အပိုင်း (၇၇): အနုပညာသည် တော်လှန်ရေး

ဒါကတော့ ကျွန်တော်တို့ရဲ့ "မြန်မာပြည်သို့ မေတ္တာစာလွှာများ" အခန်းဆက်ရဲ့ ပဉ္စမမြောက်အပိုင်းလေး ဖြစ်ပါတယ်။ အရင်က အပိုင်းလေးတွမှာ ဒီလိုအကြောင်းအရာမျိုးစုံကို ထုတ်ဖော်ထားခဲ့ပါတယ်။ ကမ္ဘာတဝှမ်းက တရားအားထုတ်သူများအတွက် ဗမာပြည်မှ ဗုဒ္ဓဘာသာကမ္မဋ္ဌာန်းအားထုတ်နည်းများ၏ အခန်းကဏ္ဍ၊ နိုင်ငံခြားရောက်ဗမာတို့ရဲ့ အတွေ့အကြုံများ၊ နိုင်ငံခြားသားခရီးသွားများနဲ့ အလုပ်လုပ်ကြသူများရဲ့ရင်တွင်းဖြစ်များစတဲ့ အကြောင်းအရာပေါင်းစုံနဲ့ တင်ဆက်ခဲ့ပါတယ်။ အခုဒီအပိုင်းလေးမှာတော့ ဒီမိုကရေစီ လှုပ်ရှားမှုအတွက် အနုပညာရှင်တွေရဲ့ အခန်းကဏ္ဍကို အဓိကထားတင်ဆက်သွားမှာပါ။ 

 အနုပညာဖန်တီးမှုတွေက နိုင်ငံရေးလှုပ်ရှားမှုတွေနဲ့ ရောယှက်နေတယ်ဆိုတာ အသစ်အဆန်းမဟုတ်သလို မြန်မာပြည်က လက်ရှိအခြေအနေကြောင့်မှ ထူးခြားနေတာမျိုးလည်းမဟုတ်ပါဘူး။ ၂ ရာစုနှစ်မှ ရိုမန်အတွေးအခေါ်ပညာရှင် Atticus ရေးသားထားခဲ့တဲ့ "အနုပညာအားလုံးက အာဏာရှင်ကို ဆန့်ကျင်တော်လှန်ခြင်းပါပဲ"တဲ့။ ဒီစကားက အနုပညာရှင်တွေတယောက်ချင်းစီ အနည်းငယ်စီကွဲလွဲကြပေမဲ့ အချိန်နဲ့နေရာကိုမူတည်ပြီး အနုပညာလက်ရာတွေကတော့ တရားမမျှတမှုကို ဆန့်ကျင်တဲ့ အဓိပ္ပါယ် ဖော်ထုတ်တဲ့နေရာတွေမှာ သူတို့ရဲ့ ကိုယ်ပိုင်လွတ်လပ်ခွင့်ကို အသုံးချရင်း ပြသကြတယ်ဆိုတဲ့ အကြောင်းပါပဲ။

လက်ရှိ အချိန်မှာတော့ ဗမာလူမျိုးတွေက စနစ်တကျဖွဲ့စည်းထားတဲ့ စစ်တပ်ရဲ့ တိုက်ခိုက်မှု၊ ပစ်ခတ်မှု၊ ဗုံးကျဲမှု၊ မုဒိမ်းမှု၊ မတရားဖမ်းဆီးမှု၊ ညှဉ်းပန်းနှိပ်စက်မှု၊ မိတ်ဆွေနဲ့ မိသားစုဝင်များ နေ့စဉ် မတရားအဖမ်းခံ အသတ်ခံရမှုတွေကို လွန်ခဲ့တဲ့နှစ်ကတည်းက ဒီရှင်သန်ခြင်း သေဆုံးခြင်းကိစ္စတွေမှာ ရုန်းကန်နေရဆဲဖြစ်ပြီး လမ်းဆုံးကိုမတွေ့နိုင်သေးပါဘူး။ အခုဆို အနုပညာရှင်တွေက အခြေခံလူ့အခွင့်အရေး၊ ဂုဏ်သိက္ခာနဲ့ လွတ်လပ်မှု လှုပ်ရှားမှုရဲ့ ရှေ့တန်းမှာပါဝင်နေကြပြီ။ ဒါပေမဲ့ ဒီလောက် ဒုက္ခရောက်နေတဲ့ အခြေအနေတွေကြားက ရှိသမျှအချိန်နဲ့ ဘယ်နေရာကနေပြီး အနုပညာကို ဖန်တီးနေကြတယ်ဆိုရင် အံ့ဩစရာကောင်းနေလိမ့်မယ်။ ဟုတ်ပါတယ်။ ဒါအခုလက်ရှိမှာ ဖြစ်နေတာပါပဲ။ ခေတ်ကောင်းစဉ်ကာလက ဇိမ်ခံမှုတွေနဲ့ အလှမ်းဝေးနေကြပေမဲ့ ဒီကာလမှာတော့ အနုပညာဆန်ဆန် လှုံ့ဆော်မှုက မရှိမဖြစ်ပါပဲ!

