အပိုင်း (၇၀) : ပို၍တရားမျှတသော လူ့အဖွဲ့အစည်းဆီသို့
ကျွန်တော်တို့ “ကျားမရေးရာကဏ္ဍ လေ့လာခြင်း” အခန်းဆက်အသစ်ကို ဝမ်းမြောက်စွာ တင်ဆက်လိုက်ပါတယ်။
ဒီနေ့ဧည့်သည်ကတော့ ဗမာ့လူ့အဖွဲ့အစည်းတွင်း ကျားမရေးရာ လေ့လာရေး၊ အမျိုးသမီးများ၏ အခွင့်ရေး၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများကို နှစ်ပေါင်းများစွာ သုတေသနပြုစုသူ ဖြစ်ပါတယ်။ သူမနယ်ပယ်မှာ အတော်လေး ချီးကျူးခံရသူဖြစ်ပေမယ်လို့ လုံခြုံရေးအရ ဒီမှာတော့ သူမကို “မာလာ”လို့ပဲ အမည်နာမ်စား သုံးထားပါတယ်။
မြန်မာနိုင်ငံ အစဉ်အလာအရ မိသားစုဖွဲ့စည်းပုံမှာ အမျိုးသား ကြီးစိုးကြောင်းကို ဗမာဗုဒ္ဓဘာသာ ယုံကြည်မှု ‘ဘုန်း’ဆိုတာနဲ့ တိုင်းတာကြပါတယ်။ ‘ဘုန်း’ဆိုတာ ကောင်းမှုကုသိုလ်ကံက အပ်နှင်းလိုက်လို့ အမျိုးသားဘဝ ဖြစ်လာရတာကို ကိုယ်စားပြုပါတယ်။ ဒီလိုမွေးဖွားခဲ့တဲ့အတွက် ရဟန်းခံခွင့်ရမယ်။ ဗမာအမျိုးသမီးတွေအတွက် လုံးဝမဖြစ်နိုင်တဲ့ ကုသိုလ်ထူးကို ထပ်ဆောင်းရခြင်း ဖြစ်တယ်။ ဘာကြောင့်လဲဆိုတော့ မြန်မာပြည်မှာ ဘိက္ခုနီ သာသနာ ခွင့်မပြုလို့ ဖြစ်ပါတယ်။ ဒီ 'ဘုန်း'ကြောင့်ပဲ ရွှေတိဂုံက နေရာတချို့မှာ တရားအားထုတ်ခြင်းကို တားမြစ်ထားတယ်။ အဆင့်အတန်း အနိမ့်ကျဆုံး သူခိုးယောက်ျားတယောက်ကတောင် သူမတို့ အမျိုးသမီးတွေထက် ပိုပြီး ကုသိုလ်ထူးနေသလားလို့ သူမက သိချင်နေမိတယ်လို့ ပြောပါတယ်။
“ဒါက အမျိုးသားတွေ ဂုဏ်ရည်ပိုကြီးတယ်ဆိုတဲ့ ယုံကြည်မှု တခုပါပဲ… အလွန်စိတ်ကူးယဉ်ဆန်တဲ့ အတွေးအခေါ်လေ… ကျမတို့နားလည်တဲ့ အမျိုးသမီးဝါဒီတဦးရဲ့အမြင်ကတော့ အမျိုးသားတွေ ကြီးစိုးတဲ့ လူ့အဖွဲ့အစည်းထဲမှာ လူမှုရေးစံနှုန်းနဲ့ ဘာသာရေးစံနှုန်းတွေက ရောယှက် အမြစ်တွယ်နေပြီ”လို့ မာလာက ပြောပြပါတယ်။
ဗမာအမျိုးသမီးတွေ ဖယ်ကျဉ်ခံရပုံနဲ့ ပတ်သက်လို့ သူမ ဝေဖန်ချက်တွေက ရာစုနှစ်တခုကျော်က စာပေအရေးအသားတွေနဲ့ ဆန့်ကျင်ဘက် ဖြစ်ကြောင်း ပြောပြပါတယ်။ ပထမတချက်က ကိုလိုနီ အုပ်ချုပ်သူတွေထံမှ ဗြိတိသျှ ရှေးစာပေအရေးအသားတွေအရ ဗမာအမျိုးသမီးတွေက အခြားအိန္ဒိယနဲ့ အရှေ့အလယ်ပိုင်း ကိုလိုနီဒေသတွေထက် ပိုပြီးလွတ်လပ်မှုရှိခဲ့တာ တွေ့ရပါတယ်။ အဲ့ဒီနောက် ၂၀ ရာစုနှစ်မှာ ထင်ရှားတဲ့ ဗမာအမျိုးသမီး စာရေးဆရာမတွေဖြစ်တဲ့ မသန်းအေးနဲ့ မိမိခိုင်တို့ကလည်း အလားတူတောင်းဆိုမှုတွေ ပြုလုပ်ခဲ့ကြပြီး ဗမာအမျိုးသမီးတွေရဲ့ လွတ်လပ်ခွင့်နဲ့ ဥပဒေအတွက် တွန်းအားပေးခဲ့ပါတယ်။ ဒါက မကြာသေးခင်က မီးမီးအေးနဲ့ အသံလွှင့်ပိုင်းထဲမှာ အနောက်တိုင်းမီဒီယာတွေ ဖော်ပြကြတဲ့ “ဣန္ဒြေကြီးမှု”နဲ့ ပတ်သက်ပြီး ဗမာအမျိုးသမီးတွေရဲ့စရိုက်အကြောင်း လက်မခံတဲ့အကြောင်း ဆွေးနွေးခဲ့ပါသေးတယ်။ မာလာပြောချင်တဲ့ ကိစ္စကတော့ ဒီအကြောင်းအရာတွေကို စာရေးဆရာတွေက သူတို့အနေအထားအရ ပိုပြီး အသာစီးရတဲ့နေရာတွေကနေ ရေးသားနေတာဖြစ်ပြီး နိုင်ငံတဝှမ်းလုံးမှာရှိတဲ့ အမျိုးသမီးထုကြီးရဲ့ တကယ့်လက်တွေ့ အဖြစ်မှန်ကို လုံးဝ နားလည်မှု မရှိကြပါဘူး။
“ဒါက လူထုတရပ်လုံးကို ယေဘုယျအားဖြင့် စာတကြောင်းထဲနဲ့ ဖော်ပြဖို့ ကြိုးစားတာ၊ အဲ့လိုလုပ်တာ အလွန်အန္တရာယ်များတဲ့ လုပ်ရပ်လို့ ကျမထင်တယ်။ ကျမတို့ အမြဲမှတ်ထားရမှာက ကျမတို့မှာ ပိုပြီးလွတ်လပ်နေတယ်ဆိုရင်တောင် လူတိုင်းက အဲ့ဒီလို လွတ်လပ်နေမှာ မဟုတ်ဘူးဆိုတာပဲ။ ဘယ်သူမှ မသိနိုင်လို့ ဆင်းရဲဒုက္ခရောက်နေတဲ့ အမျိုးသမီးတွေ အတွက်ရော? သူတို့တွေ ငိုကြွေးနေတယ်။ သူတို့မှာ ကူညီဆောင်ကြဉ်းပေးမယ့်သူတွေ ရှိနိုင်ပေမဲ့ အရာရာမှာ မျက်နှာသာပေးခံရမှာ မဟုတ်ဘူးလေ။ ဒါကြောင့်မို့ ခြုံပြီးပြောချင်တယ်ဆိုရင် အလွန် သတိထားရမယ်လို့ ကျမထင်တယ်။”
ဗမာလူ့အဖွဲ့အစည်းမှ ကျားမရေးရာကဏ္ဍကို ပိုမိုတတ်သိ နားလည်တဲ့ သူမက နည်းပညာနဲ့ အင်တာနက်တွေရဲ့ အခန်းကဏ္ဍကလည်း ဗမာတွေ ကမ္ဘာကြီးနဲ့ ဆက်သွယ်တဲ့နေရာမှာ အလွန်အရေးပါကြောင်း ပြောပါတယ်။ မာလာ့အမြင်က မြန်မာပြည်မှာ #MeToo လှုပ်ရှားမှုကနေတဆင့် ဗမာအမျိုးသမီးတွေ နားလည် သဘောပေါက်သွားကြတာပါ။ “ဒါက သူတို့တွေမှာချည်းပဲ ဖြစ်တာမဟုတ်ဘူး၊ တကမ္ဘာလုံးဆိုင်တဲ့ ပြဿနာ၊ လူ့အခွင့်အရေး ချိုးဖောက်ခံရတာကို သိလာကြပြီး လုပ်ပိုင်ခွင့်ဆိုတာ လက်ခံလာကြပြီ။” ဒါပေမဲ့လည်း ဒါက အမျိုးသားတွေ စပြီး ခြိမ်းခြောက်ခံလာပြီဆိုပေမဲ့ ဒီလို တဖြည်းဖြည်း ပြောင်းလဲလာတာတောင် မြန်မာပြည်ထဲက အိမ်တွင်း အကြမ်းဖက်မှုနှုန်းက လျှော့မသွားသေးပါဘူး။
