သံဃာတော်များထံ ကပ်လှူသော မိတ်ဆွေတို့၏ ဒါန

မြန်မာပြည်မှ ဘုန်းတော်ကြီးကျောင်းများ၊ သီလရှင်ကျောင်းများနဲ့ တရားရိပ်သာတွေရဲ့ အခြေအနေ နောက်ဆုံးရသတင်းများကို ကျွန်တော်တို့ ဒေသခံ အဖွဲ့ဝင်တဦးမှ စုဆောင်းတင်ပြချက်ဖြင့် အောက်မှာ ဖော်ပြပေးထားပါတယ်။ ဒီအထူးဆောင်းပါးမှာ ကျွန်တော်တို့ စေတနာ့ဝန်ထမ်းက ကမ္ဘာတဝှမ်းမှ တရားအားထုတ်သူ ကုသိုလ်ရှင်များထံမှ စုဆောင်းရရှိတဲ့ အလှူရန်ပုံငွေ တချို့တဝက်ကို မုံရွာဝန်းကျင်တလျှောက် ကျောင်းတိုင်ယာရောက် ဖြန့်ဖြူးထားပြီး အတွေ့အကြုံကို မျှဝေထားပါတယ်။ ဘုန်းတော်ကြီးများနဲ့ သီလရှင်ဆရာကြီးများက အကြီးမားဆုံး အခက်အခဲကို လက်ရှိ ရင်ဆိုင်ကျော်ဖြတ်နေရချိန်မှာ သူတို့ကျောင်းကို သူစိမ်းအလှူရှင်တွေက ရန်ပုံငွေ အမြောက်အမြားဖြင့် လာရောက်လှူဒါန်းကြတဲ့အခါ အံ့ဩနေကြတာကို မိတ်ဆွေတို့ ဖတ်ရှုရမှာပါ။ စိတ်နှလုံးမှာ ကြီးမားတဲ့ ကျေးဇူးတရား ကိန်းအောင်းနေကြတဲ့ ယောဂီတို့ရဲ့ အလှူဒါနကို ထိထိမိမိ မျှဝေလှူဒါန်းထားတဲ့ မှတ်တမ်းကို ကြည့်ရင် တကယ့်ကို ကြည်နူးစရာဖြစ်ပါတယ်။ စာဖတ်သူ မိတ်ဆွေအတွက် စိတ်လှုပ်ရှားစရာဖြစ်ပြီး နှစ်လိုဖွယ်ဖြစ်တယ်ဆိုရင် ဒီစီမံကိန်းကြီး ဆက်လက်ရှင်သန်နေစေဖို့ ဒီမှာ ပါဝင်လှူဒါန်းနိုင်ပါတယ် ခင်ဗျာ။ ပြည်တွင်းမှ လှူဒါန်းလိုသူများ Wave နံပါတ် 09942359202 ကို ပေးပို့ လှူဒါန်းနိုင်ပါတယ် ခင်ဗျာ။

ကူညီထောက်ပံ့နေတဲ့ ဒီလိုကျေးဇူးသိတတ်ကြတဲ့ ယောဂီတွေ ရှိနေသေးတယ်ဆိုရင် စစ်မြေပြင်နဲ့ ရွာတွေမှာ နွမ်းနွမ်းပါးပါးနေရတဲ့ စာသင်သားတွေကို ပုံမှန် စာပြန်သင်ပေးနိုင်ပြီပေ့ါ

