အင်ကြင်းပင်မှ နောက်ဆုံးရသတင်း

အောက်ပါအကြောင်းကြားစာကတော့ အင်ကြင်းပင်ရှိ ဝေဘူဆရာတော်ကျောင်းမှာ ရင်ဆိုင်ဖြေရှင်းနေရတာတွေနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ရဲ့ ဒေသခံစေတနာ့ဝန်ထမ်းအဖွဲ့က ပေးပို့ထားတာပါ။ ဝေဘူဆရာတော်ဆိုတာ ၂၀ရာစုနှစ်ရဲ့ အကြည်ညိုခံရဆုံး ဗုဒ္ဓဘာသာ ဗမာဘုန်းတော်ကြီးတွေထဲ တပါးလည်းဖြစ်ပါတယ်။ ရဟန္တာပုဂ္ဂိုလ်လို့ လူအများက ယူဆကြပါတယ်။ ဝေဘူဆရာတော်ရဲ့ အားပေးတိုက်တွန်းမှုကြောင့်သာမဟုတ်ခဲ့ရင် ဆရာကြီး ဦးဘခင်က သူ့ရဲ့အပြည်ပြည်ဆိုင်ရာ ကမ္မဋ္ဌာန်းရိပ်သာကိုလည်း ဖွင့်ဖြစ်ခဲ့မှာ မဟုတ်ပါဘူး။ အဲ့ဒီလိုဆိုရင် ဆရာကြီးဦးဂိုအင်ကာရဲ့ ကမ္ဘာတဝှမ်း တရားစခန်းတွေဆိုတာလည်း ပေါ်ပေါက်လာမှာ မဟုတ်ပါဘူး။ ဝိပဿနာကမ္မဋ္ဌာန်းမှတဆင့် အကျိုးကျေးဇူး ရရှိဖူးသူများအတွက် အင်ကြင်းပင်မှာ သီတင်းသုံးနေတဲ့ ဆရာတော် အရှင်မဏ္ဍလကို အားပေးထောက်ပံ့ဖို့ရန် ရည်ရွယ်ပြီးဒီနေရာမှာ လှူဒါန်းနိုင်ပါတယ်။ မြန်မာပြည်တွင်းမှ ကုသိုလ်ရှင်များအနေဖြင့် Wave နံပါတ် 09942359202 ကို ပေးပို့လှူဒါန်းနိုင်ပါတယ် ခင်ဗျာ။


ဗုဒ္ဓဘာသာဝင် ဗမာလူမျိုးများနဲ့ နိုင်ငံခြားသား တရားဓမ္မလိုက်စားသူများကြားမှာ ဝေဘူဆရာတော်ကို လူသိများပါတယ်။ ဆရာတော်က ၂၀ရာစုရဲ့ ဝိပဿနာကမ္မဋ္ဌာန်းအားထုတ်ခြင်းအတွက် အကြီးကျယ်ဆုံးသော ပုဂ္ဂိုလ်တွေထဲက တပါးလည်းဖြစ်ပါတယ်။ ဆရာတော်အကြောင်း၊ ဆရာတော်အောင်မြင်ခဲ့တဲ့ ဝိပဿနာလမ်းအကြောင်း ဇာတ်ကြောင်းများစွာရှိပါတယ်။ လူတော်တော်များများက ဆရာတော် မန္တလေးမြောက်ပိုင်း ကျောက်ဆည်မှာ သီတင်းသုံးခဲ့တယ်ဆိုတာ သိကြပေမဲ့ ကမ္မဋ္ဌာန်းအားထုတ်မှု အစပျိုးခဲ့ရာ ၁၈ရာစုက မြန်မာဘုရင့်နေပြည်တော်ဖြစ်ခဲ့တဲ့ ရွှေဘိုမြို့ မြောက်ပိုင်းက ဇာတိမြေ အင်ကြင်းပင်ရွာဆိုတာ လူအများစု မသိကြပါဘူး။ မောင်ကျော်ညွန့် (မြန်မာ့အလင်း အယ်ဒီတာ) ရေးသားတဲ့ “ကျေးဇူးရှင် ဝေဘူဆရာတော်ဘုရားကြီး ထေရုပတ္တိနှင့် ကျင့်စဉ်"မှာ ဆရာတော်လောင်းလျာကို ၁၉၂၄ခုနှစ် အင်ကြင်းပင်ရွာကျောင်း သိမ်တော်မှာ ရှင်သာမဏေအဖြစ်ခံယူခဲ့ပြီး မြင့်မြတ်တဲ့ဘဝကို စတင်ခဲ့ကြောင်း ပါရှိပါတယ်။

