အပိုင်း (၇၆): တော်လှန်ရေးထဲက Side Effect

ဗမာအနုပညာရှင်တွေက လူသတ်စစ်အစိုးရကို ဆန့်ကျင်တဲ့နေရာမှာ သူတို့ရဲ့ရဲစွမ်းသတ္တိကြောင့် ကမ္ဘာတဝှမ်းက အသိအမှတ်ပြုမှု ရရှိနေကြပါပြီ။ ဒါတွေက မျိုးဆက်သစ်လူငယ်တွေအတွက် အဆန်းလိုဖြစ်နေပေမဲ့ အနုပညာဂီတနဲ့ ဆန့်ကျင်ဆန္ဒပြတဲ့ကိစ္စတွေမှာ Darko က အချိန်တခုအထိ လုပ်ဆောင်နေခဲ့ပြီးသားပါ။ Side Effect လို့ခေါ်တဲ့ အင်ဒီဂီတအဖွဲ့ကို လွန်ခဲ့တဲ့ ဆယ်စုနှစ် နှစ်စုလောက်မှာတည်းက တည်ထောင်ထားခဲ့ပြီး ဂီတနဲ့ အသက်မွေးလာခဲ့ကာ နိုင်ငံရေးအပြောင်းအလဲ ဒီရေအတက်အကျတွေကို ထင်ဟပ်စေခဲ့သူပါပဲ။

အစောပိုင်းကာလမှာ "Secret"လို့ အမည်ရတဲ့ သီချင်းတပုဒ်ကို Side Effect အဖွဲ့က ဖြန့်ချီထားကြောင်း ပြောပြပါတယ်။ သီချင်းခေါင်းစီးနဲ့ပတ်သက်လို့ အဆိုတော်က တိုင်းပြည်ကို စစ်တပ်ဖျက်ဆီးလိုက်တဲ့အကြောင်းနဲ့ ခါးခါးသီးသီးမုန်းတဲ့အကြောင်း၊ အမှန်တရားကို အတိအလင်း ဖော်ထုတ်ဖို့ ကြောက်နေခဲ့တဲ့ အကြောင်းတွေပါ။ "အဓိပ္ပါယ်က တိတိကျကျမဟုတ်ဘူး။ အခုတော့ ငယ်ငယ်တုန်းက ကြီးမားတဲ့ပြဿနာတွေကို ထုတ်ပြောဖို့ ကြောက်နေခဲ့တဲ့အကြောင်း လုံးဝ ပြန်သတိရစေပါတယ်။ တကယ်က စစ်တပ်အကြောင်းပါပဲ။ အရင်တုန်းက လူတိုင်းမုန်းပေမဲ့ ဘယ်သူမှထုတ်မပြောရဲဘူး။ ကျွန်တော်ရောပဲ။ အဖမ်းခံရပြီး ထောင်ကျမှာ ကြောက်ခဲ့တာ။ အဲ့ဒါကြောင့် ကိုယ့်အကြောင်းကိုယ် လျှို့လျှို့ဝှက်ဝှက် ကြိုးစားပြီး ဖော်ထုတ်ခဲ့တာပါ"တဲ့။ 

ဂီတအပြင် Darko ရဲ့တခြားဝါသနာက တရားအားထုတ်တာဖြစ်ပေမဲ့ သူ့ကိုယ်သူ မိရိုးဖလာ ဗုဒ္ဓဘာသာလို့ မခံယူပါဘူး။ Rebel Riotအဖွဲ့က ကျော်ကျော့်အတိုင်းပါပဲ။ အစောပိုင်း သူအလေးထားခဲ့တဲ့ ကျင့်စဉ်တွေနဲ့  ပန့်ခ်ဂီတကို မြတ်နိုးမှုနဲ့ပတ်သက်ပြီး သူကိုယ်တိုင်သိရှိခဲ့တာက ဘယ်ဘာသာရေးဖွဲ့အစည်းကိုဖြစ်ပါစေ မယုံကြည်မှုတွေပဲ တိုးပွားနေကြောင်း ရိုဟင်ဂျာအရေးအခင်းနောက်ပိုင်း ဒီမယုံကြည်မှုက ပိုဆိုးလာကြောင်း ပြောပါတယ်။

