အာဏာသိမ်းမှုကို ဓမ္မလမ်းဖြင့် ရှောင်လွှဲခြင်း
ကျွန်တော်သိသလောက် ဒီလထဲမှာ မြန်မာပြည် လက်ရှိအကျပ်အတည်းကာလ စကတည်းက အနောက်တိုင်းက အထင်ကရ ဗုဒ္ဓစာစောင် The Lion’s Roar က ထုတ်ဝေထားတဲ့ Randy Rosenthal ရေးထားတဲ့ ဆောင်းပါးတပုဒ် : တော်တော်လေးမရေမရာ အကျဉ်းချုံးထားတဲ့ (သမိုင်းကြောင်းအရ အတော်လေး မတိကျပါဘူး) ဆောင်းပါးရှည်တပုဒ် လူမှုကွန်ယက်မှာ ပျံ့နှံ့နေပါတယ်။
အဲ့ဒီထဲက ဝိပဿနာနဲ့ သတိပဌာန် အားထုတ်နေသူများ ခုချိန်ခါမှာ မြန်မာပြည်ကို မေ့မထားသင့်ကြောင်း ရည်ညွှန်းချက်တခုကို ဖတ်ရလို့ ကျွန်တော်သဘောကျခဲ့တာလေးပါ : “ဆိုလိုတဲ့ သမိုင်းကြောင်းအရ ဘုန်းကြီးကျောင်းမှာဖြစ်စေ၊ ရိပ်သာမှာဖြစ်စေ၊ တရားထိုင်တဲ့ app နဲ့ဖြစ်စေ ဒါမှမဟုတ် အသိဉာဏ်ပိုင်းဆိုင်ရာကုထုံးနဲ့ဖြစ်စေ—ဘယ်သတိပဌာန်ကျင့်စဉ်မျိုးကိုမဆို ကျင့်နေကြသူတိုင်း— ဒီကနေ့ မြန်မာပြည်အတွက် မေတ္တာဓာတ်လေးတော့ ရှိသင့်ပါတယ်” တဲ့။
အနောက်တိုင်းက ခေတ်ပေါ်ကျင့်စဉ်တွေနဲ့ အဲ့ဒါတွေရဲ့မူရင်း ဗုဒ္ဓဘာသာဗမာတို့ ကျင့်စဉ်များအကြား ဆက်စပ်မှု ရှိနေတာကို အတိအလင်းပြောဖို့ လုံးဝအရေးကြီးနေပါပြီ။ ဒါပေမဲ့လည်း အဲ့ဒီမှာ စာရေးသူရဲ့အာဘော်က တော်တော် မရှင်းပါဘူး။ “မေတ္တာဓာတ်” ဆိုတာကို ဘယ်လို အဓိပ္ပါယ်ဖွင့်မလဲ မပြောထားပါဘူး။ အဲ့ဒါထက် ကျွန်တော့်ကို ဦးနှောက်ခြောက်စေတာ ဒီစာတကြောင်းပါ “မြန်မာပြည်ကို ချစ်တယ်၊ တိုင်းပြည်ကိုတင် ချစ်တာမဟုတ်ဘူး၊ ပြည်သူတွေကိုပါ ချစ်တယ်။ အခုတော့ စစ်အာဏာသိမ်းမှု နိုးကြားလာပြီ။ ငါအခု သူတို့အတွက် စိတ်ပူနေတယ်၊ အလွန် စိတ်ပူနေပါတယ်” တဲ့။ အလွန်စိတ်ပူတယ်၊ ကောင်းပြီ၊ အဲ့ဒီတော့…? သူက ဘာမှဆက်မပြောထားပါဘူး။ ဒါက ကျွန်တော်တို့အခု တွေ့မြင်နေရတဲ့ နိုင်ငံတွေ၊ ကမ္ဘာ့အဖွဲ့အစည်းတွေကြား “စကားကြွယ်မှု”နဲ့ပတ်သက်ပြီး ကျွန်တော့်ကို သတိပေးနေပြီ။ သတင်းတွေလည်း ပိုဆိုးလာပြီး၊ သူတို့ရဲ့တရားဝင်ကြေငြာချက်တွေမှာလည်း “အလွန် စိုးရိမ်ပူပန်ခြင်း” ကနေပြီး “မြန်မြန်ဆန်ဆန် အရေးယူလိုခြင်း” ဘက်ကို တွန်းပို့နေပါတယ်။
အရင်က ကျွန်တော်ရေးခဲ့တဲ့ လူ့ကျင့်ဝတ်အရ ရပ်တည်မှုနဲ့ ပတ်သက်ပြီး တရားအားထုတ်ကြတဲ့ အဖွဲ့အစည်းတွေနဲ့ ဗမာလူမျိုးကြား ချိတ်ဆက်မှုတွေ ဒီအချိန်မှာ စသင့်နေပြီလို့ ကျွန်တော် ခိုင်ခိုင်မာမာ ယုံကြည်ပါတယ်။ ဒါပေမဲ့ မြန်မာပြည်မှာ တဦးချင်းစီ အားထုတ်နေကြတဲ့ယောဂီတွေနဲ့ အဲ့ဒီအားထုတ်နည်းတွေကို လိုက်နာကျင့်ကြံနေတဲ့ယောဂီတွေရဲ့ အခန်းကဏ္ဍကရော? “အလွန်စိုးရိမ်ပါတယ်”ဆိုတဲ့ အနေအထားကနေပြီး နောက်ထပ် အကူအညီ ဖြစ်လိုဖြစ်ငြား ဘာတွေများ စဉ်းစားပေးထားပါသလဲ ?
