သီတဂူဆရာတော်ရဲ့ ရပ်တည်တဲ့နေရာက အတော်လေး ရှုပ်ထွေးပါတယ်

သီတဂူဆရာတော်ကို ဥပစ္ဇျာယ်ပြုပြီး ရဟန်းပြုလာခဲ့တဲ့ အမေရိကန်ရဟန်း အရှင် ဘိက္ခုစိန္တိတ ဟာ နှစ်ပေါင်းများစွာ အနီးကပ်လေ့လာပြီး ဆရာတော်ရဲ့ ထေရုပတ္တိကိုရေးသားခဲ့သူတဖြစ်လဲ သူဟာ အခု ရေငုံနှုတ်ပိတ်မနေပါဘူး။ စစ်အာဏာရှင် ကျူးကျော်သိမ်းပိုက်လာမှုအောက်မှာ မြန်မာလူမျိုးတွေ ဆက်လက်ရှင်သန်နေရချိန်မှာ သူ့ရဲ့ဆရာက ဘာကြောင့် လုပ်နိုင်တာတွေခုထက်ပိုမလုပ်ဘဲနေတာလဲဆိုတာ သူမသိပါဘူး။ အမေရိကန် သာသနာ့ဝန်ထမ်းနဲ့ အလွန်ပွင့်လင်းစွာ မေးမြန်းတင်ဆက်မှုတခုမှာ သူဖွင့်ချလိုက်ပါတယ်။ သမိုင်းရဲ့မှန်ကန်တဲ့ဓမ္မဘက်မှာမရပ်တည်လို့ သူကိုယ်တိုင်ရဲ့ စိတ်ပျက်မှုကို အတိအလင်းဖွင့်ပြောလျက်ကပဲ ဆရာတော့်အပေါ် ပြောနေကြတဲ့ ဝေဖန်ပြစ်တင်မှုတွေကို ဘေးချိတ်ပြီး ဆရာတော်နဲ့ပတ်သက်တဲ့ သူ့ပုဂ္ဂလိကအတွေ့အကြုံကို မှီငြမ်းကာ ဆရာတော့်ဘဝကို သူလေ့လာစူးစမ်းတယ်၊ အာဏာသိမ်းမှု မတိုင်ခင်လေးနဲ့ ဖြစ်ပြီးကာလနှစ်ခုမှာ ဆရာတော့်ရဲ့ လှုပ်ရှားမှုတွေကို ခွဲခြမ်းလေ့လာပါတယ်။ အောက်ပါ သူ့စကားလေးက ဒီလိုထိလွယ်ရှလွယ်တဲ့ ကိစ္စရပ်အပေါ် သူဘယ်လို ခွဲခြမ်းလေ့လာလိုက်ပါသလဲဆိုတာကို ဖော်ပြလျက်ရှိပါတယ်။ စာဖတ်သူတွေအနေနဲ့ကတော့ အရှင် ဘိက္ခုစိန္တိတရဲ့ ခံစားချက်အတိမ်အနက်ကို နားလည်နိုင်ဖို့ ဆွေးနွေးချက်အပြည့်အစုံကိုနားဆင်ပါလို့ တိုက်တွန်းပါတယ်။

သီတဂူဆရာတော်ဘက်ခြမ်းမှာ သတင်းအချက်အလက်မလုံလောက်ခြင်း နဲ့ အလွန်တရာလွဲချော်နေတဲ့ အကဲဖြတ်မှုရှိနေနိုင်ပါတယ်။
— ဘိက္ခုစိန္တိတ