ရိုဟင်ဂျာဆန့်ကျင်ရေးလှုပ်ရှားမှုတွေအကြောင်း ကြားသိရခါစမှာ တခြားဗမာတွေလို Darko ဘာလုပ်ရမလဲ မသိခဲ့ပါဘူး။ ဒါကြောင့် စခန်းတွေဆီကို ကိုယ်တိုင်သွားကြည့်ဖို့ ခရီးထွက်ခဲ့ပြီး မျက်မြင်ကိုယ်တွေ့ တွေ့ရတဲ့အပေါ် အံ့အားသင့်ခဲ့ပါတယ်။ အပြင်မှာ တကယ်ဖြစ်ပျက်နေတာတွေက အွန်လိုင်းနဲ့ သတင်းစာတွေမှာ တင်ပြနေတာတွေထက် အများကြီး ဆိုးရွားနေတာကြောင့်ပါပဲ။ "ကိုလိုနီခေတ်က လူဖြူတယောက်လိုမျိုး" ခံစားမိကြောင်းနဲ့ ကိုယ့်ရဲ့အခွင့်ထူးခံစားနေမှုအပေါ် အပြစ်မကင်းတဲ့ခံစားမှုကို ရင်ဆိုင်ကျော်လွှားခဲ့ရကြောင်း ပြောပါတယ်။ ရိုဟင်ဂျာတွေ ဘယ်လိုဆက်ဆံခံရသလဲဆိုတာ မြင်ရလို့ စိတ်ထိခိုက်ခဲ့ရပြီး အထူးသဖြင့် အထက်တန်းကျောင်းက စာတော်တဲ့ကလေးမလေးနဲ့ တွေ့ဆုံတဲ့အခါမှာ ပိုပြီးစိတ်မကောင်းဖြစ်ရပါတယ်။ သူမရဲ့ လူမျိုးဘာသာရေးနောက်ခံကြောင့် တက္ကသိုလ်တက်ခွင့်မရပါဘူး။ "ကိုယ့်ကိုယ်ကိုယ်လည်း ဒေါသထွက်ခဲ့တယ်။ ငါဘာလို့မသိတာလဲ။ ဒီခေတ်ရေစီးကြောင်းလိုက်တဲ့ မီဒီယာတွေအားလုံးကို ဘာလို့ယုံခဲ့တာလဲ။" သူ့ကိုယ်သူ ထပ်ခါထပ်ခါ မေးခွန်းထုတ်နေခဲ့ပါတယ်။ ရန်ကုန်ပြန်ရောက်တော့ မြင်တွေ့ခဲ့ရသမျှ အားလုံးသိအောင် ပြန်ပြီးပြောပြတာကိုပဲ တာဝန်တခုလို လုပ်ဆောင်ခဲ့ပါတယ်။   

စခန်းတွေဆီကို အခါအားလျော်စွာ ပြန်လာပြီး မိတ်ဆွေတွေကိုလည်း အတူလိုက်ခဲ့ဖို့ မီဒီယာတွေမှာ မဖော်ပြတဲ့အကြောင်းအရာတွေကို ကိုယ်တိုင်တွေ့နိုင်အောင် တိုက်တွန်းပါတယ်။ ဒီအတွေ့အကြုံကနေ မကြာသေးမီကာလက မွတ်ဆလင်ဆန့်ကျင်ရေး အထိကရုန်းဖြစ်ပွားခဲ့တဲ့ မိတ္ထီလာမြို့အကြောင်းပြုပြီး “Meiktila”ဆိုတဲ့ သီချင်းဖြစ်လာခဲ့ပါတယ်။ "အချိန်က ကျွန်တော် နိုးလာတဲ့အချိန်။ အရမ်းကြေကွဲရတယ်။ ဒါနဲ့ပတ်သက်ပြီး တခုခုလုပ်ချင်တယ်...ဒီသီချင်းက ကျွန်တော့်ရဲ့တခုတည်းသော ထွက်ရှိထားတာလေးပါ။"  

