HIVစင်တာသို့သွားရောက်ခြင်း၊ လှူဒါန်းခြင်းနဲ့ ကလေးပါတီပွဲကျင်းပခြင်း

မြန်မာနိုင်ငံ ခေတ်အကောင်းဆုံးအချိန်တွေမှာတောင် ပြည်သူ့ကျန်းမာရေးစနစ်ဟာ အဘက်ဘက်က များစွာ စိန်ခေါ်မှုတွေရှိနေခဲ့ပါတယ်။ အခုလို အကြမ်းဖက်စစ်တပ်က အရပ်သားပြည်သူတရပ်လုံးကို အပြင်းအထန် သဲကြီးမဲကြီး ချေမှုန်းတိုက်ခိုက်နေချိန်မှာတော့ အခြေခံအကျဆုံး ကျန်းမာရေး၀န်ဆောင်မှုတွေကိုတောင်မှ လုပ်ဆောင်နိုင်တဲ့ အခြေအနေမရှိတော့ပါဘူး။ အကြောင်းရင်းတွေကတော့ ဆေးဝါးနဲ့ ရိက္ခာ အထောက်အပံ့တွေ မရောက်နိုင်အောင် ပိတ်ဆို့တားဆီးခံရခြင်း၊ အလှူငွေများကို စစ်တပ်က မတရားသိမ်းပိုက်ခြင်း၊ စစ်သားများ အလှူငွေများ ခိုးယူခြင်း၊ အလှူရှင်များ လမ်းခရီးအန္တရာယ်များကြောင့် စင်တာများကို သွားရောက်မလှူဒါန်းနိုင်ခြင်း၊ ထောက်ပံ့ရေးပစ္စည်းများနဲ့ အဆောက်အဦးများကို အကျင့်ပျက်စစ်တပ်က အဓမ္မသိမ်းပိုက်ခြင်း အစရှိတဲ့ အကြောင်းများစွာကြောင့်ဖြစ်ပါတယ်။

အဲဒါကြောင့် အခုလိုအဖွဲ့လေးတစ်ခုက သူတို့ရဲ့ လုပ်ငန်းတွေကို ဆက်လက်လုပ်ဆောင်နိုင်တာကို အလွန်လေးစားတန်ဖိုးထားရပါတယ်။ ပြီးခဲ့သည့်အပတ်ကလဲ သူတို့ NAC HIV စင်တာကို သွားရောက် ခဲ့ပါတယ်။

အဲဒီမှာ မိတ်ဆွေတို့ရဲ့  အလှူငွေတွေဖြင့် သူတို့ ဆေးဝါး၊ အဝတ်အထည်၊ အစားအစာ၊ စာအုပ်၊ ခလေးကစားစရာ အစရှိတာတွေကို ပေးဝေနိုင်ခဲ့ပါတယ်။ ကလေးတွေနဲ့အတူ အင်္ဂလိပ်စာသင်တန်း၊  အနုပညာသင်တန်း၊ ကလေးများ စိတ်ဝင်စားဖွယ် လှုပ်ရှားမှုသင်တန်းနဲ့ မုန့်အတူစားပွဲတွေကိုလည်း ပြုလုပ် ဖျော်ဖြေခဲ့ကြတာကို အောက်ပါဓာတ်ပုံတွေမှာ တွေ့ရနိုင်ပါတယ်။

ဒီထောက်ပံ့ရေးပစ္စည်းတွေဟာ အခုလို အလိုအပ်ဆုံးအချိန်မှာ ဖြည့်ဆည်းပေးနိုင်တဲ့အတွက် အလွန်အဖိုးတန်ပါတယ်။  ဒီလိုဖြစ်လာနိုင်ဖို့ မိတ်ဆွေတို့ရဲ့ ရက်ရောစွာလှူဒါန်းမှုက အထူးအရေးပါ ပါတယ်။ ကြည်နူးစရာအကောင်းဆုံးကတော့ ကလေးတွေရဲ့မျက်နှာပေါ်က အပြုံးပန်းလေးတွေကို မြင်ရခြင်းပဲ ဖြစ်ပါတယ်။ ကလေးများအားလုံး  စစ်တပ်ရဲ့ ခြိမ်းခြောက်မှု အကြောက်တရားက ကင်းဝေးပါစေ။ အန္တရာယ်အပေါင်းမှလဲ လွတ်မြောက်ကင်းဝေးကြပါစေလို့ ဆုတောင်းလိုက်ပါတယ်။ အလှူရှင်များ အားလုံးကိုလည်း ကျေးဇူးအထူးတင်ရှိပါတယ်။ အခုလို လုပ်ဆောင်ပေးတဲ့ စေတနာ့ဝန်ထမ်းအဖွဲ့ကိုလဲ ကျေးဇူးအများကြီးတင်ရှိပါတယ်။ 

 
61bcc4cb95d7c7db7b914b811abc731217d6136bb7bbd01362245a32f44592ea.jpg
Shwe Lan Ga LayComment