ခဲရင်းလှစွာသော : ဘုန်းတော်ကြီး ပညာသင်ကျောင်းတကျောင်း၏ အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်စဉ်

ကျွန်တော်တို့အဖွဲ့မှ ဒေသခံ စေတနာ့ဝန်ထမ်းတဦးက စစ်ကိုင်းမှ ဘုန်းတော်ကြီးပညာသင်ကျောင်းမှ ကျောင်းဆရာတော်နှင့် လတ်တလောမှာ ဆွေးနွေးထားပါတယ်။ မြန်မာပြည်က ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွေက နိုင်ငံတဝှမ်း ဆင်းရဲနွမ်းပါးပြီး ဝင်ငွေနည်းပါးတဲ့ ကလေးငယ်များစွာရဲ့ ပညာရေးကို ကြီးကြပ်ပေးတဲ့ အသင်းအဖွဲ့၊ လူထုဗဟိုပြု ကျောင်းအိပ်ကျောင်းစား ဘော်ဒါကျောင်းများသဖွယ် ဆောင်ရွက်ပေးပါတယ်။ ဒီကျောင်းတွေက ဘာသာ၊ လူမျိုး၊ ကျားမ မတူကွဲပြားတဲ့ နောက်ခံအမျိုးမျိုးမှလာတဲ့ ကလေးငယ်တွေကို ဝန်ဆောင်မှုပေးပါတယ်။ အသိုင်းအဝိုင်းပေါင်းစုံမှ မိဘတွေကလည်း ကလေးငယ်တွေရဲ့ အခြေခံ ပညာရေးကို အခမဲ့ စောင့်ရှောက်ပေးတဲ့ မေတ္တာကရုဏာရှင် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးများ၊ သီလရှင် ဆရာကြီးများ သမိုင်းအစဉ်အလာအရ လည်ပတ်လုပ်ဆောင်ကြတဲ့ ဒီဘုန်းကြီးကျောင်း ပညာရေးကိုသာ အားကိုးနိုင်စွမ်း ရှိကြပါတယ်။ လွန်ခဲ့တဲ့ ၁၀နှစ်ကာလ နိုင်ငံတော်အစိုးရတွေက ကလေးငယ်တိုင်း မသင်မရနေရ အခမဲ့ အခြေခံပညာရေးကို အကောင်အထည်ဖော်ဖို့ ကြေညာခဲ့ပြီး ကြိုးပမ်းခဲ့ပေမယ့် အခြေခံ ပညာသင် ကျောင်းသား ကလေးငယ်ဦးရေ ၁၀ ဒသမ ၅ သန်း (မူလတန်းမှ အလယ်တန်းအဆင့်) အသက် ၅ နှစ်မှ ၁၅ နှစ်အထိ ကျောင်းသားအားလုံးအတွက် ဖူလုံမှု မရှိခဲ့ပါဘူး။ [ရည်ညွှန်း: UNESCO Institute for Statistics] မြန်မာ့ပညာရေး အဖွဲ့အစည်းနဲ့ ဘုန်းတော်ကြီးသင် ပညာရေး အဖွဲ့အစည်းတို့ရဲ့ အခြေခံစစ်တမ်းတခုအရ  ၂၀၁၃ ခုနှစ်မှာ ဘုန်းတော်ကြီး ပညာသင်ကျောင်း ၁,၇၀၀ ရှိပြီး ကလေးငယ် ၃၀၀,၀၀၀ ခန့်ကို ကျွေးမွေး စောင့်ရှောက်ထားပါတယ်။

