အပိုင်း (၇၁) : သဒ္ဓါတရား လက်ကိုင်ထား


ဖေဖော်ဝါရီ ၁ မှာ စစ်တပ်အာဏာသိမ်းလိုက်တာနဲ့ ဘာဆက်ဖြစ်လာမလဲဆိုတာ Hassan အတွက် ဝေဝါးစရာ မရှိဘူး။ သူက - "ကျွန်တော်တို့ အကြမ်းမဖက်မှု မပါဘဲ အောင်မြင်မယ်လို့ ဘယ်လိုမှ မယုံဘူး။ ကျွန်တော် [စစ်တပ်] အကြောင်းသိတယ်။ သူတို့မှာ အကြင်နာတရား မရှိဘူး။ သူတို့က စောင့်နေတာ။ ဖေဖော်ဝါရီမှာ လူတွေကို ဘယ်လိုသုတ်သင်ရမလဲ ကြံစည်နေပြီ။"လို့ ပြောနေရင်း ချောင်းဆိုးနေတဲ့ သူက COVID ကူးစက်ခံထားရသူဖြစ်ပြီး မေးမြန်းစဉ်အချိန်မှာ ပြန်လည်သက်သာခါစ ဖြစ်ပါတယ်။

လူအများစုမှာ သူတို့ကို ဆီးကြိုနေတဲ့ ဖိနှိပ်မှုနဲ့ အကြမ်းဖက်မှုတွေကနေ လွတ်မြောက်ဖို့ လမ်းမရှိပေမဲ့ Hassan တယောက် လွတ်မြောက်နိုင်ခဲ့ပါတယ်။ ချမ်းသာကြွယ်ဝပြီး ဗမာအနည်းငယ်သာ ခံစားနိုင်တဲ့ အခွင့်အရေးထူးတွေနဲ့ ကြီးပြင်းလာခဲ့သူလည်း ဖြစ်ပါတယ်။ အရှေ့အလယ်ပိုင်းနိုင်ငံတွေမှာ နှစ်အတန်ကြာ နေထိုင်ခဲ့ပြီး မြန်မာပြည်ကို ၂၀၁၀ခုနှစ်များ မတိုင်ခင် ပြန်လာပြီး အာဏာသိမ်းချိန်အထိ အောင်မြင်တဲ့ စီးပွားရေးလုပ်ငန်းတွေ လုပ်ကိုင်သူဖြစ်ပါတယ်။ သူ့ရဲ့အရိုးရှင်းဆုံး စကားလုံးတွေက - "ခင်ဗျားမှာ ပိုက်ဆံရှိရင် စစ်တပ်နဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေး တည်ဆောက်နိုင်တယ်"တဲ့။ ဒါက နှစ်ပေါင်းများစွာ စစ်တပ် ထိပ်ပိုင်း ခေါင်းဆောင်တွေနဲ့ ရင်းနှီးခဲ့တဲ့ သူ့မိသားစုအတွက် သွေးထွက်အောင် မှန်တာပဲ။

ရိုဟင်ဂျာနဲ့ မတူတဲ့ ဗမာမွတ်ဆလင်မိသားစု—ကမန်မွတ်ဆလင်တွေဖြစ်ကြတဲ့—Hassanတို့ မိသားစုက အစ္စလာမ်မုန်းတီးရေးနဲ့ ရိုဟင်ဂျာအကြမ်းဖက်မှုတွေမှာ ကမ္ဘာကျော်တဲ့ ဗမာစစ်တပ်နဲ့ ရင်းနှီးတဲ့ ဆက်ဆံရေး ရှိနေတာက အံ့အားသင့်စရာ ဆိုပေမဲ့ ဒါက Hassan အတွက် ဘာမှ မထူးဆန်းဘူး။ "စစ်တပ်က ဘာသာတရားမရှိဘူး။ ကျွန်တော် ပြောတာယုံပါ၊ သူတို့မှာ ပိုက်ဆံနဲ့ အာဏာပဲရှိတာ"လို့ မွတ်ဆလင်တွေကို နှိမ်နင်းဖို့ အကြံအစည်မစခင် သူတို့မိသားစု နိုင်ငံခြားကို ထွက်ပြေးဖို့ စစ်တပ်အကြီးတန်း အရာရှိက သူတို့ကို အကြံပေးတဲ့အကြောင်း ပြောပြပါတယ်။

သူ့ရဲ့ ကြွယ်ဝမှု၊ အခွင့်ထူး၊ အဆက်အသွယ်တွေနဲ့ အာဏာမသိမ်းမီ နိုင်ငံရေးနဲ့ မပတ်သက်ခဲ့ပေမဲ့လည်း မြန်မာ့အရေးက Hassan ကို အချိန်ပြည့် တက်ကြွလှုပ်ရှားသူအဖြစ် ပြောင်းလဲပေးလိုက်တယ်လို့ စကားဝိုင်းမှာ ပြောပြထားပါတယ်။ ဘာလို့ ဒီလောက် ဆိုးရွာတဲ့အန္တရာယ်ကြား ကိုယ်တိုင်ပါဝင်တာလဲလို့ မေးကြည့်တဲ့အခါ ပြန်ပြောစရာကောင်းလောက်အောင် စွမ်းအားကြီးလှတဲ့ သူ့အဖြေ အပြည့်အစုံကို ဒီမှာ ဖော်ပြပေးလိုက်ပါတယ် -

