် တခြားစီပါပဲ။ ကျွန်တော်တို့ တိုက်မယ်လို့ပြောရင် နှစ်ဖက်စလုံး လက်နက်အရ မျှတရမယ်၊ အရည်အချင်းမျှတရမယ်၊ ပြီးရင် ကျွန်တော်တို့ကြည့်မယ် 'ဘယ်သူအကောင်းဆုံးလဲ၊ အကောင်းဆုံးသူ နိုင်မယ်' ဒါပေမဲ့ စစ်တပ်မှာ လက်နက်၊ သေနတ်၊ တင့်ကား၊ ကျည်ကာစတာတွေရှိတယ်။ ကျွန်တော့်ညီတွေညီမတွေမှာရှိတာ လောက်လေးဂွနဲ့ ကျောက်ခဲတွေပဲ။ ကျွန်တော့်မှာ အစွမ်းမရှိသလို ခံစားရတယ်။ နာကျည်း ဝမ်းနည်းတယ်။ ငိုခဲ့ရတဲ့အချိန်တွေရှိတယ်။ ကျွန်တော် ဘာလုပ်ရမလဲ မသိဘူး။ လုပ်နိုင်တာတခုကတော့ လူတွေ သတိထားမိအောင်လှုံ့ဆော်မယ်၊ ကျွန်တော့်လူတွေကိုပြောပြီး ပိုက်ဆံပို့မယ်။

မွေထိုင်းက ထိုင်းနိုင်ငံကို ကမ္ဘာ့မြေပုံမှာ ထင်ရှားအောင် ရင်းနှီးမြှုပ်နှံမှုနဲ့ ခရီးသွားကဏ္ဍမြှင့်လာအောင် စွမ်းဆောင်နိုင်တာကို သိထားတဲ့ Dave က မြန်မာ့လက်ဝှေ့ကို ကမ္ဘာမှာ ကဏ္ဍတရပ်အနေနဲ့ ပွဲထုတ်နိုင်ဖို့ ကြိုးစားနေရင်း ကြုံတွေနေရတာ အားလုံးက Dave အတွက် ကြေကွဲစရာပါပဲ။ တကယ်တမ်း မြန်မာပြည်မှာ မနေတော့ပေမဲ့ လက်ဝှေ့အားကစားစတင်ရာတိုင်းပြည်ရဲ့ ကိုယ်စားပြုအနေနဲ့ ဂုဏ်ယူနေတုန်းပါပဲ။ ဥရောပတဝှမ်း ကိုယ်ခံပညာလေ့ကျင့်ရေးသင်တန်းတွေကို ကြီးကြပ်နေပြီး ၂၀၂၁ အစီအစဉ်တွေအတွက် မြန်မာ့ဟိုတယ်နှင့်ခရီသွားဝန်ကြီးဌာနနဲ့ ပူးပေါင်းခဲ့ပါတယ်။ ကံမကောင်းစွာ အာဏာသိမ်းမှုနဲ့အတူ အားလုံးရွှေ့ဆိုင်းပြီး ဖျက်သိမ်းလိုက်ဖို့ ဖြစ်သွားပါပြီ။    

Dave က ပြည်တွင်းမှာ နေသူတွေလို သေရေးရှင်ရေးပြဿနာနဲ့ ရင်ဆိုင်မနေရပေမဲ့ ထုတ်ဖော်ပြောဆိုဖို့ရွေးချယ်မှုက သူ့အမှတ်တံဆိပ်နဲ့ အသက်မွေးဆိုင်ရာ လုပ်ငန်းအတွက်  ချက်ချင်းသက်ရောက်မှု ရှိနိုင်တယ်ဆိုတာ နားလည်ထားပါတယ်။ ဒီနေ့ အခြားတက်ကြွလှုပ်ရှားသူတွေလိုပါပဲ၊ နှုတ်ဆိတ်နေဖို့ ငြင်းဆန်တယ်ဆိုရင် မြန်မာပြည်မှာ သူမျှော်လင့်တဲ့ စီးပွားရေးအလားအလာတွေ ပိတ်ပင်သွားမှာ၊ အနာဂတ်မှာ ကိုယ်တိုင် ပြန်လာပြီး လည်ပတ်ဖို့ မသေချာတော့တာလည်း သိပါတယ်။ ဒါက ပေါ့ပေါ့တန်တန် ဆုံးဖြတ်ချက် မဟုတ်ပေမဲ့ Dave အတွက် တခုတည်းသော ဆုံးဖြတ်ချက်ပဲ။ အခက်အခဲတွေကြားက ဗမာပြည်သူတွေနဲ့အတူ ရပ်တည်တိုက်ပွဲဝင်ဖို့ ဆုံးဖြတ်ခဲ့တာပါပဲ။ 

ဒါက သူ့ရဲ့အပိတ်အမှာစကားဖြစ်ပါတယ်။ "ဆက်လက်တိုက်ပွဲဝင်ပါ၊ အားတင်းထားပါ၊ ခင်ဗျားတို့ကို ပစ်မထားပါဘူး၊ ကမ္ဘာကြီးမှာ ခင်ဗျားတို့အတွက် မေတ္တာအများကြီးရှိပါတယ်။ လူတွေက အတတ်နိုင်ဆုံးကြိုးစားပြီး ခင်ဗျားတို့ကို ကူညီဖို့ ပိုက်ဆံတွေပို့တယ်။ အရေးကြီးဆုံးတချက်က ကောင်းမှုက မကောင်းမှုကို အမြဲနိုင်စမြဲပါ၊ ဒါကြောင့် ကောင်းကောင်းမွန်မွန်နေကြပါ၊ မျှော်လင့်ချက်နဲ့ အသက်ရှင်ပါ။" 

Shwe Lan Ga LayComment