ဘုန်းတော်ကြီး စာသင်ကျောင်းနှင့် သီလရှင်ကျောင်းအများစုက အခမဲ့ ပညာရေးကိုသာမက ကလေးအားလုံးအတွက် နေရာထိုင်ခင်းနဲ့ အစားအသောက်ပါ ထောက်ပံ့ပေးကြပါတယ်။ တချို့ကျောင်းတွေက လူမျိုးတိုင်းရင်းသား ပေါင်းစုံ ကျောင်းသားလေးများနဲ့ ဖွဲ့ထားတဲ့ မိဘမဲ့ဂေဟာ ဖြစ်ပါတယ်။ ဒါ့အပြင် ဘုန်းတော်ကြီးများ၊ သီလရှင် ဆရာကြီးများက ဆင်းရဲနွမ်းပါးတဲ့ ကလေးငယ်တွေကို စာသင်ပေးမယ့် စေတနာ့ဝန်ထမ်း ဆရာ/ဆရာမတွေအတွက် ထောက်ပံ့ကြေးလည်း ရှာဖွေပေးရတဲ့အပြင် ကလေးတွေရဲ့ ကျန်းမာရေး စောင့်ရှောက်မှု လိုအပ်ချက်တွေကိုလည်း ပံ့ပိုးပေးရပါတယ်။ ရှင်းရှင်းပြောရရင် ဒါတွေက ရိုးရှင်းလွယ်ကူတဲ့ အလုပ်တွေမဟုတ်ပေမဲ့ မြန်မာနိုင်ငံမှာ ဆယ်စုနှစ်ပေါင်းများစွာ လျစ်လျူရှု တမင်တကာ ဖျက်လိုဖျက်ဆီးလုပ်ခဲ့တဲ့ စစ်အစိုးရကြောင့် တတ်နိုင်သမျှ ကြိုးစားပြီး ဖြည့်ဆည်းနေကြတာ ဖြစ်ပါတယ်။ မြန်မာပြည် ဒီမိုကရေစီ အကူးအပြောင်းကာလ ၂၀၁၀ ခုနှစ်တွေမှာ အနည်းနဲ့အများ စီမံကွပ်ကဲဖို့ ခက်ခဲခဲ့ပါတယ်။ ဒါပေမဲ့လည်း ၂၀၂၀ မှာ COVID-19 ပျံ့နှံ့မှုနဲ့ ၂၀၂၁ စစ်တပ်အာဏာသိမ်းမှုကြောင့် ဘုန်းတော်ကြီးသင် ပညာရေးစနစ်က စိုးရိမ်ရေမှတ်ထက် ကျော်လွန်နေတာကို အောက်ပါ မေးမြန်းခန်းမှာ သိရမှာပါ။ မနှစ်က COVID ရိုက်ခတ်မှုကြောင့် မြန်မာပြည်မှာ လုပ်ငန်းတွေ လုံးဝ ရပ်ဆိုင်းခဲ့ပေမဲ့ ဒီမိုကရေစီ အရပ်သားအစိုးရ အုပ်ချုပ်ရေးအောက်မှာ ဒေသခံ လူဒကာ၊ အလှူရှင်များစွာတို့က ဒီဘုန်းတော်ကြီး ပညာသင်ကျောင်းတွေကို ဆက်ပြီးထောက်ပံ့နိုင်မယ့် နည်းလမ်းတွေ ရှာနိုင်ခဲ့ကြပါတယ်။ ဒါပေမဲ့လည်း ၂၀၂၁ ဖေဖော်ဝါရီ အာဏာသိမ်းပြီးနောက်ပိုင်း လက်ရှိမှာ ဆိုးရွား ရက်စက်ကြမ်းကြုတ်တဲ့ စစ်တပ်အာဏာသိမ်းယူမှုက ဖန်တီးလိုက်တဲ့ အကျပ်အတည်းအားလုံးကြောင့် လူမှုစီးပွား အခြေအနေ ကျဆင်းသွားခဲ့ပါပြီ။

တိုင်းရင်းသား ကလေးငယ်၂၀၀ အတွက် အခမဲ့ ပညာရေးနဲ့ နေရာထိုင်ခင်း အစားအသောက် ပံ့ပိုးပေးနေတဲ့ ဆရာတော်တပါးနဲ့ စကားဝိုင်း ပြုလုပ်ခဲ့ပါတယ်။ မိတ်ဆွေတို့ မြင်တဲ့အတိုင်း ဒီလိုဘုန်းကြီးကျောင်းတွေက အရေးပေါ် အကူအညီတွေ လိုအပ်နေပြီး သူတို့ကို အလှူဒါန ပေးပို့နိုင်ဖို့ ကမ္ဘာတဝှမ်းလုံးက တရားအားထုတ်သူ ယောဂီတွေ ကူညီပါဝင်လှူဒါန်းကြဖို့ ကျွန်တော်တို့က တောင်းဆိုပါတယ် ခင်ဗျာ။ ပြည်တွင်းမှ ပါဝင်လှူဒါန်းချင်သူတွေလည်း Wave နံပါတ် 09942359202 ကို ပေးပို့လှူဒါန်းနိုင်မှာ ဖြစ်ပါတယ်။ ဒီကဘုန်းကြီးကျောင်းတွေ၊ သီလရှင်ကျောင်းတွေနဲ့ ဘုန်းတော်ကြီး ပညာသင်ကျောင်းတွေ ဘယ်လိုခရီးဆက်နေသလဲ သိချင်ကြတဲ့ နိုင်ငံခြားသား ယောဂီတွေအတွက် ဒီကနေတဆင့် အာဏာသိမ်းပြီးနောက် ဘုန်းကြီးကျောင်းတွေထဲက နေ့စဉ်ဘဝတွေကို အတွင်းကျကျ ထွင်းဖောက်လေ့လာနိုင်ပါမယ်။ 