"ဒီလိုအခြေအနေနဲ့ အများပြည်သူ ဒုက္ခရောက်ချိန်မှာ သာမန် လူရိုးလူကောင်းတယောက်က ပျော်ရွှင်နိုင်ပါ့မလား။ လုံးဝပါပဲ။ ကျွန်တော် မပျော်ဘူး။ ဒါကြောင့် ကျွန်တော် တိုက်နေတာ။ စစ်တပ်ခေတ်က ကျွန်တော် အခွင့်အရေးတွေ မရခဲ့လို့ မဟုတ်ပါဘူး။ လုံးဝပဲနော်။ ကျွန်တော် အရမ်းကောင်းတဲ့ အခွင့်အရေးတွေ ရနိုင်ခဲ့တာပေါ့။ မင်းအောင်လှိုင်ကို ကောင်းကောင်းသိတဲ့လူနဲ့ ကျွန်တော်သိတယ်။ ဒါပေမဲ့ ကျွန်တော် အဆုံးထိသွားမယ်။ ကျွန်တော်ကိုယ်တိုင်နဲ့ နောက်မျိုးဆက်၊ ကျွန်တော့်ကလေးတွေအတွက်။ ဒါက တော်တော် ကြောက်စရာကောင်းတယ်။"

နှလုံးလှတဲ့ ဆုံးဖြတ်ချက်နဲ့ Hassan တယောက် သူ့စီးပွား တော်တော်များများကို ဖျက်သိမ်းလိုက်ပြီး ဆင်းရဲသားရပ်ကွက်မှအစ ဝေးလံခေါင်သီ ဒေသမကျန် နိုင်ငံအဝှမ်း ပြည်သူတွေကို ကူညီနေခဲ့ပါပြီ။ သူ့ကိုယ်ပိုင် ပိုက်ဆံသုံးပြီး ထောင်နဲ့ချီတဲ့ CDM ဝန်ထမ်းတွေနဲ့ PDF တွေကို ထောက်ပံ့ပါတယ်။ အလုပ်ပိုများများ လုပ်နိုင်ဖို့ နိုင်ငံခြား မိတ်ဆွေတွေထံမှလည်း ရန်ပုံငွေ စုဆောင်းပါတယ်။ လုံခြုံရေးအတွက် တယောက်ထဲ လှုပ်ရှားပါတယ်။ တာဝန်အတွက် ဝေးလံခေါင်ဖျားဒေသတွေဆီ သွားရတာ အန္တရာယ်များပြီး တော်တော်ခက်ခဲပါတယ်။ ခရီးတလျှောက် မြွေတွေ၊ မိချောင်းတွေအစုံ အကုန်ကြုံရပါတယ်။ ဆိုင်ကယ်ပျက်၊ လမ်းပျောက်၊ သောင်တင်ခြင်း စသဖြင့် သေနတ်ရန်တွေလည်း ပုန်းရှောင်ခဲ့ရပါတယ်။

ဒီလောက် ဆင်းရဲဒုက္ခတွေများတဲ့ကြားက သူ့ဘာသာတရားအရ နေ့စဉ် ဘုရားငါးကြိမ် ဝတ်ပြုတာ မပြတ်စေရပါဘူး။ သူ့ရဲ့ တစိုက်မတ်မတ် ဝတ်ပြုမှုကြောင့် အခုအချိန်မှာ လုံခြုံနေတာဖြစ်ပြီး အရင်ကထက် ပိုပြီး အဓိပ္ပါယ်ရှိလာတယ်လို့ သူယုံကြည်ပါတယ်။ "ဒီလူတွေကို မပစ်ထားမိစေဖို့ ကျွန်တော် ဘုရားဆီမှာ ဆုတောင်းတယ်။ ကျွန်တော် သေတဲ့အထိ ဒီလူတွေကို ကူညီသွားမယ်။ ဒါက ကျွန်တော့်ဘဝ အသက်ရှင်ရခြင်းရဲ့ ရည်ရွယ်ချက်ပဲ။ ဒါက လူတွေကို ကယ်နေတာ။"