ဝေဘူဆရာတော်က အင်ကြင်းပင်ရွာကို မကြာခဏဆိုသလို ပြန်လာပြီး သီတင်းသုံးပါတယ်။ အင်ကြင်းပင်ကျောင်းမှာလည်း တရားစခန်း ဖွင့်လှစ်တည်ထောင်ထားပါတယ်။ "ညောင်လွန့်တောရကျောင်းအတိုင်း အရှေ့ဘက်မှာ ပရိယတ္တိ(စာပေလေ့လာရေး)နဲ့ အနောက်ဘက်မှာ ပဋိပတ္တိ (ကမ္မဋ္ဌာန်းအားထုတ်ရေး) ဟူ၍ နေရာနှစ်ပိုင်း ပိုင်းခြားထားကြောင်း" အထက်မှာဖော်ပြထားတဲ့ စာအုပ်ထဲမှ စာရေးဆရာရဲ့ မှတ်ချက်အရ သိရပါတယ်။ ဒီဆရာတော်ကြီးနဲ့ ပတ်သက်တဲ့ မြင့်မြတ်တဲ့နေရာတွေကို Insight Myanmar ဦးဆောင်တဲ့ခရီးစဉ်များအတိုင်း နိုင်ငံခြားသား တရားအားထုတ်သူအများအပြား လာရောက်ဖူးမြော်ကြပါတယ်။

လတ်တလောလေးမှာ ကျွန်တော်တို့ရဲ့ ဒေသခံစေတနာ့ဝန်ထမ်းမှ ဒီမြင့်မြတ်တဲ့နေရာမှာ နှစ်ပေါင်းများစွာ သီတင်းသုံးနေထိုင်လျက်ရှိတဲ့ အရှင်မဏ္ဍလနှင့် ဆက်သွယ်မေးမြန်းထားပါတယ်။ လာရောက်လည်ပတ်ကြတဲ့ နိုင်ငံခြားသား ယောဂီတွေ အသိများတဲ့ ဆရာတော်လည်းဖြစ်ပါတယ်။ သတင်းကောင်းတော့ မဟုတ်ပါဘူး။ အဲ့ဒီဒေသက အခုဆိုရင် စစ်မြေပြင်ဖြစ်လာပြီ။ လူမဆန်စွာ သတ်ဖြတ်နေတဲ့ မြန်မာစစ်တပ်ကို ခုခံကာကွယ်နေကြတဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ အနီးအနားက ကျေးရွာတွေကိုလည်း စစ်တပ်က ပစ်မှတ်ထားပြီး တိုက်ခိုက်နေပါတယ်။ စစ်တပ်အသုံးအနှုန်းအရ "နယ်မြေရှင်းလင်း စစ်ဆင်ရေး"ဟုဆိုကာ ပြည်သူ့ကာကွယ်ရေးတပ်များ ခိုလှုံခွင့်မရစေရန် ကျေးရွာတွေကို ရည်ရွယ်ချက်ရှိရှိ မီးရှို့ဖျက်ဆီးနေပါတယ်။ အင်ကြင်းပင်ရွာရဲ့ မြောက်ဘက်နဲ့ အနောက်မြောက်ဘက်ရှိ ကျေးရွာတွေမှာ ဒီဒဏ်တွေကို တော်တော်လေး ခံစားနေရကြောင်း အရှင်မဏ္ဍလက အတည်ပြုပေးပါတယ်။ "ငါတို့ရွာပဲ ကျန်တော့တယ်"လို့ မိန့်ပါတယ်။