ဦးဇင်းရဲ့အတ္တတွေ လျော့ပါးသွားအောင် အားထုတ်တဲ့အနေနဲ့ အတ္တမပါတဲ့ ဝန်ဆောင်မှုတွေကနေတဆင့် ဒီကလေးတွေကို သူတို့ရဲ့ ဇာတိမြေမှ ဆင်းရဲဒုက္ခတွေမှ လွတ်မြောက်အောင် ကူညီပေးပါတယ်။

Better Burma ၏ ဒေသခံ စေတနာ့ဝန်ထမ်း:  လက်ရှိမှာ ကလေးငယ် ဘယ်လောက်များများ ကျွေးမွေး စောင့်ရှောက်ထားပါသလဲ ဘုရား။

ဆရာတော် : ဦးဇင်းကျောင်းမှာ ကိုရင်လေး ၅၁ ပါးနဲ့ လူဝတ်ကောင်လေး ၃ ယောက် ရှိပါတယ်။

B.B: ကလေးတွေက လက်ရှိမှာ ဘာတွေ သင်ကြရပါသလဲ ဘုရား။ အခြေခံ ပညာလား၊ ဘုန်းတော်ကြီး စာပေလား၊ နှစ်ခုလုံးလား ဘုရား။

ဆရာတော်: ဦးဇင်းတို့က ကျောင်းပိတ်ရက်တွေမှာ အခြေခံပညာရော ဘုန်းတော်ကြီး ပညာရော နှစ်မျိုးစလုံး သင်ပေးပါတယ်။ ဥပမာ၊ တချို့နေ့တွေမှာ ဗုဒ္ဓဘာသာ အခြေခံ၊ အင်္ဂလိပ် စကားပြော အတန်း၊ ကွန်ပျူတာ အခြေခံနဲ့ အခြား လက်မှုပညာတွေ သင်ပေးပါတယ်။

B.B: ကျောင်းနဲ့ ကျောင်းသားရေးရာအားလုံးကို ထိန်းသိမ်းဖို့ ရန်ပုံငွေ လက်ရှိမှာ ဘယ်လိုနေပါသလဲ ဘုရား။