လွန်ခဲ့တဲ့တပတ်က မုံရွာတဝိုက် ဘုန်းကြီးကျောင်းတွေမှာ "ယောဂီများမှ ကျေးဇူးတရားတုံ့ပြန်ခြင်း လှုပ်ရှားမှု"အတွက် ကျွန်တော်တို့ ဆွမ်းဆန် သွားရောက်လှူဒါန်းတဲ့အခါ ခက်ခဲတဲ့ကာလမှာ မြင့်မြတ်တဲ့အလှူဖြစ်တာကြောင့် သံဃာတော်တွေ အံ့ဩဝမ်းသာ ဖြစ်ကြလို့ ကျွန်တော်တို့လည်း ဝမ်းသာလွန်းပြီး မျက်ရည်ကျခဲ့ရပါတယ်။ ဟုတ်ပါတယ်၊ အမှန်ပါပဲ။ သာသနာစောင့် နတ်မင်းကြီးတွေက ဒီလိုခက်ခဲနေတဲ့အချိန်မှာ ဘုန်းကြီး(သံဃာ)တွေကို ပစ်မထားဘူးလို့ တချို့ကသူတို့ ယုံကြည်မှုကို ပြောပြကြပါတယ်။ အဲ့ဒီနောက် အလှူကို ချီးမြှောက်ကာ အနုမောဒနာတရားဟောကြားပေးပြီး ခက်ခဲတဲ့ကာလ ဒါနရဲ့ အသီးအပွင့်တွေအကြောင်း ဟောကြားပေးပါတယ်။ အချို့ ဘုန်းတော်ကြီးကျောင်းများမှ ကျောင်းဆရာတော်ကြီးတွေက ကာလဒါန(လိုအပ်တဲ့အချိန်မှာ လိုအပ်သောအရာကို လှူဒါန်းခြင်း)အကြောင်း ဟောကြားပေးပါတယ်။ ဒီတရားတော်တွေကြောင့် ဒီအကျပ်အတည်းကာလမှာ ဘုန်းတော်ကြီးကျောင်းများကို ဆက်ပြီး ကူညီလှူဒါန်းသွားဖို့ ကျွန်တော့်မှာ သဒ္ဓါတရား ထက်သန်မှုတွေ ဖြစ်လာပါတယ်။ ဒီတရားတော်တွေထဲကမှ ဘုန်းတော်ကြီးကျောင်းများထောက်ပံ့ရေး အစီအစဉ်ကို ဆက်လုပ်သွားဖို့ ကျွန်တော့်စိတ်နှလုံးသားမှာ ပိုပြီး ဆုံးဖြတ်ချက်ခိုင်မာသွားစေတဲ့ တရားတော်က ရှင်သာမဏေငယ်လေးများကို ဗုဒ္ဓစာပေ ပိဋကတ်ကျမ်းဂန်တော်များ သင်ကြားပေးနေတဲ့ ပရိယတ္တိကျောင်းမှ သက်တော်ရှည် ကျောင်းဆရာတော်ကြီးထံမှ အောက်မေ့ဖွယ် တရားတော်ပဲ ဖြစ်ပါတယ်။ "ဟင်၊ ဘယ်လို။ နားမရှင်းဘူး။ တချိန်တည်းနဲ့ စိတ်ဓာတ်တက်ကြွပြီး ဘယ်လိုလုပ် အောက်မေ့စရာဖြစ်နိုင်မှာလဲ"လို့ မိတ်ဆွေယောဂီတို့ မေးကောင်းမေးလိမ့်မယ်။

ဟုတ်ကဲ့၊ အမှန်ပဲဗျ။ နားရှုပ်သွားမှာပေ့ါဗျာ။ ဒါကြောင့် ဆက်ပြီး ဖတ်ကြည့်ပေးပါခင်ဗျ။