ဖေဖော်ဝါရီ အာဏာသိမ်းမှုမှာ တပ်မတော်ရဲ့ကြမ်းကြုတ်မှုနဲ့ အန္တရာယ်တွေက ဗမာပြည်သူအများစု နိုးထစေမဲ့ သင်ခန်းစာတွေဖြစ်ပေမဲ့ Darkoအတွက်ကတော့ နှစ်ပေါင်းများစွာတည်းက လေ့လာပြီးသား သင်ခန်းစာတွေပါပဲ။ "ရက်စက်ကြမ်းကြုတ်မှုတွေက အခုဆို ကျွန်တော်တို့ မျက်စိရှေ့မှောက် ရောက်လာခဲ့ပြီ။ လူတွေလည်း သူတို့မယုံကြည်ခဲ့တဲ့ ဖြစ်ရပ်တွေက...အမှန်တွေပဲဆိုတာ [သဘောပေါက်လာကြပြီ]။" တနည်းပြောရရင် Darko လွန်ခဲ့တဲ့နှစ်တွေက သိထားခဲ့တဲ့အရာကို ဗမာပြည်သူတရပ်လုံး အခုမှသိပြီး ရင်ဆိုင်နေရတာပါပဲ။ 

"၂၀၁၅နောက်ပိုင်း ရိုဟင်ဂျာတွေနဲ့ပတ်သက်လို့ အတွေ့အကြုံရပြီးနောက် ကိုယ့်အဖွဲ့အစည်း ကိုယ့်အသိုင်းအဝိုင်းကို မေးခွန်းထုတ်ခဲ့တယ်။" မွတ်ဆလင်တွေအပေါ်အကြမ်းဖက်မှုကို အကြောင်းပြချက်ပေးဖို့အတွက် ဗုဒ္ဓဘာသာဗမာတွေက မြတ်စွာဘုရားကို ကိုးကားပြီး ပြောကြတာကို ကြားရတဲ့အခါ ဘာသာရေးအဖွဲ့အစည်းတွေက မြတ်စွာဘုရားရဲ့ အဆုံးအမတွေကို ဘယ်လိုခြယ်လှယ်နေလဲဆိုတာ မေးခွန်းထုတ်စရာဖြစ်လာပါပြီ။ သူ့အတွက် သည်းခံမှုအတိုင်းအတာကုန်သွားခဲ့တဲ့ အနေအထားကတော့ ဗုဒ္ဓဘာသာဘုန်းကြီးတွေက ဒီကိစ္စကို ထောက်ခံနေကြတာပါပဲ။ "ကျွန်တော့် ကိုးကွယ်တဲ့ဘာသာကို စွန့်လွှတ်ဖို့လိုနေပြီ"လို့ ပြောတယ်။ အမှန်က သူရဲ့ကိုယ်ပိုင်ဝိသေသတွေကို စွန့်လွှတ်ချင်ခဲ့တာ။ "ကျွန်တော် ဗမာလူမျိုးတယောက်ဖြစ်နေခြင်းကို ရှုတ်ချချင်ပေမဲ့ ဘယ်လိုလုပ်ရမလဲ မသိခဲ့ဘူး။ ကျွန်တော့်က ကမ္ဘာ့နိုင်ငံသားပါ။ ဒီလူသားတွေကို ခွဲခြားထားတဲ့ အတန်းအစားအားလုံးကို ဘယ်လိုကျော်လွှားကြမလဲ။"

ဗုဒ္ဓဘာသာဗမာအဖြစ်ကနေ ပြောင်းလဲခြင်းက အခြေတည်စ ကမ္မဋ္ဌာန်းအားထုတ်မှုကို တကယ်အဝေးကို စွန့်ခွါသွားစေတာပဲ။ Youtube ဗီဒီယိုတွေမှ တနေ့ကို ၁၀မိနစ်စာ တရားအားထုတ်နည်းတွေကနေ စိတ်သက်သာရာရဖို့ ရှာဖွေပြီး နောက်ဆုံးမှာတော့ သမိုင်းထဲက ဗုဒ္ဓနဲ့ ရပ်တည်မှုအပေါ် စိတ်ဝင်စားလာခဲ့ပါတယ်။ "ဗုဒ္ဓက ကမ္မဋ္ဌာန်းတွေကို တီထွင်ခဲ့တာမဟုတ်ဘူး။ သူက နည်းလမ်းတွေကို အသုံးချခဲ့တာ။ သူက လမ်းကိုလျှောက်တယ်၊ ခင်ဗျားလည်း လုပ်နိုင်ပါတယ်။ ကျွန်တော့်အတွက်တော့ ဒါက အဆုံးစွန်ဆုံး ပုန်ကန်မှု၊ စိတ်ဓာတ် တော်လှန်ရေးလို့ခေါ်မယ်။" အဲ့ဒီကနေတဆင့် "ဦးနှောက်လှိုင်း ဖျော်ဖြေရေး"ကို စိတ်ဝင်စားလာပြီး ဦးနှောက်လှိုင်းတွေက အမြင်နဲ့အကြားအာရုံကို ဘယ်လိုချိန်ညှိနိုင်သလဲ လေ့လာစူးစမ်းပါတယ်။