ဆရာတော်: ဒကာ မြင်တဲ့အတိုင်းပဲ။ ဒီအကြောင်း မပြောဘဲ နေရအောင် (ရယ်လျက်...)။ ဒီကာလမှာ ဦးဇင်းတို့အားလုံး ခက်ခဲနေကြတယ်။ ဒါကြောင့် ဒီအချိန်က အလှူရှင်တွေကို ငိုပြဖို့ ကောင်းတဲ့အချိန်လည်း မဟုတ်ပါဘူး။ သူတို့မှာလည်း အခက်အခဲတွေဖြစ်ပြီး စီးပွားကျပ်တည်းနေတာ။ သေချာတာပေါ့။ ဦးဇင်းတို့က အလှူရှင် ဒကာတွေအပေါ် အားထားနေရတာ ဆိုပေမဲ့ အခု သူတို့တွေမှာ သူတို့မိသားစုတွေအတွက် ငွေကြေးအကျပ်အတည်းတွေလည်း ဖြစ်နေကြပါတယ်။ ဦးဇင်းတို့က ကျောင်းတကျောင်းမှာ ဦးဇင်းက ကျောင်းဘုန်းကြီး၊ ရာနဲ့ချီတဲ့ ကလေးတွေရှိတဲ့ မိသားစုအကြီးကြီးက ဖခင်တယောက်လိုပေ့ါ၊ တကယ်ပါ။ မိသားစုရဲ့ဖခင်အနေနဲ့ ဦးဇင်းတို့က ကလေးတွေရှေ့မှာ ညည်းညူလို့ မရဘူးလေ။ တချိန်တည်းမှာပဲ ဦးဇင်းတို့ကလေးတွေ အသက်ရှင်နိုင်မယ့် နည်းလမ်းတွေအားလုံးကို စဉ်းစားရတယ်။ သို့သော် တစ်ခါတလေ ခက်ခဲတဲ့ ဆုံးဖြတ်ချက်တွေလည်း ချရတယ်။ ဥပမာ၊ ဦးဇင်းရဲ့ ကျောင်းမှာ ၂၀၂၀ အစောပိုင်း ကပ်ရောဂါ မတိုင်ခင် တိုင်းရင်းသားကလေး ၂၀၀ ကျော်ရှိခဲ့ပါတယ်။ ဒါပေမဲ့ အခုတော့ စိတ်နှလုံး ကြေကွဲစွာနဲ့  မိတဆိုး (ဒါမှမဟုတ်) ဖတဆိုး ကလေးလေးတွေကို သူတို့ရဲ့ ဒေသ ရပ်ရွာကို ပြန်ခေါ်သွားကြဖို့ အသိုင်းအဝိုင်းကို တောင်းဆိုဖို့ ဆိုးရွားတဲ့ ဆုံးဖြတ်ချက်ချခဲ့ရတယ်။ ဒါမှလည်း ဘယ်သူမှ ထောက်ပံ့မယ့်သူမရှိတဲ့ မိဘမဲ့ကလေးတွေနဲ့ မြန်မာစစ်တပ်နဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေကြား တိုက်ပွဲတွေကြောင့် လုံးဝ တည်ငြိမ်မှုမရှိတဲ့ ဇာတိဒေသတွေက တိုင်းရင်းသားကလေးငယ်တွေကို ဆက်ပြီးတော့ နေရာထိုင်ခင်းပေးနိုင်မယ်။ အဲ့ဒီဆုံးဖြတ်ချက်အတွက် ဦးဇင်းတို့ အရမ်းဝမ်းနည်းပါတယ်။ တခြားရွေးစရာ မရှိပါဘူး။ သူတို့ကို ဝလင်အောင် မကျွေးနိုင်တော့လို့ပါ။ သာမန်နေ့တွေမှာ ဦးဇင်းတို့က ဘုန်းကြီးတွေဖြစ်တာကြောင့် ပစ္စည်းလေးပါး အထောက်အပံ့တွေအပြင် အလှူရှင် ဒကာတွေရဲ့ ပင့်ဆောင်လှူဒါန်းမှုတွေ ရှိပါတယ်။ အဲ့ဒီလှူဒါန်းမှုတွေက ကလေးတွေရဲ့ ပညာရေး၊ ကျန်းမာရေးနဲ့ အခြားအထောက်အပံ့တွေဖြစ် သေချာပေါက် သုံးရပါတယ်။ ဘုန်းတော်ကြီး ပညာသင်ကျောင်းနဲ့ သီလရှင် ပညာသင်ကျောင်းတွေကို လည်ပတ်အောင် ကြိုးစားနေကြတဲ့ ဆရာတော်တွေ သီလရှင် ဆရာကြီးတွေမှာ တူညီတဲ့ စိတ်ထားရှိကြပါတယ်။ ကပ်ရောဂါနောက်ပိုင်း ကျောင်းတွေကို ရက်အကန့်အသတ်တခုအထိ ပိတ်ထားရတယ်။ ကျောင်းတွေပိတ်ထားရပေမဲ့ တနေ့သုံးနပ် ကျွေးမွေးစားရိတ်ကို စီမံနိုင်ခဲ့ပါသေးတယ်။ အဲ့ဒီတုန်းက အားငယ်နေတဲ့ ကလေးတွေကို ဂရုမှစိုက်နိုင်ပါ့မလားဆိုတာ မသေချာတဲ့ နေရာတွေကို အခုလို ပြန်ပို့ဖို့ မလိုအပ်ခဲ့သေးဘူး။ ထပ်ပြီးတော့ ဖျားနာ၊ မကျန်းမာတဲ့ ကလေးငယ်တွေကိုလည်း ပြုစုစောင့်ရှောက်ရပါတယ်။ နီးစပ်ရာ ပုဂ္ဂလိက ဆေးခန်းမှာ ပြရင် ၅ထောင်-၆ထောင်ကျပ် (၄ဒေါ်လာ)လောက် ကျပါတယ်။ အဲ့ဒီမှာ ကလေးနေပြန်ကောင်းဖို့ ၃ရက်လောက် နေရတယ်။ ဦးဇင်းတို့ တာဝန်ဘယ်လောက်ကြီးသလဲ ဒကာ စဉ်းစားကြည့်ပါ။