မိသားစုတွင်း မျိုးရိုးစဉ်ဆက် အကြမ်းဖက်မှု ဆန့်ကျင်ရေးက မာလာရဲ့အဓိက သုတေသနအလုပ် ဖြစ်ပါတယ်။ သူမလေ့လာချက်အရ ရိုက်နှက်နှိပ်စက်ခံရတဲ့ မိခင်နဲ့ ကြီးပြင်းရတဲ့ ကလေးတွေအရွယ်ရောက်တဲ့အခါ အဲ့ဒီပုံစံ စရိုက်အတိုင်း ဆက်ပြီးနေထိုင်ဖို့ ဖြစ်နိုင်ခြေပိုများကြောင်း တွေ့ရှိထားပါတယ်။ ရှင်းလင်းတိကျတဲ့ အချက်အလက်တွေ ရှိပေမဲ့လို့ လူ့အသိုင်းအဝိုင်းက ဒါတွေကို အရေးတယူမရှိတာကို သူမက အားမရပါဘူး။ သူမက - “ကျမ ဒီအကြမ်းဖက်မှုတွေကို သုတေသနပြုနေတာ ကြာပါပြီ၊ ကြည့်ရတာ ကျမ အောင်မြင်မနေဘူး။ လူ့အဖွဲ့အစည်းတခုလုံးက အမျိုးသမီးကိစ္စတွေနဲ့ ပတ်သက်ပြီး သေချာ ဂရုမစိုက်ကြဘူး။ အမျိုးသမီးတွေကို မကာကွယ်ချင်ဘူး။”
မာလာ့အမြင်မှာ ဖြစ်နိုင်တဲ့ ဖြေရှင်းချက်မှန်သမျှ မိသားစု၊ အသိုင်းအဝိုင်း အားလုံးအတူတကွ ပူးပေါင်းပါဝင်ကြမှသာ ဒီပြဿနာကို အဆုံးသတ်နိုင်မှာဖြစ်ပါတယ်။ ဒီရည်ရွယ်ချက် အထမြောက်ဖို့အတွက် အာဏာမသိမ်းမီက ရပ်ရွာအဖွဲ့အစည်း ဥပဒေပြုအမတ်တွေနဲ့ပါ အလုပ်တွဲလုပ်ခဲ့ပါတယ်။ ဒါပေမဲ့ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုကို အပြစ်ဒဏ်ချမည့် ဥပဒေက အထမမြောက်သေးပါဘူး။ ဆိုလိုတာက အိမ်တွင်းအကြမ်းဖက်ခံရတဲ့ အမျိုးသမီးတွေက အလွယ်တကူ ကွာရှင်းပြတ်စဲဖို့ မဖြစ်နိုင်သေးပါဘူး။
ဒီလိုမအောင်မြင်ရခြင်းရဲ့ အကြောင်းအရင်းတခုက NLDရဲ့ ရိုဟင်ဂျာ အရေးအခင်းအပေါ် အာရုံစိုက်မှုနဲ့ တစိတ်တပိုင်း ပတ်သက််နေတယ်လို့ သူမခံစားမိပါတယ်။ ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အပြစ်လဲပါတယ်လို့ ဆိုပါတယ်။ “ကျမတို့မှာ အမျိုးသမီးခေါင်းဆောင်ရှိတာနဲ့ပဲ အမျိုးသမီးအရေးကို ဦးစားပေးမယ်လို့ ယူဆတာ မှားတယ်လို့ ကျမထင်တယ်။ ဒါမှားယွင်းတဲ့ ယူဆချက်။ ထိပ်ပိုင်းမှာ အမျိုးသမီးခေါင်းဆောင် ရှိပေမဲ့လို့ သူတို့က အမျိုးသမီးဝါဒီ ဖြစ်မယ်လို့ မဆိုလိုဘူး။ ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်က မဝါဒီပါလို့ မပြောချင်ဘူး။ ဝန်ကြီးဌာနတွေမှာ အမျိုးသားတွေဖြစ်နေပါစေ အမျိုးသမီးရေးရာ မူဝါဒချမှတ်သူ ပိုများလာမယ်ဆိုရင်၊ ပြီးတော့ တိုင်းရင်းသားတွေ၊ လူငယ်တွေဖြစ်မယ်ဆိုရင် သူတို့က မတူကွဲပြားအောင် လုပ်နိုင်မှာ။”