သူ့မှာ ကမ္မဋ္ဌာန်းပြဆရာသမား ကျကျနနမရှိပေမဲ့ Alan Watts နဲ့ ဂုရုကြီးတွေရဲ့အတွေးအခေါ်တွေမှတို့ဆီကနေ စိတ်ခွန်အားရယူပါတယ်။ အခြေခံအားဖြင့် သူ့လေ့ကျင့်မှုတွေက စိတ်ကိုဝေဖန်ရေးမပါဘဲ ကြည့်ရှုခြင်းဖြစ်သွားပါတယ်။ ရလဒ်က ကျေနပ်စရာပါပဲ။ "အတ္တမရှိသလိုမျိုး မရှိတဲ့အတ္တကိုသိနေတဲ့အထဲ ကျွန်တော်လမ်းပျောက်သွားတယ်။ ပြီးတော့ စိတ်နဲ့ ရုပ်ခန္ဓာကြီး အလွန်မှာ ဒါကတခုခုပဲဆိုတာမျိုး။"  

အခြားယောဂီတွေနည်းတူ အာဏာသိမ်းမှုက Darkoကိုလည်း တမူထူးခြားစွာ စိန်ခေါ်နေပါတယ်။ ပေါ်ပေါက်လာနေတဲ့ ဖြစ်ရပ်မှန်တွေကို ဝေဖန်သုံးသပ်မှုမရှိ အားထုတ်နေသူအဖို့ စစ်တပ်ရဲ့လုပ်ရပ်က ပေါ့ပေါ့တန်တန်မထားဖို့ လက်ခံဖို့ခက်ခဲနေခဲ့ပါပြီ။ လူတွေက အရုဏ်တက်စကတည်းက သတ်ဖြတ်နေကြပြီ။ ဒီအဖြစ်မှန်ကို ရင်ဆိုင်ဖြတ်ကျော်ရတာ အလွန်ပဲခက်ခဲလှပါတယ်။

အာဏာသိမ်းကတည်းက ကမ္မဋ္ဌာန်းအားထုတ်ဖို့ ခက်ခဲနေရုံသာမက ဖေဖော်ဝါရီ ၁နောက်ပိုင်း ဂီတနဲ့ ဘယ်လိုမှ ထိတွေ့လို့ မစွမ်းခဲ့ဘူး။ "သီချင်းတပုဒ်ကို တမိနစ်လောက်ဖွင့်ပြီးရင် စိတ်ထဲတမျိုးဘဲ။ အပြစ်မကင်းဘူး။ သီချင်းနားထောင်ပြီး ခံစားကြည့်ဖို့ ကြိုးစားတယ်။ ပြီးတော့ ပိတ်လိုက်ပြီး တခုခုလုပ်ရမယ်ပေ့ါ။" ဒါပေမဲ့ တကယ်တမ်း Darko ရဲ့အလုပ်က ဝါသနာဆိုတာထက်ပိုနေပြီ။ ဒီအချိန်မှာ အသုံးဝင်တာပဲ ဖြစ်ရမယ်။ "ကျွန်တော်က ဂီတပညာရှင်။ ဒီတော့ ဖန်တီးမှုစွမ်းအားကို ယုံတယ်။ မြူးကြွတဲ့ဖန်တီးမှုကတဆင့် ဆန္ဒပြသူတွေ စိတ်ခွန်အားရမယ်၊ ပြီးတော့ တော်လှန်ရေးလည်း အားကောင်းလာပြီး ဒါမှ ရှေ့ဆက်လို့ရမယ်။" 