COVID-19 နဲ့ပတ်သက်လို့ ကျောင်းမှာလည်း ပြင်းပြင်းထန်ထန် ထိခိုက်ကြောင်း မိန့်ပါတယ်။ ကျောင်းထိုင်ဆရာတော်မှာ အခြေအေန တော်တော်လေး ဆိုးရွားခဲ့ကြောင်းနဲ့ ဆရာတော်ကို ပြုစုရင်း ကူးစက်မှုကို လူတွေအများကြီးက စိုးရိမ်ကြပေမဲ့ အရှင်မဏ္ဍလကတော့ ဘယ်လိုအကျိုးဆက်ဖြစ်ပါစေ စိတ်ပိုင်းဖြတ်ထားပါတယ်။ အနီးအနားက ရေးဦးပြည်သူ့ဆေးရုံမှာ တချို့ကုသမှုတွေ ခံယူနိုင်ပေမဲ့လို့ ဆေးဝါးနဲ့ အောက်ဆီဂျင် ထောက်ပံ့မှုကတော့ တနိုင်ငံလုံးမှာ ကြုံနေရတဲ့အတိုင်း လုံလောက်မှု မရှိပါဘူး။ စိတ်မကောင်းစွာဘဲ အသက်ကို မကယ်နိုင်ခဲ့ပါဘူး။ ကျောင်းထိုင်ဆရာတော် သက်တော် ၈၇နှစ်မှာ ပျံလွန်တော်မူပါတယ်။ နောက်ဆုံး ဗီယက်နမ်ယောဂီနှင့် အင်္ဂလိပ်ယောဂီထံမှ အကူအညီတွေနဲ့ အခြားရဟန်းတော်များကို ကယ်တင်နိုင်ခဲ့ပါတယ်။ ကယ်တင်နိုင်ခဲ့တဲ့ ရဟန်းတော်တွေက "အောင်မြေ"လို့ ဆိုရမယ့် ဝေဘူဆရာတော်ကြီးရဲ့ မြင့်မြတ်တဲ့နေရာဒေသမှာ ဝိပဿနာကျင့်စဉ်တွေနဲ့ ဗုဒ္ဓစာပေတွေကို လေ့လာနေတဲ့ ရဟန်းတော်တွေ ဖြစ်ကြပါတယ်။

အဲ့ဒါတွေတင် မကသေးဘဲ အရှင်မဏ္ဍလနှင့် သံဃာအပါး ၁၀၀ ကျော်တို့ (၂၀၂၀ခုနှစ် ကိုဗစ်ရောဂါ မပျံ့ပွားခင် အပါး၂၀၀ကျော်ရှိခဲ့ပါတယ်။) သီတင်းသုံးနေကြတဲ့ ဒီသမိုင်းဝင်ဘုန်းကြီးကျောင်းမှာ ကပ်ရောဂါဘေးနဲ့ အာဏာသိမ်းမှုကြောင့် ဆွမ်းကွမ်း မလုံလောက်မှုကိုလည်း ရင်ဆိုင်နေရပါတယ်။ အစပိုင်းမှာတော့ ရပ်ရွာမှ နေ့စဉ်ဆွမ်းအလှူရှင်တွေနဲ့ အဆင်ပြေနေပမယ့်လို့ အနီးအနားကျေးရွာတွေမှာ စစ်တပ်ရဲ့ "နယ်မြေရှင်းလင်း စစ်ဆင်ရေး"ကြောင့် ဆက်လက်ရပ်တည်ဖို့ရန်အတွက် အဆင်မပြေပါဘူး။ နိုင်ငံခြားသားယောဂီတွေနဲ့ ရင်းနှီးပေမဲ့ တင်းကျပ်လှတဲ့ ဝိနည်းစည်းကမ်းတွေကြောင့် အရှင်မဏ္ဍလက ဘယ်သူ့ကိုမှ အကူအညီမတောင်းခဲ့ပါဘူး။ ပြီးခဲ့တဲ့လက ကျွန်တော်တို့ စေတနာ့ဝန်ထမ်းက ဆက်သွယ်ခဲ့တာတောင် ဆရာတော်က အလှူမခံခဲ့ပါဘူး။ ဒါပေမဲ့ အခုချိန်ခါမှာတော့ သီတင်းသုံးနေတဲ့ သံဃာတော်များ အကျိုးအတွက် ဆရာတော်မှာ ဝတ္တရားရှိသလို ခံစားရတဲ့အတွက် ဝိနည်းကိုဘေးထားကာ ကျောင်းမှ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေကို ဖွင့်ဟလာပါတယ်။ ကျွန်တော်တို့ အဖွဲ့မှလည်း ဒီမြင့်မြတ်တဲ့ နေရာအတွက် ဆွမ်းကွမ်း အလှူဒါန အနည်းငယ်ကို ဝေဘူဆရာတော်၏ မြင့်မြတ်တဲ့နေရာတွက် ဝမ်းမြောက်ဝမ်းသာကူညီလိုတဲ့ စေတနာ့ဝန်ထမ်းမှတဆင့် လှူဒါန်းခဲ့ပါတယ်။

