အပိုင်း (၆၁) : မြန်မာ့အရေးအခင်းအပေါ် ဘိက္ခုဗောဓိ၏ အမြင်


တရားဇောက်ချအားထုတ်နေတဲ့ ယောဂီတဦးက ဖမ်းဆီးနှိပ်စက်၊ မုဒိမ်းကျင့်၊ သတ်ဖြတ်ဖို့ အမိန့်ပေးထားတဲ့ လက်နက်ကိုင်စစ်သားတွေနဲ့ ကြုံလာရင် ငါးပါးသီလကို ဘယ်လိုဆက်ပြီး စောင့်ထိန်းနိုင်မလဲ။ သံဃာတော်များကို ကိုးကွယ်ထောက်ပံ့နေတဲ့ ဒကာတွေအနေနဲ့ တိုင်းပြည်ဒုက္ခရောက်ချိန်မှာတောင် သူတို့ကိုးကွယ်တဲ့ ဆရာတော်တွေကိုယ်တိုင် နှုတ်ဆိတ်နေတဲ့အခါ ဘယ်လိုတုံ့ပြန်သင့်ပါသလဲ။ မြန်မာပြည်ပြင်ပက ယောဂီတွေအနေနဲ့ ဒီအချိန်မှာ ဆန္ဒပြလှုပ်ရှားကို ထောက်ပံ့ဖို့ အကောင်းဆုံးနည်းလမ်းက ဘာလဲ။

ဒါတွေက ဆရာတော်ကြီး အရှင်ဗောဓိအတွက် ကိုယ်ကျင့်သီလဆိုင်ရာ အကျပ်ရိုက်စရာ မေးခွန်းတွေ ဖြစ်ပါတယ်။ နောက်ပိုင်းမှာ ဆရာတော်ကြီး ဝန်ခံထားတာက “ဖြေခဲ့ဖူးသမျှ အခက်ဆုံးတွေပါပဲ”တဲ့။ တကယ်တော့ မေးခွန်းတွေက ပညာသားပါပါ စိတ်ကူးယဉ်ဆန်ဆန်နဲ့ စကားရည်လုဖို့ စီစဉ်ထားတာမဟုတ်ပါဘူး။ မေးခွန်းခပ်များများက ဗုဒ္ဓဘာသာဗမာလူမျိုး သောတရှင်တွေ ပေးပို့ထားတာပါ။ စစ်တပ်ရဲ့ ဆက်လက်ကျူးလွန်နေတဲ့ အကြမ်းဖက်လုပ်ရပ်တွေထဲက လက်တွေ့ဘဝရဲ့ ရှင်သန်ခြင်း-သေဆုံးခြင်းကြား စိန်ခေါ်မှုတွေနဲ့ ပတ်သက်တဲ့အကြောင်းတွေ ဖြစ်ပါတယ်။ ဒီမေးခွန်းတွေက ဘာသာရေးရှုထောင့်ကနေဖြေရှင်းပေးနိုင်မယ့် အဖြေတွေကို အသည်းအသန် ရှာဖွေနေတဲ့ ပြည်သူတွေဆီက ဖြစ်ပါတယ်။ အကြောင်းမလှစွာဘဲ ကိစ္စတော်တော်များများနဲ့သက်ဆိုင်တဲ့ မေးခွန်းတွေကို သူတို့ကိုးကွယ်နေကျ ဘုန်းတော်ကြီးတွေက ဖြေပေးမထားပါဘူး။ 