ပရိယတ္တိစာသင်တိုက်ကြီးတတိုက်ရဲ့ ကျောင်းထိုင်ဆရာတော်ကြီးဖြစ်တဲ့ သက်တော် ကိုးဆယ်ကျော် ဆရာတော်ကြီးတပါးက ကျွန်တော်တို့ကို ကျောင်းတိုက် သမိုင်းကြောင်း ရှင်းပြပါတယ်။ ကပ်ရောဂါမတိုင်ခင် ကျောင်းမှာ သံဃာအပါး ၂၀၀ ဝန်းကျင်နဲ့ ရှင်သာမဏေလေးတွေ အခြေခံ ရဟန်း ဝိနည်းနဲ့ ဗုဒ္ဓစာပေ ပိဋကတ်ကျမ်းဂန်တော်များကို လေ့လာကြပါတယ်။ ဆရာတော်ကြီးက အလှူပစ္စည်း နည်းသည်ဖြစ်စေ၊ များသည်ဖြစ်စေ၊ တန်ဖိုးကြီးသည်ဖြစ်စေ၊ နည်းသည်ဖြစ်စေ ဘယ်ပရိယတ္တိကျောင်းများကိုမဆို လှူဒါန်းခြင်းက တန်ဖိုးဖြတ်မရတဲ့ အထောက်အပံ့ဖြစ်ကြောင်းနဲ့ ဒီလို အလှူဒါနမျိုးနဲ့ ပရိယတ္တိ စာသင်တိုက်တွေကို ဆက်လက် ထောက်ပံ့သွားဖို့ တိုက်တွန်းခဲ့ပါတယ်။ ဆရာတော်ကြီးရဲ့ အသံတော်က သာသနာ အထောက်အပံ့အတွက် အလွန်တရာ ထက်သန်နေပြီး အဓိပ္ပါယ်ပြည့်ဝလှတယ်။ ဆက်ပြီး ဆရာတော်ကြီးက "နိုင်ငံတနိုင်ငံ၊ လူ့အဖွဲ့အစည်းတခု ဒုက္ခရောက်တာဟာ ဘယ်လိုပဲဖြစ်ဖြစ် သာသနာကိုလည်း ထိခိုက်တယ်။ အမှန်တကယ် ဆုတ်ယုတ်စေတယ်။"လို့ လက်ရှိနိုင်ငံရေး အကျပ်အတည်းနဲ့ ပြင်းထန်ကပ်ရောဂါကို ရည်ညွန်းလိုက်ပါတယ်။ ဗုဒ္ဓ အဆုံးအမတွေ တည်တံ့ခိုင်မြဲ စင်ကြယ်စေရန် ပရိယတ္တိ စာသင်တိုက်များရဲ့ ကဏ္ဍ အရေးပါမှုကို အလေးထားကြောင်းနဲ့ ဓမ္မနဲ့ပတ်သက်လို့ အခြေခံသဘောတရားတွေကို နားလည်မှု မပါဘဲ အကျင့်နှင့် ထိုးထွင်းသိမြင်မှု မအောင်မြင် မပြီးမြောက်နိုင်ကြောင်း ဟောကြားပေးပါတယ်။ (ဆရာတော်ကြီးအမိန့် - "ပရိယတ္တိ မပါဘဲ ပဋိပတ္တိ မပြီးစီး မပြည့်စုံနိုင်။ ပရိယတ္တိ အခြေခံ မပါဘဲ ပဋိဝေဓ မအောင်နိုင်။")