ဒီလိုခက်ခဲတဲ့ကာလမှာ ဗမာပြည်သူတွေ ခံစားနေရတဲ့ ဆင်းရဲဒုက္ခအတွက် သူစိတ်မကောင်းဖြစ်ရကြောင်း၊ ပြည်သူအားလုံးကိုလည်း မေတ္တာပို့သနေကြောင်း ဆရာတော် အရှင်မဏ္ဍလက မိန့်ကြားပါတယ်။ ဒီနိုင်ငံရေး ပြဿနာက မြတ်စွာဘုရားအဆုံးအမတော်များဖြင့် ဖြေရှင်းရမှာဖြစ်ကြောင်းကို ဓမ္မာစရိယ ဦးဌေးလှိုင် ရေးသားတဲ့ စာအုပ်မှ ကိုးကားချက်များကို လိုက်နာရမှာ ဖြစ်ကြောင်း ပြောပါတယ်။ ဓမ္မာစရိယ ဦးဌေးလှိုင်ဆိုတာ ကျော်ကြားတဲ့ တရားဓမ္မလိုက်စားသူ၊ နာမည်ကြီး မြန်မာ့သမိုင်းထဲက ရဟန္တာနှင့် ရဟန်းပုဂ္ဂိုလ်ထူးများအကြောင်းစတဲ့ တရားဓမ္မစာအုပ်များကို ရေးသားသူ စာရေးဆရာ ဖြစ်ပါတယ်။ စစ်ခေါင်းဆောင်တွေနဲ့ အကျိုးသင့်အကြောင်းသင့် ဆွေးနွေးနိုင်မည့် ပုဂ္ဂိုလ်တယောက်တလေမျှ သူမသိကြောင်း အရှင်မဏ္ဍလက မိန့်ဆိုပါတယ်။ မိမိရဲ့ကိုယ်ပိုင်အခက်အခဲတွေကြားကတောင်မှ ကပ်ရောဂါနဲ့အာဏာသိမ်းကာလမှာ မြန်မာပြည်ကို ဝိပဿနာလေ့လာဖို့ ဝင်ရောက်လာခွင့်မရတဲ့ နိုင်ငံခြားသား ယောဂီတွေအတွက် စိတ်မကောင်းဖြစ်နေပါသေးတယ်။

သံဃာတော်များနှင့် သာမဏေလေးများ ဘုရားကန်တော့ချိန်၊ ပရိတ်ရွတ်ဆိုချိန်နှင့် တရားအားထုတ်ချိန် နီးကပ်လာတဲ့အတွက် စေတနာ့ဝန်ထမ်းနဲ့ ဖုန်းဆက်သွယ်ပြောဆိုနေမှုကို ဒီနေရာမှာပဲ ရပ်တန့်ခဲ့ရပါတယ်။ "ဝေဘူဆရာတော်ထံမှ ဓမ္မအသီးအပွင့်ကို ခံစားဖူးခဲ့တဲ့ နိုင်ငံတကာမှ ယောဂီများအားလုံးအတွက် သတိပေးချက်ပဲ ဖြစ်ပါတယ်။ ဓမ္မသစ်ပင်ကြီး အခြေခိုင်အောင် ပြုစုဖို့နှင့် သံဃာတော်များကို ထောက်ပံ့ဖို့ လက်ရှိအချိန်ထက် အရေးကြီးတာ မရှိတော့ဘူး။"လို့ နောက်ပိုင်းမှာ ရေးသားပေးပို့ထားပါတယ်။

Shwe Lan Ga LayComment