ပထမဆုံး ဧည့်သည်ကတော့ "Dickcouncil" ခေါင်းစဉ်တပ်ထားတဲ့ Rap Agaist Juntaရဲ့ နောက်ဆုံးထွက် အယ်လ်ဘမ်ရဲ့ ထုတ်လုပ်သူ Aye Win ဖြစ်ပါတယ်။ Aye Win က နိုင်ငံတလွှားက ဟစ်ဟော့ပ် အနုပညာရှင် တဒါဇင်လောက်ကို စစ်တပ်ကို သံစဉ်တွေနဲ့ ဆဲဆိုပြီး ဒီအကျပ်အတည်းကာလမှာ ပြည်သူတွေရဲ့စိတ်ဓာတ်ကို လှုံဆော်ထားပါတယ်။ဒီအပိုင်းမှာ ထည့်သွင်းထားတဲ့ သီချင်းတွေက အဲ့ဒီအယ်လ်ဘမ်ထဲက ဖြစ်ပါတယ်။

နောက်တဦးကတော့ May ပါ။ ပုံမှန်နားဆင်သူ သောတရှင်တွေ သူမအသံကို ချက်ချင်းမှတ်မိနိုင်လောက်ပါတယ်။ အရင်အပိုင်းလေးတွေမှာ ကဗျာတို၊ စာတို၊ ဇာတ်လမ်းတိုလေးတွေကို ကြည်လင်ပြတ်သားစွာ ဖတ်ပြပေးခဲ့သူပါ။ သူမရဲ့စွမ်းရည်ကတော့ အသံနဲ့သာမက ကမ္ဘာတဝှမ်းက လူတွေရဲ့ ပုံတူပန်းချီတွေနဲ့ အစွမ်းပြထားပါသေးတယ်။ အဲ့ဒီကရသမျှအားလုံးကို အာဏာဖီဆန်ရေးလှုပ်ရှားမှုမှာပါဝင်ကြတဲ့ ပြည်သူတွေကို ကူညီဖို့အတွက် သူမရဲ့အဖွဲ့အစည်းအနေနဲ့ ရန်ပုံငွေလည်း ဖြစ်ပါတယ်။ လက်ရှိ ဂျပန်မှာနေထိုင်နေတဲ့ May က အာဏာသိမ်းမှုအပေါ် ဂျပန်လူမျိုးတွေရဲ့ တုံ့ပြန်မှုအကြောင်းနဲ့ ဗမာပြည်မှ ဂျပန်ကို ရွှေ့ပြောင်းအလုပ်လုပ်ကိုင်ကြသူတွေရဲ့ ဘဝအကြောင်းကို မျှဝေထားပါတယ်။

နောက်ဆုံးဧည့်သည်က Alex ဖြစ်ပါတယ်။ လွန်ခဲ့တဲ့နှစ်တွေက မြန်မာပြည်တလျှောက် သာမာန် ကျောပိုးအိတ်လွယ်ခရီးသွားလုပ်ငန်းကို တာဝန်ယူခဲ့သူ ဩစတေးလျလူမျိုးဖြစ်ပါတယ်။ မြန်မာပြည်ကို မြတ်နိုးစွာနဲ့ ကျေးရွာ စာသင်ကျောင်းဆောက်လုပ်ရေး စီမံကိန်းတွေမှာ ကူညီဖို့ မိတ်ဆွေတဦးနဲ့အတူ ပြန်လည်ရောက်ရှိလာခဲ့ပါသေးတယ်။ အဲ့ဒီတုန်းက Alexရဲ့တာဝန်က နံရံအသစ်တွေပေါ်မှာ ပန်းချီရေးရတာပါ။ ဒီတာဝန်က အခု အာဏာသိမ်းပြီး နောက်တကျော့ သူ့ဆီပြန်ရောက်လာခဲ့ပါပြီ။ နံရံဆေးရေးပန်းချီတွေ ဂရပ်ဖီတီတွေကို နေရာအနှံ့တွေရတဲ့ မြို့ကြီး မွန်ထရီရယ်မှာ နေခဲ့ရတဲ့အချိန် သူနဲ့သူ့မိတ်ဆွေတို့အတူ ဒီမိုကရေစီလှုပ် ရှားမှုကို ထောက်ခံအားပေးကြောင်းပြသခြင်းနှင့် တိုင်းပြည်အကြောင်း နံရံဆေးရေး ပုံဖော်ခြင်း စတာတွေကို  အစောပိုင်းကာလ မန္တလေးမှာ ဝမ်းနည်းဖွယ် အသတ်ခံလိုက်ရတဲ့ အိန်ဂျယ်လို့ သိကြတဲ့ အမျိုးသမီးငယ်လေးကို ဂုဏ်ပြုရင်း လုပ်ဆောင်ခဲ့ပါတယ်။