B.B: လက်ရှိ ရင်ဆိုင်နေရတဲ့ အခက်အခဲ ပြဿနာတွေက ဘာတွေပါလဲ ဘုရား။ 

ဆရာတော် :  မြန်မာပြည်မှာ လက်ရှိ နိုင်ငံရေး မတည်ငြိမ်တော့ ကျောင်းကို တရားဝင်ဖွင့်လို့ မရပေမဲ့၊ အထူးသဖြင့် ဦးဇင်းတို့ ဒေသမှာ ဒီဆင်းရဲတဲ့ ကလေးငယ်တွေ သူတို့ရဲ့ပညာရေး အဆက်ပြတ်မသွားစေဖို့ စာသင်ကြားပေးနေဆဲပါ။ ဒါကြောင့်မို့ စာရေးကိရိယာ၊ သင်ကြားရေး ထောက်ကူတွေနဲ့ COVID-19 ကာကွယ်ရေး ပစ္စည်း၊ အဝတ်အထည်၊ (ဆောင်းတွင်းမှာ)စောင်၊ ဆပ်ပြာ၊ သွားတိုက်ဆေး စသဖြင့် အခြားလိုအပ်တဲ့အရာတွေအားလုံး ထောက်ပံ့ရပါတယ်။ ကျောင်းအိပ်ကျောင်းစားနေတဲ့ ကလေးတွေအတွက် ဦးဇင်းတို့က ဒါတွေအားလုံး စီမံရတယ်။ သူတို့မိဘတွေ မတတ်နိုင်ကြဘူး။ ပြီးတော့ စေတနာ့ဝန်ထမ်း ဆရာ/ဆရာမတွေအတွက် ထောက်ပံ့ကြေးကိုလည်း ရှာရတယ်။ ဒါကြောင့် အလှူလက်ခံရရှိငွေ ပမာဏထက် ပိုပြီးကုန်ကျပါတယ်။ ပုံမှန်ဆိုရင်တော့ အလှူရှင် ဒကာတွေဆီကနေ ပုံမှန် အလှူတွေလက်ခံရရှိပြီး ဖြေရှင်းနိုင်ပါတယ်။ ဒါပေမဲ့ အခုတော့ ဘာမှသိပ်မကျန်ပါဘူး။ ဘယ်လောက်ကြာကြာနေနိုင်မလဲ ဦးဇင်းမသိဘူး။ 

B.B: အခု ဘယ်လို ဖြေရှင်းနေပါသလဲ ဘုရား။ ရေရှည် အနာဂတ်အတွက် ဖြေရှင်းချက်ကို သိပါရစေ ဘုရား။

