ဝေဘူဆရာတော် ကျောင်းတော်ရာသို့ တမဟုတ်ချင်း နီးကပ်လာနေသော တိုက်ပွဲ

လွန်ခဲ့တဲ့ ရက်အနည်းငယ်က အင်ကြင်းပင်ရွာ ဝေဘူကျောင်းမှာ ရင်ဆိုင်နေရတဲ့ (ဆွမ်း၊ ဆေးဝါး စသဖြင့်)အခြေခံလိုအပ်မှုများ ပြတ်လပ်မှုနဲ့ ဆိုးရွားတဲ့အကြမ်းဖက်မှုအကြောင်း ယောဂီအသိုင်းအဝိုင်းကို ကျွန်တော်တို့ အကြောင်းကြားထားခဲ့ပါတယ်။ အလွန်ထူးခြားလှတဲ့ ဘုန်းတော်ကြီးကျောင်းမှာ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေအကြောင်းကို ကျွန်တော်တို့ရဲ့ ဒေသခံအဖွဲ့ဝင်တွေက အထူးအစီရင်ခံနေစဉ်မှာပဲ အင်ကြင်းပင်နဲ့အနီးတဝိုက်ဒေသတွေက တတိုင်းပြည်လုံး အလေးထားအာရုံစိုက်ရမယ့် အနေအထားကို ရောက်ရှိနေကြောင်း စိတ်မကောင်းစွာဖြင့် အစီရင်ခံလိုက်ပါတယ်။

ဒီကျောင်းက ဝေးလွန်းတဲ့အတွက် အများပြည်သူသုံး အဝေးပြေးကားတွေ မရောက်ပေါက်နိုင်ပါဘူး။ အနီးကပ်ဆုံးမြို့ဖြစ်တဲ့ ခင်ဦးကိုသာ ရောက်နိုင်တယ်ဆိုတာ ရွာကိုအလည်ရောက်ဖူးကြတဲ့ ယောဂီတွေ မှတ်မိကြပါလိမ့်မယ်။ မနေ့ကပဲ စစ်သားတွေ ခင်ဦးမြို့ကို အင်အားနဲ့ ဆင်းလာနေပြီဆိုတဲ့ ဒီသတင်းအစအနလေးကြားရုံနဲ့ ကျွန်တော်တို့တတွေ စိတ်ထိခိုက်ကြေကွဲနေရပါပြီ။

CDM ဝန်ထမ်းတွေကို ထောက်ပံ့တဲ့ သံသယအမှုနဲ့ မိသားစုများစွာကို ဖမ်းဆီးထိန်းသိမ်းထားပြီး နေ့ခင်းကြောင်တောင်မှာ လူငယ်တဒါဇင်ကျော် ပစ်သတ်ခံထားရပါတယ်(Myanmar Nowမှ အစီရင်ခံထားတဲ့ ကျဆုံးသွားခဲ့သူများရဲ့နာမည်များပါဝင်တဲ့ အောက်ပါဇယားကို ရည်ညွှန်းပါသည်)။ ဖော်ပြပါ ဓာတ်ပုံကတော့ ခင်ဦးက လူငယ်ကောင်လေးနှစ်ယောက် လက်တွဲပြီး လယ်ကွင်းကို ဖြတ်ကျော်ဖို့ ကြိုးစားနေစဉ်မှာပဲ အသတ်ခံထားရတာ ဖြစ်ပါတယ်။

ကျွန်တော်တို့ရဲ့ဒေသခံအဖွဲ့ဝင်က တပ်မတော်ရဲ့အသဲအမဲတိုက်ခိုက်မှုခံရတဲ့ အင်ကြင်းပင်ရဲ့အနီးတဝိုက်နဲ့ ကျောင်းလုံခြုံရေးအကြောင်း စုံစမ်းဖို့အတွက် ဝေဘူကျောင်းနှင့်အဆက်အသွယ်ရဖို့ ထပ်ပြီးကြိုးစားနေပါတယ်။ ဝေဘူဆရာတော် ရဟန္တာမဂ်ဖိုလ်အောင်မြင်တော်မူရာ အလွန်ထူးခြားလှတဲ့ တဲကျောင်းလေးအပါအဝင် ဒီနေရာကို ကံထူးစွာရောက်ရှိဖူးမြော်ဖူးကြတဲ့ ယောဂီတွေအတွက် အဲ့ဒီမှ ကျေးရွာသူရွာသားတွေ၊ ရဟန်းသံဃာတွေ လက်ရှိမှာ ရင်ဆိုင်နေရတာတွေအကြောင်း တွေးကြည့်ရင် စိတ်မကောင်းဖြစ်ရပါတယ်။ နောက်ဆုံး ဒီကျောင်းကြီးက ဒုတိယကမ္ဘာစစ်မှာ ရှင်သန်ကျန်ရစ်နေခဲ့ပြီး ၁၉၅၀ခုနှစ်တွေက တိုက်ပွဲတွေ၊ နှစ်ငါးဆယ်ကျော် အာဏာရှင်နဲ့ စစ်တပ်ရဲ့ ဖိနှိပ်မှုတွေကို ခံစားရတဲ့ ဘုန်းတော်ကြီးကျောင်းပါပဲ။ နှလုံးသားလှတဲ့ နာယကဆရာတော်က ၁၇ နှစ်သားအရွယ်မှာ ဝေဘူဆရာတော်ကို ဥပဇ္ဈာယ်ပြုကာ သာသနာဘောင်ဝင်ရောက်ခဲ့သူဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုံတူပန်းချီဖြင့် သူ့ရဲ့အနုပညာစွမ်းရည်းကို စမ်းသပ်ခဲ့သူလည်း ဖြစ်ပါတယ်။

မိတ်ဆွေများ ခင်ဗျား။ ကျေးဇူးပြုပြီး အင်ကြင်းပင်ရွာဆီသို့ ဆုတောင်းမေတ္တာတွေနဲ့ ကောင်းမွန်တဲ့ လိုအင်ဆန္ဒတွေ ပို့သပေးကြပါ ခင်ဗျာ။ ဒီထက်မက တတ်နိုင်စွမ်းနိုင်သူများလည်း အလှူဒါန ပါဝင်ကြဖို့ စဉ်းစားပေးကြပါ ခင်ဗျာ။

Shwe Lan Ga LayComment