အရင်က သံဃာအပါး ၂၀၀ ကျော်နဲ့ ရှင်သာမဏေလေးတွေ ရှိခဲ့ရာက အခုဆို အပါး ၂၀ သာ ကျန်တော့ကြောင်း ဆက်ပြောပြပါတယ်။ ဘုန်းကြီးကျောင်းက မြို့လယ်မှာဖြစ်လို့ ပတ်ဝန်းကျင်မှာလည်း အများစုက ဟင်းသီးဟင်းရွက်သည်တွေ၊ ကာယလုပ်သားတွေနဲ့ ဆင်းရဲနွမ်းပါးသူတွေ ရှိကြပါတယ်။ ကပ်ရောဂါပျံ့ကာစမှာ ဆွမ်းခံ မထွက်နိုင်ကြဘူး။ ဒါကြောင့် ကျောင်းထိုင်နဲ့ လက်ထောက် ဆရာတော်တို့က ကျွေးမွေးနိုင်ဖို့ အားထုတ်ကြရတယ်။ ကျောင်းအဆောက်အဦတွေကလည်း အချင်းချင်း အရမ်းကပ်လွန်းနေပြီး သံဃာ ၂၀၀ ကျော်အတွက် ၉ ဆောင်ပဲရှိပါတယ်။ ကြိုတင်ကာကွယ်မှုတွေကြောင့် သီတင်းသုံးတဲ့ ကိုယ်တော်တွေကို နေရပ်ပြန်ပို့ဖို့ကလွဲပြီး အခြားနည်းလမ်းမရှိပါဘူး။ ဆရာတော်ကြီးက - "အို အရှင်ဘုရားတို့၊ မိမိတို့ နေရပ်ကို ပြန်ကြွကြပါဘုရား။ ဝါတွင်းကာလ ခဏလောက်ပါဘုရား။ တောင်းပန်ပါတယ် ဘုရား"တဲ့။ ဆွမ်းဆန် မလောက်ငှတော့ခြင်းက ပြန်ပို့ရတဲ့ အဓိက အကြောင်းအရင်းပါပဲလို့ ဆရာတော်ကြီးက မိန့်ပါတယ်။ "လုံးဝ ပြတ်တောက်လုနီးနီးပဲ"။ မိုးတွင်းကာလအပြီး စာသင်စာချချိန်တွေ ဖြစ်ပေမဲ့ အထူးသဖြင့် စစ်အာဏာသိမ်းပြီးနောက် နေ့စဉ်ရက်ဆက် အခြေအနေတွေ ဆိုးလာလို့ စာသင်သားတွေကို ပြန်ခေါ်ဖို့ မလုပ်နိုင်တာ ဝမ်းနည်းစရာပဲ။ "တကယ်လို့ သာသနာကို ကျေးဇူးသိတတ်တဲ့ ယောဂီတွေရှိနေသေးလို့ သူတို့တွေက ဆက်ပြီးထောက်ပံ့နေမယ်ဆိုရင် စစ်မြေပြင်နဲ့ ရွာတွေမှာ နွမ်းနွမ်းပါးပါးနေရတဲ့ စာသင်သားတွေကို ပုံမှန် စာပြန်သင်ပေးနိုင်ပြီပေ့ါ"လို့ ယုံယုံကြည်ကြည် မိန့်ကြားလိုက်ပါတယ်။

"ပရိယတ္တိကျောင်းကို မင်း ဆန်တပြည်ပဲ တတ်နိုင်စေဦး တပြည်လှူ။ ဒါက ဝန်ထုပ်ဝန်ပိုးလည်း မဖြစ်စေဘဲ မင်း ပျော်တောင်ပျော်ဦးမယ်။" [တပြည် ဟူသော ဗမာအချိန်အတွယ်မှာ နို့ဆီဗူး ၈လုံးနှင့် ညီပါသည်။] "ဒါန၏ အနှစ်သာရသည် တွယ်တာမှုကို စွန့်ရန်ဖြစ်သည်" ဆိုတဲ့ အဆုံးအမကိုလည်း ဆရာတော်ကြီးက ဟောပေးပါတယ်။ (ပုံမှန်၂၄ ပြည်ဆန့်) ဆန်အိတ်ကြီးကို ညွှန်ပြလိုက်ပြီး "ဒါက များတောင်နေတယ်။ အရေးကြီးတာက မိမိပိုင်ဆိုင်မှုတွေအပေါ် တွယ်တာနေတဲ့ စိတ်တွေကို ထပ်ကာထပ်ကာ ဖြတ်တောက်ရင်း လေ့ကျင့်ယူရမှာ။ တတ်နိုင်သလောက် လှူ။ ဒါဆိို စိတ်ထဲမှာ လောဘနဲ့ နောင်တ တရားတွေ ဖြစ်ပေါ်မှု နည်းလာမယ်။ သာသနာ အုတ်မြစ်ကို ထောက်ပံ့တဲ့ အကြောင်းက လောဘ၊ ဒေါသနဲ့ မောဟတွေမှ လွတ်မြောက်မှု အကျိုးကို ပေးလိမ့်မယ်။" အဲ့ဒီနောက် ဆရာတော်ကြီးက ဝမ်းမြောက်ဝမ်းသာဖြင့် နိုင်ငံတကာမှ ယောဂီများရဲ့ ကျေးဇူးသိစွာ ထောက်ပံ့မှုများအတွက် အနုမောဒနာတရား (ရွှင်လန်းချီးမြှောက်ခြင်း) ဖြင့်ဟောကြားပြီး ယုံကြည်မှုခိုင်ခိုင်မာမာနဲ့ နိဂုံးချုပ်ထားပါတယ်။ "သာသနာ့အခြေခံ အုတ်မြစ်ကို ထောက်ပံ့ခြင်း(ပရိယတ္တိ စာသင်တိုက်များကို ရည်ညွှန်းပါသည်)နဲ့ ဝိနည်းစည်းကမ်းများ(ဝိနယ) လေ့လာနေသော သံဃာတော်များ၊ ဗုဒ္ဓ သာသနာကို ထောက်ပံ့ခြင်းသည် ပဋိပတ္တိ(အကျင့်)နဲ့ ပဋိဝေဓ(ထိုးထွင်းသိမြင်ခြင်းနဲ့ လွတ်မြောက်ခြင်း) အသီးအပွင့် ဝေဆာနိုင်တဲ့ သစ်ပင်ကြီးကို စိုက်ပျိုးခြင်း သဘောဖြစ်တယ်၊ ကိုယ်တိုင်လည်း နိဗ္ဗာန်လမ်း ခင်းနေတာပဲ"လို့ မိန့်ပါတယ်။