Darko က စစ်အုပ်ချုပ်ရေးအောက်မှာ ကြီးပြင်းလာခဲ့သူ။ ကိုယ့်လိုလားချက်ကို ဖော်ပြရုံနဲ့အဖမ်းခံရနိုင်တဲ့အခါမျိုးမှာ လူသိနည်းအောင်နေထိုင်ပြီး ပုန်းကွယ်မှုအတတ်ကိုလည်း ကောင်းကောင်းလေ့ကျင့်ထားပါတယ်။ လူငယ်မျိုးဆက်သစ်တွေ အားလုံးမဟုတ်ပါဘူး။ "လူငယ်အနုပညာရှင်အဖွဲ့လေးတွေက တကယ့်ကိုအရေးပါပြီး သူတို့က ကိုယ့်ကိုယ်ကိုယ် တွန်းအားပေးနိုင်ကြတယ်။" လူငယ်တွေက သူတို့အမြင်ကို တန်ဖိုးမထားတဲ့ ရှေးရိုးစွဲလူ့အဖွဲ့အစည်းကို ထိပ်တိုက်ရင်ဆိုင်လိုကြပြီး တချို့တွေကတော့ နာမည်ကြီးချင်တာလောက်ပဲ။ သိပ်မကြာခင်ကာလ ဆင်ဆာဖြတ်တောက်မှုတွေကို သူတို့ခေတ်တုန်းက ခက်ခက်ခဲခဲ ရုန်းကန်ခဲ့ရတဲ့အကြောင်းကို နားမလည်ဘဲ အခုလူငယ်ဂီတသမားလေးတွေက လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို တန်ဖိုးမထားတဲ့အတွက် Darko စိတ်ပျက်မိတာ ရှိပါတယ်။ အဲ့လိုဆိုပေမဲ့ လူငယ်တွေရဲ့ဖော်ထုတ်မှုတွေကို အားပေးဖို့ သူ့ရဲ့ အနှစ် ၂၀လောက် ပျိုးထောင်ထားတဲ့ အနုပညာနဲ့သာမက တော်လှန်ရေးအတွက် လိုအပ်တဲ့အချိန်အခါမျိုးမှာ လူငယ်တွေဆန္ဒ ဖော်ထုတ်နိုင်မယ့် လမ်းကြောင်းတခုကိုပါ ကူညီပံ့ပိုးပါတယ်။  

မြန်မာပြည်တွင်းမှာတင်မဟုတ်ဘဲ ကမ္ဘာတဝှမ်းက အနုပညာရှင်တွေကိုပါ ဒီအချိန်မှာ ထောက်ပံ့အားပေးကြဖို့ကိုလည်း Darko ကတောင်းဆိုထားပါတယ်။

"ဒီလိုလုပ်တဲ့အတွက် မြန်မာပြည်သူတွေက သူတို့ကို အပြင်ကလူတွေထောက်ခံနေကြပါလားလို့ ခံစားမိစေပါတယ်။ အခုတော့ တကမ္ဘာလုံးက ဂရုမစိုက်ကြဘူးလို့ ကျွန်တော်တို့ ခံစားနေကြရတယ်။ ကျွန်တော်တို့အခု အလွန်ဆိုးရွားတဲ့ အခြေအနေတွေကို ဖြတ်သန်းနေကြရတယ်။ ဘယ်သူမှ ဂရုမစိုက်သလို ခံစားနေရတယ်။ ဒါကြောင့် ခင်ဗျားက ဂရပ်ဖီတီပန်းချီ၊ ဒါမှမဟုတ် ကဗျာ၊ ဒါမှမဟုတ် ဘာပဲဖြစ်ဖြစ် ကမ္ဘာတဘက်ခြမ်းကလူတွေ မြင်နိုင်မယ့်အရာ တခုခုလုပ်ပေးနိုင်မယ်ဆိုရင် ဒါက ကျွန်တော်တို့ကို သူတို့ဂရုစိုက်ပါတယ်ဆိုတဲ့ အချက်ပြလေးပါပဲ။" 

Shwe Lan Ga LayComment