မြန်မာပြည်က ဒီမိုကရေစီတော်လှန်ရေးကာလမှာ အနုပညာရှင်တွေရဲ့ အခန်းကဏ္ဍကို ဒီအပိုင်းလေးကို နားထောင်ရုံဖြင့် လိုရာစွဲကောက်ချက် မချသင့်ပါဘူး။ အဲ့ဒါထက် ဒီစကားဝိုင်းရဲ့ တစိတ်တပိုင်းအနေနဲ့သာ သတ်မှတ်သင့်ပါတယ်။ အမှန်တကယ်က ကျွန်တော်တို့ရဲ့ ထုတ်လုပ်ထားပြီးသားအပိုင်းတွေနဲ့ နောက်ထွက်ရှိလာမယ့်အပိုင်းတွေမှာ ဒီကဏ္ဍကို နက်နက်နဲနဲ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးသွားဦးမှာပါ။ ဥပမာအနေနဲ့ ကျွန်တော်တို့ လောလောလတ်လတ် ထုတ်လုပ်ထားခဲ့တဲ့ အင်ဒီဂီတအဖွဲ့ Side Effect မှ Darko နဲ့ဆွေးနွေးမှု၊ ပန့်ခ်ဂီတအဖွဲ့ Rebel Riot မှ Kyaw Kyaw နဲ့ ဆွေးနွေးမှု၊ Rap Against Junta အဖွဲ့မှ ရက်ပါ 882021 နဲ့ဆွေးနွေးမှုတွေ ဖြစ်ပါတယ်။ နောက်ပြီး ချစ်ခင်ရပါတဲ့ အဝေးရောက် မြေအောက်အနုပညာရှင် Bart Was Not Here နဲ့ဆွေးနွေးမှုလည်း မကြာခင် ထွက်လာဖို့ရှိပါတယ်။ သူက ရုပ်ပြ၊ ပန်းချီ၊ ပန်းပု ရုပ်ထုတွေ ဖန်တီးနေသူဖြစ်ပြီး တိုင်းပြည်မှထွက်ခွါပြီး ပဲရစ်မှာနေထိုင်နေပါတယ်။  

Insight Myanmar နဲ့အတူ ဒီနှစ်အစောပိုင်း GM4MD အဖွဲ့နဲ့ပူးပေါင်းထားတဲ့ အနုပညာလေလံပွဲကို သောတရှင်တွေ မှတ်မိပါလိမ့်မယ်။ သတင်းကောင်းလေးကတော့ ဒီဇင်ဘာမှာ နောက်ထပ်လေလံပွဲကျင်းပမှာမို့ သတင်းတွေစောင့်မျှော်ကြပါဦး။ တချို့အနုပညာလက်ရာတွေက ပုန်းရှောင်နေတဲ့ CDM ဝန်ထမ်းတွေဖန်တီးမှုလက်ရာတွေဖြစ်ပြီး နောက်ထပ်အနုပညာနှင့် တော်လှန်ရေး ရောယှက်မှုကို စိတ်ဝင်စားဖွယ်ရာ ဖော်ပြပေးသွားမှာပါ။

၂ရာစုနှစ် အစောပိုင်း ရိုမန်အတွေးအခေါ်ပညာရှင်ကို ကိုးကားထားသလို လူသိများကျော်ကြားတဲ့ Albert Einstein ကိုလည်း အမှတ်ရသွားစေပါတယ်။ "တော်လှန်ရေးက ကျွန်တော့်ကို အနုပညာနဲ့ မိတ်ဆက်ပြီး အပြန်အလှန်အားဖြင့် အနုပညာကလည်း ကျွန်တော့်ကို တော်လှန်ရေးနဲ့ မိတ်ဆက်ပေးခဲ့တယ်!"လို့  Einstein က ဆိုခဲ့ပါတယ်။ မြန်မာပြည်မှာ ဒီမိုကရေစီတော်လှန်ရေးကြီး စတင်နေခဲ့ပြီဆိုတာ သောတရှင်တွေ ကောင်းကောင်းကြီး နားလည်ထားကြပေမဲ့ ဒီအပိုင်းလေးကြောင့် တပ်မတော်ရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို တော်လှန်တဲ့နေရာမှာ ကြီးကျယ်တဲ့ အနုပညာအတွေအကြောင်းကို ပိုပြီးသိနိုင်လိမ့်မယ်လို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်။ 

Shwe Lan Ga LayComment