“ဦးဇင်းကိုယ်တိုင်လည်း အတော်လေးမခံမရပ်ဖြစ်နေရပါတယ်။ ခေါင်းအေးအေးထားဖို့ကလည်း အရေးကြီးတဲ့တချက်ပါပဲ။ ဘယ်သူက မိတ်ဆွေ ဘယ်သူက ရန်သူဆိုတာမျိုး မိမိမြင်နေရတာနဲ့ပတ်သက်ပြီး အဖြူအမည်း သဲသဲကွဲကွဲဖြစ်ချင်မှုတွေ၊ ခွဲခြားချင်မှုတွေ လူတွေမှာရှိနေတယ်။ အမေရိကန်နိုင်ငံရေးမှာဆို အလွန်တရာ ခွဲခြားမှုတွေရှိနေပြီး လုံးဝကြားနေကြားမြေဆိုတာ မရှိဘူး။ လူတွေကလည်း အရောရောအထွေးထွေးဖြစ်နေတယ်ဆိုရင် မကြည့်ကြဘူး။ 'ငါတို့ဘက်တော်သားလား ဒါမှမဟုတ် ငါတို့ကိုဆန့်ကျင်သူလား'ပဲ။ ဒီတော့ လူတွေဟာ လူဆိုးလုပ်ခံနေရတယ်။ ဦးဇင်းထင်တယ် မြန်မာက ဒီအခြေအနေတခုမှာ လူတွေဟာ အလားတူပုံစံနဲ့ တွေးခေါ်လာကြတယ်။ မြန်မာလူမျိုးတွေအပေါ် စာနာကြတဲ့သူတွေဟာ အလားတူပုံစံတွေးခေါ်ကြတယ်။ အဲဒီသူတွေက ဝိုးတိုးဝါးတာအပိုင်းတွေကို မကြည့်ကြတော့ဘူး။

ဒါကြောင့် သီတဂူဆရာတော်ရဲ့ ရပ်တည်တဲ့နေရာက အတော်လေး ရှုပ်ထွေးတယ်လို့ ဦးဇင်းထင်တယ်။ ဆရာတော်က စစ်ဗိုလ်ချုပ်တွေနဲ့ နှစ်ပေါင်း၄၀ ပတ်သက်နေမှု၊ သူတို့ကို အပစားဆက်ပေးနေမှုတွေဆိုတာ ဆရာတော်ဟာ သိမ်မွေ့တဲ့ ချိန်ခွင်ညီမျှမှုကို ကြိုးစားကိုင်တွယ်နေတာဖြစ်တယ်။ မြန်မာပြည်သူတွေအတွက် အကျိုးကျေးဇူးတစုံတရာ မစွမ်းဆောင်ပေးနိုင်သေးပါဘူး။ များစွာသောရဟန်းတော်တွေဟာ ထိုကဲ့သို့သော သိမ်မွေ့တဲ့ချိန်ခွင်ညီမျှမှုကို မလုပ်ဆောင်နိုင်ကြပါဘူး။ တခြားသောရဟန်းတော်တွေက စစ်ဗိုလ်ချုပ်တွေ ရပ်ဆိုင်းလိုက်တဲ့ ပြည်သူ့အကျိုးပြုလုပ်ငန်းရပ်တွေလုပ်ဆောင်ဖို့ဖြစ်လာပါတယ်။ စစ်ဗိုလ်ချုပ်တွေဟာ တခါတရံမှာ သူတို့ထိန်းကိုင်ချင်တဲ့ သာသနာ့အဖွဲ့အစည်းတွေကို လွှဲပြောင်းယူလိုက်ပါတယ်။

ဒီတော့ အခုလိုအချိန်အခါက ဆရာတော်ကြိုးစားထိန်းသိမ်းနေတဲ့ အလွန်တရာသိမ်မွေ့တဲ့(ထိရှလွယ်တဲ့) ချိန်ခွင်ညီမျှမှု နောက်ထပ်ပြယုဂ်တခုပဲဖြစ်ပါတယ်။ ဆရာတော့်အကဲဖြတ်မှုကိုတော့ ဦးဇင်းမေးခွန်းထုတ်ချင်စရာဖြစ်ပါတယ်။ ဆရာတော်ဟာ သက်တော်၈၄နှစ်ရှိနေပါပြီ။ ဆရာတော်က အမြဲတစေ တမူထူးပြီးထက်မြက်သူပါ။ ဆရာတော့်ဟာသအမြင်ကိုကြည့်ပြီး ခင်ဗျားလည်းပြောနိုင်ပါတယ်၊ ဦးဇင်းရဲ့ ဟာသတွေကိုတောင် ဆရာတော်ကနားလည်နေတယ်။ ဒါပေမယ့် ဦးဇင်းအထင် ဆရာတော်ကအိုမင်းမစွမ်းဖြစ်လာပြီ။ ဦးဩသဓ ထင်တာက ဆရာတော်ဟာ အလွန်လွဲမှားတဲ့သတင်းတွေသိနေရတာလည်းပဲ ဖြစ်လိမ့်မယ်တဲ့။