အဲ့ဒီလိုနဲ့ ထိရှလွယ်တဲ့ မုဒိမ်းမှုတွေအကြောင်း မတိုင်ကြားခြင်းရဲ့ အဓိကအကြောင်းအရင်းက ရှက်လွန်းလို့တဲ့အတွက်လို့ မာလာက ရှင်းပြပါတယ်။ မိန်းကလေးဘက်က ရှက်တာတင်မဟုတ်ဘဲ ယောက်ျားလေးဘက်က ဆွေမျိုးတွေကပါ သူတို့ ကောင်းကောင်း မကာကွယ်နိုင်ခဲ့တဲ့အတွက် ရှက်ကြလို့ ဖြစ်ပါတယ်။ မုဒိမ်းမှုက တပ်မတော်အတွက် နည်းပရိယာယ်ကောင်းတခုဖြစ်လာပြီလို့ မာလာထင်တယ်။ သူတို့တိုက်ခိုက်တဲ့ ယောက်ျားလေးတွေရဲ့ ဂုဏ်သိက္ခာကို ဖျက်ဆီးဖို့လည်း ဖြစ်တယ်။ အာဏာသိမ်းပြီးကတည်းက မုဒိမ်းမှု လိင်အကြမ်းဖက်မှုတွေက အကျဉ်းစခန်းတွေ၊ ထောင်တွေနဲ့ ပဋိပက္ခဖြစ်ပွားနဲ့နေရာတွေမှာ ကြားရတာ ဘယ်လောက်များနေပြီလဲဆိုတာ မာလာ ပြောပြပါတယ်။
“အမျိုးသမီးတယောက် မုဒိမ်းကျင့်ခံရရင် အဲ့ဒီအမျိုးသမီးတင် ဖျက်ဆီးခံရတာ မဟုတ်ဘူး။ သူမရဲ့ ဖခင်၊ အစ်ကို၊ မောင်တွေကိုပါ စော်ကားလိုက်တာဖြစ်တဲ့အတွက် ဒါက သူတို့ရဲ့ မဟာအောင်မြင်မှုပဲ။ သူတို့ အဲ့ဒီနည်းလမ်းကို အခုပြန်သုံးနေကြပြီ။ အဲ့လိုလုပ်ဖို့ သူတို့မကြောက်ကြဘူး။ ဘာလို့လဲဆိုတော့ သူတို့ဒါကို နှစ်ပေါင်းများစွာ ကျူးလွန်ခဲ့ကြပြီးသား။ ဒါပေမဲ့ သူတို့ဘယ်တော့မှ အပြစ်ပေးမခံရဘူး။”
လက်ရှိမှာ စစ်တပ်က အာဏာကို အတင်း ဆုပ်ကိုင်ထားတာကြောင့် အမျိုးသမီးတွေအတွက် ဘာတွေဖြစ်လာမလဲ ပူပန်နေပါတယ်။ ဗုဒ္ဓဘာသာ အမျိုးသမီးတွေ ဘာသာခြားနဲ့ လက်ထပ်ခြင်းမှ ကာကွယ်ဖို့ မျက်ကန်းမျိုးချစ်နဲ့ အမျိုးသမီးတွေကို နိမ့်ကျအောင် ကြိုးပမ်းအားထုတ်ထားတဲ့ ကြံ့ဖွံ့ပါတီရဲ့ ဆိုးရွားလှတဲ့ အမျိုးဘာသာကာကွယ်ရေးဥပဒေကို သတိထားကြဖို့ တိုက်တွန်းထားပါတယ်။
မြန်မာပြည်မှာ ကျားမတန်းတူညီမျှရေးက စိန်ခေါ်မှုတွေနဲ့ အရေးကြီးပေမဲ့လို့ လက်ရှိ အာဏာသိမ်းလိုက်တဲ့ အခြေအနေမှာ အခြေခံလူ့အခွင့်အရေး ပျောက်ကွယ်နေတဲ့ “အိပ်မက်ဆိုး”နဲ့ နှိုင်းစာရင် ဘာမှ မဟုတ်တော့ပါဘူး။
ဒီအပိုင်းလေးထဲမှာ ဖတ်ပြထားတဲ့ သွေးသံရဲရဲ ကောင်းကင် ကဗျာကို ဒီမှာ လေ့လာနိုင်ပါတယ်။