ဆရာတော်:  အခု ဒကာမြင်တဲ့အတိုင်းပဲ။ ဥပမာ၊ ကိုရင်တွေနဲ့ ဘော်ဒါဆောင် ကျောင်းသားလေးတွေ အဝတ်လျှော်ဖို့ ဆပ်ပြာလိုတဲ့အခါ ရပ်ရွာအလှူက ရလေ့ရှိတော့ အရင်က ဝယ်သုံးဖို့ဆိုတာ စဉ်းစားစရာမလိုခဲ့ဘူး။ ဒါပေမဲ့ အခုတော့ လုံးဝပဲ၊ ကိုယ်တိုင် ဝယ်ရတယ်။ ဦးဇင်းတို့ ရန်ပုံငွေက အကန့်အသတ်နဲ့ဆိုတော့ လိုအပ်တာတွေအားလုံးကို လွယ်လွယ် ကောက်ဝယ်ဖို့ မဖြစ်နိုင်ဘူး။ အဲ့တော့ အခြားနည်းလမ်း စဉ်းစားရတယ်။ ဦးဇင်းတို့က မလုပ်ချင်ပေမဲ့လည်း တခြားထိရောက်တဲ့ နည်းတွေကို စဉ်းစားဖို့ ဖိအားတွေရှိလာတယ်။ ဥပမာဆိုရင် ဦးဇင်းရဲ့ လက်ထောက် ဆရာတော်နဲ့ အခြားကိုရင်လေးတချို့ မြို့ထဲသွားပြီး ထောက်ပံ့ပေးနိုင်မယ်ထင်ရတဲ့ ကုန်စုံဆိုင်တွေ၊ အလှူရှင်တွေဆီ တပါးချင်းစီ လှည့်ပြီး နည်းများမဆို အလှူခံထွက်ရတယ်။ ဦးဇင်းက ဇာတိရွာက ဆွေမျိုးတွေဆီမှာ စားတော်ပဲ၊ ခရမ်းသီး၊ ခရမ်းချဉ်သီး စတဲ့ ဟင်းသီးဟင်းရွက်တွေ စသဖြင့် အလှူခံပါတယ်။ သို့ပေမဲ့ ဒါတွေက အမြဲ မဖြေရှင်းနိုင်ပါဘူး။ အရင်တုန်းက ဦးဇင်းရွာမှာ မိဘတွေဆီက အမွေရထားတဲ့ စိုက်ပျိုးမြေတွေရှိတယ်။ မြေငှားတွေကို ငှားထားခဲ့ဖူးတယ်။  အချိန်ကြာအောင် ငှားထားတော့ ကျောင်းသားတွေ စားဖို့အတွက် အဲ့ဒီက ရန်ပုံငွေ ရနိုင်ခဲ့တယ်။ အခုတော့ နောက်ထပ် ဘယ်နှပတ်လောက်ခံမလဲမသိဘူး။ မြေကိုရောင်းလိုက်ပြီးတော့ ကျန်နေသေးတဲ့ အမြတ်အားလုံးက ကျောင်းအတွက်ပဲဆိုတော့ ဘယ်လောက် တောင့်ခံနိုင်မလဲ ကြည့်ရမယ်။ (ဒီအခိုက်လေးမှာပဲ ဆရာတော်ရဲ့ ပူဆွေးနေတဲ့ မျက်လုံးတွေကိုကြည့်ရင်း သက်ပြင်းသံ တိုးတိုးလေးကို ကြားလိုက်ပါတယ်။)   

B.B: နောက်ဆုံးမေးခွန်းအနေနဲ့ ဒီအခက်အခဲတွေကို အချိန်တိုအတွင်း  ဖြေရှင်းနိုင်မယ့်  မျှော်လင့်ချက်တွေ ရှိပါသလား ဘုရား။ ကလေးတွေအတွက် မျှော်လင့်ချက် ရှိပါသလား အရှင်ဘုရား။ 