သူ့ရဲ့ မွတ်ဆလင် သက်ဝင်မှုက သာမန်ထက် အရေးကြီးပေမဲ့လို့ လက်ရှိတာဝန်က ပိုပြီးအရေးကြီးနေပြီ။ "ဒါက ကျွန်တော့်တို့ လွတ်လပ်ခွင့်၊ ကျွန်တော်တို့ အနာဂတ်။ ဒါက ဘာသာရေးလုပ်တာ မဟုတ်ဘူး။ လူတယောက်ကို ကျွန်တော်ဘယ်တော့မှ ဘာသာရေး ရှုထောင့်နဲ့ မကြည့်ဘူး။ မွတ်ဆလင်တွေထက် မွတ်ဆလင် မဟုတ်တဲ့သူတွေအများကြီးကို ကျွန်တော် ထောက်ပံ့နေတာမို့ ရဲရဲကြီး အာမခံနိုင်တယ်။ ကျွန်တော့် မျက်စိရှေ့မှာ ဒုက္ခရောက်နေကြတာ မွတ်ဆလင်တွေ မဟုတ်ပါဘူး။ ၉၈ ရာခိုင်နှုန်းက မွတ်ဆလင်တွေ မဟုတ်ဘူး။" ဘာသာတရားသက်ဝင်မှုကလည်း သူ့ရဲ့ကုသိုလ်တွေကို ဘုရားကလွဲပြီး မသိစေဖို့ လမ်းပြပေးပါတယ်။ လုံခြုံရေးအရ အခုအချိန်ထိ တွေ့ဆုံမေးမြန်းခြင်းတွေကိုလည်း ရှောင်ရှားနေခဲ့တာ ဖြစ်ပါတယ်။ သူလှူဒါန်းနေတဲ့ လူတွေရဲ့ ဘာသာတရား နောက်ခံကိုဘယ်တော့မှ မစုံစမ်းပါဘူး။ သူတို့ CDM ဆိုရင် ဘယ်ဌာနက ဘာရာထူးလဲ၊ ဘာလိုအပ်လဲ၊ ဒါလောက်ပါပဲ။

သူ့မိသားစု အဆက်အသွယ်ကောင်းတွေနဲ့ အချိန်မရွေး အမိနိုင်ငံကို စွန့်ခွါနိုင်ပေမဲ့ ဒီလမ်းကိုမှ သူရွေးချယ်ခဲ့တာပါ။ လုံးဝ လွတ်လပ်သွားတဲ့ အထိ သူ့တာဝန် မပြီးမချင်း ဆက်နေသွားဖို့ ပြည်သူတွေအတွက် အကြီးမားဆုံး အနစ်နာခံမှုကြီးကို ရွေးချယ်ခဲ့ပါတယ်။ ဒါပေမဲ့လည်း စိတ်ထဲမှာ လက်နက်နဲ့ စစ်ပညာ အပါအဝင် ပြည်ပမှ အုံလိုက်ကျင်းလိုက် ထောက်ပံ့ကြမှသာ ပြည်သူတွေ အောင်နိုင်မယ်။ ဒါမျိုးဖြစ်နိုင်ချေ အရမ်းနည်းတာကိုလည်း သိပါတယ်။ ဒါတွေမပါဘဲ ဗမာပြည်သူတွေ သူတို့ရဲ့ စိတ်ပိုင်းဖြတ်မှု၊ ခံနိုင်ရည်နဲ့ သူတို့ထိန်းထားနိုင်သမျှ စည်းလုံးညီညွတ်မှုအသိတွေသာ ရှိပါတယ်။ တိုင်းရင်းသား၊ လူမျိုး၊ ဘာသာ ကွဲပြားစွာနဲ့ အချိန်ကြာကြာ ရပ်တည်လာခဲ့တဲ့ တိုင်းပြည်က "ကွဲသွားဖို့ မရှိတော့ဘူး"လို့ အခု Hassan သိနေတယ်။ ဒါပေမဲ့ စစ်တပ် သတင်းပေးတွေရဲ့ ခြိမ်းခြောက်မှုတွေကြောင့် ဒေသခံပြည်သူတွေမှာ အသက်အန္တရာယ်ရှိနေပြီး မကြာခဏဆိုသလို လက်နက်နဲ့ တုံ့ပြန်မှုတွေလည်း ရှိနေတယ်လို့ ပြောပါတယ်။

ဒါတွေအားလုံးထက် သူ့ရဲ့ကောင်းမှု အလုပ်တွေကို လူအနည်းအကျဉ်းလောက် သိရုံမျှပဲ ဆက်ပြီး တကိုယ်တော် အားစိုက်လုပ်ဆောင်နေပါတယ်။ "ကျွန်တော့် မိသားစုကိုတောင်မှ ကျွန်တော်ဘာလုပ်ခဲ့တယ်ဆိုတာ ပြောပြဖို့ မလိုအပ်ဘူး။ အောင်ပွဲခံပြီးရင်တော့ ပြောနိုင်ပါပြီ။ အခုတော့ မဟုတ်သေးဘူး။ တယောက်ထဲနဲ့ အလုပ်အများကြီး ကျွန်တော် လုပ်နိုင်တယ်လို့ ယုံကြည်ပြီးသား။ ဒါကျွန်တော် ထင်တာပေ့ါ။ ဒါကြောင့်လဲ ရှောင်နေတာ။"

ဒီအပိုင်းလေးအတွက် Kristen Palana ရေးဆွဲထားတဲ့ အနုပညာအကြောင်း ဒီမှာ ဖတ်ကြည့်နိုင်ပါတယ်။

Shwe Lan Ga LayComment