ရေဒုက္ခ ၊ မီးဒုက္ခ ၊ စစ်ဒုက္ခ များစွာနှင့် ဘဝများ

မကွေးတိုင်း ပေါက်မြို့နယ် မြောက်ပိုင်းရှိ ချိူင်ဇောက်ရွာ၊ ညောင်ရင်းရွာ၊ ဂွေးဂုံးရွာ၊ စာသိန်းရွာ စသည့်ရွာများသည် အာဏာမသိမ်းမှီ ကာလ များတွင် သောက်ရေသုံးရေ လွန်စွာမှ ရှားပါးသော ရွာများဖြစ်ကြပါသည်။ ရေမြောင်း အင်းအိုင်များနှင့် မနီးသည့်အပြင် ရေတွင်းတူးပါကလည်း သောက်သုံးရန် မသင့်တော်သော ရေများဖြင့်သာ ကြုံတွေ့ကြရပါသည်။ ရေရရှိနိုင်သော နည်းလမ်းမှာ နှစ်မျိူးသာရှိပါသည်။ တောင်ပေါ်မှရရှိလာသော တောင်ကျရေများနှင့် ပြည်မ မှ ဝယ်ယူလာသော သောက်ရည်များ သာရှိပါသည်။ 

ရေရှားပါမှုကို ချိူက်ဇောက်ရွာနေ ပြည်သူ တစ်ဦးက အခုလို ပြောပြလာပါသည်။ “ရေရှားတာကတော့ ကျွန်တော်တို့အတွက် ပုံမှန်ဖြစ်နေပါပြီ။ တချိူ့မိသားစုတွေဆိုရင် မိမိရေချိူးတဲ့ရေကို တခြားနေရာတွေမှာ ပြန်လည် အသုံးပြုလို့ရအောင် ပုံးလေးတွေခံပြီးရေချိူးကြရပါတယ်။ ကုမ္မဏီတွေ NGO တွေကတော့ ကိုဗစ်မတိုင်ခင် ကာလ တုန်းကတော့ Survey တွေဘာတွေလာဆင်းကြတာပါပဲ။ ဒါပေမဲ့လည်း အခုတော့ တိုင်းပြည်အခြေအနေကြောင့် ကျွန်တော်တို့လည်း တစ်ပူပေါ်နှစ်ပူဆင့်တာပါပဲဗျာ။” ထိုသို့အခက်အခဲများကြားထဲမှ ကိုဗစ်ကြောင့်လည်း ထိုရွာနေပြည်သူလူထု၏ စီးပွားရေးမှာလည်း ထိုးကျခဲ့ရပါသည်။ 

16.8.2022 ရက်နေ့မှစပြီး 19.8.2022 နေ့အထိ အာဏာရူးစစ်တပ်သည် စစ်ကြောင်းကြီးနှစ်ကြောင်းခွဲ၍အထက်ပါရွာများတွင် ရွာလုံးကျွတ်နီးပါး မီးရှို့ခြင်း၊ ပစ္စည်းများလုယူသွားခြင်းများပြုလုပ်ခဲ့ပါသည်။ မီးဘေးသင့်ပြည်သူများသည် တောထဲတွင် တဲများထိုး၍လည်းကောင်း၊ ဆွေးမျိူးမွေးချင်းမျာ၏ အိမ်များတွင် မှီခို၍လည်းကောင်း နေထိုင်နေကြရပါသည်။ 

ချိူက်ဇောက်ရွာတွင် လူဦးရေ (၃၀၀) ကျော် ၊ ညောင်ရင်းရွာတွင် လူဦးရေ (၇၀) ကျော်၊ ဂွေးဂုံးရွာနှင့် စာသိန်းရွာတွင် လူဦးရေ (၆၀)ကျော် မီးဘေးသင့်ခဲ့ရပါသည်။  ထို့သို့အခြေအနေများကြောင့် မိသားစုများ၏ကျန်းမာရေးနှင့် စားဝတ်နေရေး မှာ အလွန်အင်မတန်မှ ခက်ခဲနေကြရပါသည်။ 

 
Shwe Lan Ga LayComment