ဒါဆို ဒီအင်တာဗျုးက ပုံမှန်တရားစကားဝိုင်း မဟုတ်သလို ဓမ္မစာပေ ပို့ချချက်လည်း မဟုတ်ပါဘူး။ ဆရာတော်ကြီး အရှင်ဗောဓိက “သူ့ရဲ့ကိုယ်ပိုင် အတွေးအခေါ်လို့သာ မှတ်သင့်ကြောင်း၊ ဘယ်အထက်ပုဂ္ဂိုလ်တွေရဲ့ပြန်တမ်းအမိန့်တွေမှ မဟုတ်ကြောင်း၊ အလွန်ခက်တဲ့ ကျင့်ဝတ်ပိုင်းဆိုင်ရာ ပြဿနာကိုဖြေရှင်းဖို့ နည်းလမ်းက သူ့ရဲ့ကိုယ်ပိုင်အမြင်သာဖြစ်ကြောင်း” အလေးထား မိန့်ကြားပါတယ်။ ဆရာတော်ကြီးရဲ့ထိထိမိမိနဲ့ ညင်သာပျော့ပျောင်းတဲ့ ချဉ်းကပ်မှုက အမှန်အမှား မကွဲပြား ရှုပ်ထွေးတဲ့ အခြေအနေတွေအပေါ်  မြတ်စွာဘုရားရဲ့ အဆုံးအမတွေ ကျင့်သုံးခြင်းစေခြင်းဖြင့် အဖြေရနိုင်စေပါတယ်။ ခက်ခဲရှုပ်ထွေးတဲ့ လက်တွေ့ဘဝမှာ ကောင်းမွန်စင်ကြယ်မှုမရှိတဲ့ ကျင့်ဝတ်သီလပိုင်းဆိုင်ရာ ရွေးချယ်စရာတွေကို လက်ခံပြီး အဖြေရှာရမှာပါ။ အဖြူအမဲ တထစ်ချ သတ်မှတ်ထားတဲ့ ယူဆချက်တွေက ခက်ခဲတဲ့ အခြေအနေတွေကို ရင်ဆိုင်နေရသူတွေအတွက် မသင့်တော်ရုံသာမက မြတ်စွာဘုရားရဲ့ အဆုံးအမတွေနဲ့ ဝေးကွာသွားရလောက်အောင် စွမ်းအားရှိနေပါတယ်။ အများပြည်သူ ရင်ဆိုင်နေတဲ့ ခက်ခဲတဲ့ဘဝ အခြေအနေတွေ ထက်ကျော်လွန်ပြီး လက်တွေ့လည်းမကျ၊ လက်ရှိသာမာန်အဆင့်နဲ့တောင် ကင်းကွာတဲ့ အခြေအနေတွေကိုသာ ဆောင်ယူနေပါတယ်။ ဒါကြောင့် မြန်မာပြည်မှာ ရင်ဆိုင်နေရတဲ့ စိုးရိမ်ဖွယ်ရာ အခက်အခဲတွေကို ကူညီဖြေရှင်းဖို့ ဆုံးမစာစကားတွေထက် နှလုံးရည်ကိုမြှင့်တင်ကြဖို့ ဆရာတော်ကြီး အရှင်ဗောဓိမှ ထောက်ခံအားပေးထားပါတယ်။

ဆွေးနွေးချက်က ကျယ်ပြန့်ပါတယ်။ ဗုဒ္ဓဘာသာဘုန်းတော်ကြီးတွေ ဒီအကျပ်အတည်းကို ဝိနည်းနဲ့အညီ ကျွမ်းကျွမ်းကျင်ကျင် ကိုင်တွယ်ဖို့ကအစ၊ ပြင်လို့မရတဲ့ ကံတရားနိယာမကို နားလည်ပေမဲ့ ဗုဒ္ဓဘာသာအဖွဲ့အစည်းတွေကိုယ်တိုင် အကြမ်းဖက်မှု အခြေအနေတွေကနေ ဘယ်လိုနည်းနဲ့ အကောင်းဆုံး ကာကွယ်နိုင်မလဲ၊ ဗမာမွတ်ဆလင်များနဲ့ ဆက်စပ်နေတဲ့ ရိုဟင်ဂျာ အရေးအခင်း ပြဿနာများအထိ အရှင်ဗောဓိထံ လျှောက်ထားကြတဲ့ အကြောင်းအရာတွေပဲ ဖြစ်ပါတယ်။   

ဒါတွေအားလုံးကို ဖြေဖို့မလွယ်ပါဘူး။ ဖြေရှင်းချက်ကောင်းကောင်း မရှိတာ သိနေပေမဲ့လို့ ခက်ခဲတဲ့ မေးခွန်းများကို ဆရာတော်ကြီး အရှင်ဗောဓိမှ လိုလိုလားလားနဲ့ ဖြေကြားထားပါတယ်။ အခြားအခြားသော ဗုဒ္ဓဘာသာခေါင်းဆောင်ကြီးများ အထူးသဖြင့် ဗမာပြည်ထဲက ဘုန်းတော်ကြီးတွေက သင်ကြားရေးအချိန်တွေ အပျက်မခံ၊ ခက်ခဲတဲ့မေးခွန်းတွေကို သတိထား ရှောင်ရှားနေကြချိန်မှာပဲ ဒီလိုဖြေကြားပေးလိုက်တဲ့ ဆရာတော်ကြီး အရှင်ဗောဓိရဲ့သီလနဲ့ ရဲစွမ်းသတ္တိက ပိုပြီးတောင် မှတ်ချက်ပြုရပါတယ်။ ဒီခက်ခဲလှတဲ့ အကြောင်းအရာကိစ္စတွေမှာ ဆရာတော်ကြီးရဲ့ရဲစွမ်းသတ္တိနဲ့ ဆန္ဒတော်အရ ပူးပေါင်းပါဝင်ပေးမှုနဲ့ ဆရာတော်ကြီးရဲ့ထိထိမိမိနဲ့ တန်ဖိုးရှိလှတဲ့ ပညာဉာဏ်တော်ဖြင့် မိန့်ကြားချက်တွေအတွက် ကျေးဇူးတင်ပါတယ်ခင်ဗျာ။