အမှန်စင်စစ် ဒီတရားတော်က ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းတွေနဲ့ စာသင်သားတွေ သက်သောင့်သက်သာ သီတင်းသုံးကာ စာသင်စာချနိုင်ရေးအပြင် သူတို့ရဲ့ဝိပဿနာဓုရ (ဝိပဿနာ၏ ဆောင်ရွက်ရမည့်တာဝန်)နဲ့ အခြားတာဝန်များကို ဆက်လက်ဆောင်ရွက်နိုင်ဖို့ ကျွန်တော့်အနေနဲ့ ဆက်ပြီးကူညီသွားဖို့ရာ အားစိုက်လုပ်ဆောင်သွားဖို့ အင်မတန် အားတက်ဖွယ် ဖြစ်ရပါတော့တယ်။

ချစ်ခင်ရပါတဲ့ ကမ္ဘာတဝှမ်းက ယောဂီအပေါင်းတို့ ခင်ဗျား။ ကျေးဇူးပြုပြီး ကျွန်တော့်ကို အပိတ်စကားလေး ခွင့်ပြုပါ ခင်ဗျာ။ ရှင်သာမဏေလေးများရဲ့ သင်ကြားရေး(သဘောတရားရေးရာ/ စာတွေ့ ဗဟုသုတများ)ကို ယောဂီတို့က ထောက်ပံ့ကြတဲ့အတွက်ရော အဆုံးစွန်ဆုံး ကျင့်ကြံအားထုတ်မှုတွေကြောင့်ရော စစ်မှန်တဲ့ ဉာဏ်ပညာတွေကို ပေးလှူနေခြင်းဖြစ်တဲ့အတွက် ထိုးထွင်းသိတတ်တဲ့ ပညာဉာဏ်ကို ယောဂီတို့ထံမှာ လျင်လျင်မြန်မြန် မြဲမြဲမြံမြံ အောင်မြင်ကြလိမ့်မယ်ဆိုတာ မလွဲဧကန်ပါပဲ ခင်ဗျာ။ ဒါကြောင့် ဒါက အာမိသဒါန(ဆွမ်းသင်္ကန်း စသည်ကိုလှူခြင်း)တင်မကသေးဘဲ သံဃာတော်များရဲ့ ကမ္မဋ္ဌာန်းအကျင့်များနဲ့ ဝိပဿနာဉာဏ်စဉ်လမ်းကြောင်းအတွက် ပေးလှူတဲ့ ဓမ္မဒါန လည်းဖြစ်ပါတယ် ခင်ဗျာ။ ထိုးထွင်းသိတတ်သော ပညာဉာဏ်အလှူကို ပေးလှူကြပါဦးစို့ ခင်ဗျာ။

Shwe Lan Ga LayComment