သံဃာထုဘယ်လောက်လောက်က စစ်ကောင်စီကို ထောက်ခံသလဲဆိုတဲ့ ပိုပြီးကျယ်ပြန့်တဲ့ မေးခွန်းရှိနေတယ်။ ဦးဩသဓ ခန့်မှန်းတွက်ဆကြည့်ခဲ့တာက သံဃာထုရဲ့ ၃၀ရာခိုင်နှုန်းလောက်တော့ ဖြစ်မယ်တဲ့။ ဒီတော့ ဒါက နောက်ထပ်ဖြေရှင်းစရာတခုပဲ။ ဒါပေမယ့် ဦးဩသဓက အဲဒီသံဃာထုထဲမှာ သီတဂူဆရာတော်ကို မထည့်သွင်းဘူး။ နောက်ထပ်ရဟန်းတပါးကိုလည်း စစ်ကောင်စီကို ဘယ်လောက်က ထောက်ခံနေတယ်လို့ထင်သလဲလို့ မေးကြည့်ခဲ့တယ်။ အဲဒီကိုယ်တော်ကတော့ ၁၀ရာခိုင်နှုန်းလောက်တဲ့၊ ဒီအဖြေကိုတော့ ဦးဇင်းပိုကြိုက်တယ်။

ဦးဩသဓက ပြောသေးတယ်- သီတဂူဆရာတော်ရဲ့ နီးစပ်တဲ့ ရဟန်းတချို့က စစ်တပ်လိုလားထောက်ခံတဲ့ကိုယ်တော်တွေဖြစ်တယ်၊ ဦးဩသဓက ဦးဇင်းသိတဲ့ ရဟန်းတချို့နာမည်ကို ထုတ်ပြောပြခဲ့တယ်။ ထိုကိုယ်တော်တွေက စစ်တပ်လိုလားထောက်ခံတဲ့ရပ်တည်ချက်ရှိကြတယ်၊ အဲဒီကိုယ်တော်တွေက မြန်မာမှာဘာတွေတကယ်ဖြစ်ပျက်နေသလဲအပေါ် ကလီကမာလုပ်ထားတဲ့ အမြင်တွေကို ဆရာတော်ကို တကယ်ပဲပေးနေတယ်လို သူထင်တယ်။ ဒါကြောင့် သီတဂူဆရာတော်ဘက်ခြမ်းမှာ သတင်းအချက်အလက်မလုံလောက်ခြင်း နဲ့ အလွန်တရာလွဲချော်နေတဲ့ အကဲဖြတ်မှုရှိနေနိုင်ပါတယ်။ ဦးဇင်းတို့ နားမလည်တဲ့ အပိုင်းတွေရှိနိုင်တယ်။ ဒါပေမယ့် ဆရာတော်က အကြမ်းဖက်မှုကို ထောက်ခံတာမျိုးတော့ ဦးဇင်းမမြင်ဘူး- ဦးဇင်းသတိထားမိတဲ့ ဦးဇင်းတို့အခုဆွေးနွေးပြောဆိုလို့ရတဲ့ ဆိုးသွမ်းအကြမ်းဖက်နေတာမျိုး မဟုတ်တဲ့ မူဆလင်ဆန့်ကျင်သဘောထားတချို့ ဆရာတော်မှာရှိခဲ့ရင်တောင် အကြမ်းဖက်နှိမ်နင်းတာမျိုးတော့ ဆရာတော်မထောက်ခံဘူး။ ဆရာတော့်အပြုအမူတွေကလည်း ဒါကိုဖော်ပြနေပြီးသားပါ။”

 

Shwe Lan Ga LayComment