တစ်နေ့ လစာက လေးထောင် ထမင်းစားရိတ်က မနက်ည ၃၈၀၀
ဖော်ပြပါသတင်းတွင် အလုပ်သမားများ၏ လုံခြံရေးကြောင့် တည်နေရာနှင့် နာမည်တို့ကို ဖော်ပြမရနိုင်ပါ။ နိုင်ငံတကာကို မိမိတို့ကြုံတွေ့ခဲ့ရသော အဖြစ်အပျက်များကို သိရှိစေလိုသဖြင့် ကာယကံရှင်များသည် Better Burma နှင့်ဆက်သွယ် စကားပြောခဲ့ခြင်းများဖြစ်ပါသည်။
Blue collar workers များ၏ဘဝမှာ ခေတ်အဆက်ဆက် ဖိနှိပ်ခံရသည်။ NLD နိုင်သော ကာလများတွင်လည်း အလုပ်သမားကော်မတီပေါင်းများစွာဖွဲ့စည်းကာ အလုပ်သမား၏ဘက်တွင် ရပ်တည်ခဲ့ကြသည်။ သို့သော်လည်း အဆင်မပြေမှုများမှာ ရပ်တန့်မသွားပါ။
အာဏာသိမ်းပြီးစ ကာလတွင် ပြည်လုံးကျွတ်ဆန္ဒပြမှုများကြောင့်လည်းကောင်း၊ ကိုဗစ်တတိယလှိုင်းကြောင့်လည်းကောင်း အကြောင်းမျိုးစုံဖြစ်ပေါ်ခဲ့ကာ အလုပ်ရှင်တစ်ချို့သည် လုပ်ငန်းများကိုပိတ်သိမ်းကာ အလုပ်သမားများကို အလုပ်ဖြုတ်ခဲ့ကြသည်။ ထိုကိစ္စများကြောင့် မိန်းကလေးတစ်ချို့သည် အိမ်ငှားခများ၊ မိသားစုကိုထောက်ပံ့မှုများ မလုပ်နိုင်ပဲ အကြပ်အတည်းများကြုံတွေ့နေကြသည်။ ကျွမ်းကျင်လုပ်သားအဆင့်မှ ပြည့်တန်ဆာအဖြစ် ရောက်ရှိသွားကြသော ညီမငယ်များလည်းရှိပါသည်။
“အဒေါ့် သမီးနဲ့ အဒေါ် က စစ်ကိုင်းမှာနေတာပါ။ အမျိုးတွေက စစ်ကိုင်းမှာရှိတယ်။ အလုပ်ကလေးရတုန်း xxx ကို အပြီးပြောင်းမယ်လို့ စဉ်စားပြီးတော့ အတူတူ xxx ကိုထွက်လာခဲ့တာပါ။ ခုလို အလုပ်ဖြုတ်ခံရတော့ အဒေါ်တို့ အိမ်ငှားခ လည်းမပေးနိုင်တော့ဘူး၊ အဒေါ်ကလည်း လယ်စိုက်တာကလွဲပြီး ဘာမှမလုပ်နိုင်တော့ သမီးက အမေ မသိအောင် ဒါမျိူးခိုးလုပ်ခဲ့တာပါ။” ထိုစကားသည် ဘဝအတွက် ရွေးချယ်စရာမရှိသော ညီမငယ်တစ်ယောက်၏ အမေဆီမှ လာသော စကားဖြစ်ပါသည်။ ထိုညီမငယ်မှာလည်း ယခု လောကတွင်မရှိတော့ပေလွန်ခဲ့သော သုံးလခန့်တွင် အရက်သေစာသောက်သုံးထားသော စစ်ကောင်စီတပ်သားများသည် ထိုညီမငယ်ကို အခကြေးငွေပေးမည် လိုက်ခဲ့ပါဆိုကာ ခေါ်ဆောင်သွားခဲ့သည်။ ညီမငယ်နေသည့် နေရာမှာ တပ်များပေါင်းစုရာနယ်မြေဖြစ်သည့်အတွက်ကြောင့် ငြင်းဆန်မရပေ။ နောက်နေ့တွင် မျက်နှာနှင့်ခန္ဓာကိုယ်တွင် ထိုးကြိတ်ဒဏ်ရာများဖြင့် အိမ်သို့ပြန်ရောက်လာခဲ့ပါသည်။ တိုင်စရာလူမရှိ ဆွေမျိုးများမှာလည်း အနီးတွင်မရှိ တိုင်ပင်ဖော်တိုင်ပင်ဖတ်များလည်းမရှိသောကြောင့် အိမ်တွင်ဆေးကြိတ်ကုပြီး နှစ်ပတ်အကြာတွင် ကွယ်လွန်ခဲ့ပါသည်။
ယခုအခါတွင် စစ်ကောင်စီလက်အောက်တွင် လည်ပတ်နေသော စက်ရုံများရှိလာနေပြီဖြစ်ပါသည်။ သို့ရာတွင် ကုန်စျေးနှုန်းစျေးကြီးခြင်းများကြောင့် အလုပ်သမားများမှာ ယနေ့လုပ်စာ ယနေ့စားရန်အတွက် မတတ်နိုင်ဖြစ်နေကြရပါသည်။ မိမိတို့ရရှိသည့်လစာမှာ ၃၀၀၀ ကျပ် ($0.9 USD) ဖြစ်သည်။ မိသားစုသုံးယောက်အတွက်စားစရိတ်သည် တစ်ရက်လျင် ၃၈၀၀ ကျပ်ဖြစ်ပါသည်။ ကျန်းမာရေးစောင့်ရှောက်မှုများလည်း စက်ရုံမှ မပေးပါ။ ထိုကြောင့် ကျန်းမာရေးကိစ္စများ၊ လူမှုရေးကိစ္စများအတွက် ငွေသုံးနိုင်ရန်အတွက် မိသားစုတစ်ခုလုံး ကလေးငယ်မှ အစ အလုပ်လုပ်ကြရပါသည်။
ထိုအပြင်လည်း တချိူ့လုပ်ငန်းရှင်များသည် စစ်ကိုင်း၊ မကွေး စသည်တို့ စစ်ဘေးသင့်ရာနေရာများမှလာသည့် အလုပ်သမားများကိုလည်း ဖိနှိပ်ဆက်ဆံခြင်း အကြောင်းမဲ့အလုပ်ဖြုတ်ခြင်းများကိုလည်း လုပ်နေကြပါသည်။