ဆရာတော်:  ဦးဇင်းတို့က ဘုန်းကြီးတွေဆိုတော့ တလောကလုံးက သတ္တဝါအားလုံးကို ကပ်ကြီး သုံးပါး(ရောဂါကပ်၊ စစ်ဘေးကပ်၊ အစာငတ်မွတ်ခေါင်းပါးကပ်)မှ လွတ်မြောက်အောင် မေတ္တာပို့ရပါတယ်။ ပိဋက(ဗုဒ္ဓဘာသာ) အစဉ်အလာအရ ဒီကပ်တွေဟာ လောက သတ္တဝါများစွာတို့ရဲ့ တရားဓမ္မ ခေါင်းပါးမှုကြောင့် သူတို့ရဲ့ ဒေါသ၊ ငြူစူခြင်း၊ မုန်းတီးခြင်း၊ တွေဝေမိုက်မဲခြင်း၊ အတ္တကြီးခြင်း စတာတွေကြောင့် ဖြစ်ပေါ်လာတာပါ။ ဒီအခက်အခဲတွေက မေတ္တာရဲ့ရန်သူနဲ့  "ကိုယ်ကျိုးမဖက်တဲ့ စိတ်"ရဲ့ ဆန့်ကျင်ဘက်ဖြစ်တဲ့ အတ္တကနေ ပေါက်ဖွားလာတယ်ဆိုတာ ဦးဇင်းတို့ သိတယ်။ ဒါကြောင့် မေတ္တာဘာဝနာ (မေတ္တာကမ္မဋ္ဌာန်း)ကို ဦးဇင်းတို့ ပွါးများရမယ်။ ဒီနေ့ ဆင်းရဲဒုက္ခရောက်နေသူအားလုံးကို မေတ္တာပို့ရမယ်။ ဦးဇင်းမှာလည်း ကိုယ်ပိုင် တာဝန်ရှိပါတယ်။ ဒီမှာ ထိုင်ပြီး တခြားသူတွေကို ဝေဖန်မနေပါဘူး။ ကိုယ်ကိုယ်တိုင်လည်း ဦးဇင်းရဲ့အတ္တ လျော့ပါးသွားအောင် အားထုတ်တဲ့အနေနဲ့ အတ္တမပါတဲ့ ဝန်ဆောင်မှုတွေကနေတဆင့် ဒီကလေးတွေ သူတို့ရဲ့ ဇာတိမြေ ဆင်းရဲဒုက္ခတွေမှ လွတ်မြောက်အောင် ကူညီပေးနေပါတယ်။ သံသရာ လွတ်မြောက်မှုကို ရှာဖွေဖို့နဲ့ လောကီ အခြေအနေအားလုံးကို သည်းခံနိုင်တဲ့ စွမ်းရည်ရှိအောင် အားထုတ်တဲ့ ဘုရားအလောင်းတော်တွေလိုပဲပေါ့။ မြတ်စွာဘုရားရှင် ကိုယ်တော်တောင်မှ ဝါတွင်း (မိုးတွင်းကာလ) တခုမှာ အရည်အသွေးကောင်းတဲ့ ဆွမ်းဆန် ရှားပါးမှုကို ဒုက္ခကို ကြုံကြိုက်ခဲ့ပါသေးတယ်။ နောက်ဆုံးတော့လည်း ပြီးသွားတာပဲ။ ဒါဆို ဒါတွေ ပြီးဆုံးသွားရမယ့်အချိန်ကို ဘာလို့ မမျှော်လင့်ဘဲ နေမလဲပေ့ါ။ တချက်လေးပါပဲ - ကျေးဇူးပြုပြီးတော့ ကလေးတွေအတွက်နဲ့ ကြာရှည် ဆက်သွားဖို့ မလွယ်လောက်တော့နဲ့ လူအများစုအတွက် မြန်မြန်ကြီး ပြီးဆုံးပါစေပေါ့။ (ဆရာတော် စကားရပ်သွားခဲ့ပြီး ကျွန်တော်တို့ ပြောနေတဲ့တဲကလေးကနေ အပြင်ကို လှမ်းကြည့်နေခဲ့တယ်။)


ဒီဇာတ်ကြောင်းက လက်ကျန်ကလေး ၅၄ ယောက်ကို စားဝတ်နေရေးအပြင် အခမဲ့ ပညာရေးပါ ထောက်ပံ့ပေးနေတဲ့ စစ်ကိုင်းရှိ ဘုန်းတော်ကြီး ပညာသင်ကျောင်းတကျောင်းမှ ကျောင်းဆရာတော် ပြောပြထားတာ ဖြစ်ပါတယ်။ ဒီစာကို ကျွန်တော်တို့အဖွဲ့ရဲ့ ဒေသခံ စေတနာဝန်ထမ်းက ပေးပို့ထားတာပါ။ လူမျိုး ဘာသာ မခွဲခြားပဲ အပြစ်ကင်းတဲ့ ကလေးတွေအတွက် တည်ရှိနေတဲ့ ဘုန်းတော်ကြီးကျောင်းများ သီလရှင်ကျောင်းများဆီသို့ ပါဝင်လှူဒါန်းခြင်းအားဖြင့် ဘုန်းတော်ကြီးများ သီလရှင် ဆရာကြီးများကို ကူညီဖို့ ကျေးဇူးပြုပြီး စဉ်းစားပေးကြပါ ခင်ဗျာ။ ပြည်တွင်းမှ လှူဒါန်းလိုသူများအနေနဲ့  Wave နံပါတ် 09942359202 သို့ ပေးပို့ လှူဒါန်းနိုင်ပါတယ် ခင်ဗျာ။ 

Shwe Lan Ga LayComment