ဒါကိုဖြေဖို့ ခက်လိမ့်မယ်။ အဖွဲ့အစည်းတွေမှာ ပြဋ္ဌာန်းပြီးသား တာဝန်ကိုယ်စီရှိပြီး သူတို့ ရည်မှန်းချက်တွေ အောင်မြင်အောင် မလုပ်နိုင်ရင် တာဝန်ခံရမှုတွေ ရှိပါတယ်။ ဒါပေမဲ့ တဦးချင်းစီအနေနဲ့ အဲ့ဒီလောက် မရိုးရှင်းပါဘူး။ တခြားသူတွေကို ဘယ်လိုပြုမူဆက်ဆံသင့်တယ်၊ ဘယ်လိုခံစားသင့်တယ်ဆိုတာ တဦးချင်းစီကို အကြံပေး ပြောဆိုဖို့ ကျွန်တော်အနေနဲ့ မသင့်တော်ပါဘူး။ ဒါပေမဲ့ ဒီကနေ့ပြဿနာကို ပိုခက်အောင်လုပ်နေတဲ့ ဘာသိဘာသာနေတဲ့ အဖျက်လုပ်ရပ်က ကြီးထွားလာတာပါ၊ အဲ့ဒါက ခံစားချက်နဲ့ ပူးပေါင်းပါဝင်မှု ကင်းမဲ့တဲ့အတွက် ဘယ်တော့မှ အနှစ်သာရပြည့်ဝတဲ့ အကြောင်းပြချက် ဖြစ်လာမှာ မဟုတ်ပါဘူး။
ဒါကြောင့် ကျွန်တော့်ကိုယ်ပိုင်ယုံကြည်ချက်ကို ဒီမှာ ရှင်းရှင်းလင်းလင်း ပြောပါရစေ။ ဘယ်သူ တဦးတယောက်ကိုမှ ဘာလုပ်သင့်တယ် ဘယ်လိုခံစားသင့်တယ်လို့ ကျွန်တော် ဘယ်တုန်းကမှ အမိန့်မပေးပါဘူး။ ပူးပေါင်းဆောင်ရွက်မှု လုံးဝမရှိတာ ဒါမှမဟုတ် မပူးပေါင်း မဆောင်ရွက်လိုတဲ့ ဆုံးဖြတ်ချက်တခုရဲ့ နောက်ကွယ်ကနေ ပုန်းရှောင်နေတယ်ဆိုရင် မသိကျိုးကျွန်ပြုနေတယ်လို့ပြောဖို့ ကျွန်တော်က တုံ့ဆိုင်းမနေဘူး။ အနည်းဆုံးပြောရရင် ကျွန်တော် ကြားရဖတ်ရတဲ့ မြန်မာ့နိုင်ငံရေးနှင့်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းနှင့် ပတ်သက်ပြီး အတိုင်းအတာ တခုအထိ ဘာသိဘာသာနေကြတာကို စိတ်ပျက်နေမိတယ်။
ဒီဆောင်းပါးကနေ လေးစားဂုဏ်ယူစရာကောင်းတဲ့သူတွေက တဖက်၊ ပြဿနာကို မသိသလို ဘာသိဘာသာလေး ခေါင်းရှောင် ဟန်ဆောင်သူတွေရဲ့ အကြံကုန် ဂဠုန်ဆားချက် အကွက်တွေကို ထောက်ပြဖို့တဖက် ညှိယူရခက်တာတွေကို ကျွန်တော်ကြိုးစားပြီး ပြောသွားပါမယ်။ အချင်းချင်း ပူးပေါင်းရွက်ဆောင်နိုင်ရေး စည်းကမ်းချက်တွေ ပြဋ္ဌာန်းဖို့ရာလည်း ဘယ်လိုမှ မသင့်တော်ကြောင်း တဆက်တည်းမှာပဲ အခိုင်အမာပြောရင်း ဒီဖြစ်စဉ်ကို သူတပါးအာရုံစိုက်လာအောင် ရှေ့ဆက်ဆွေးနွေးဖို့ ကျွန်တော် မျှော်လင့်ပါတယ်။ “အလွန်စိုးရိမ်နေပါတယ်”ဆိုတဲ့ စကားနောက် ဆက်ပြီး သူ့ရဲ့ကိုယ်ပိုင် အယူအဆကို တဆင့်ထပ်တိုးပြီးပြောဖို့ Rosenthal ဘာလို့ မစွမ်းနိုင်ဖြစ်နေတာလဲဆိုတာ သူရဲ့နောက်ဆက်တွဲ အကြောက်တရားကြောင့်ပဲ ဖြစ်ပါလိမ့်မယ်။ ဘာကြောင့်ပဲဖြစ်ဖြစ်ပါ၊ သူဆက်ပြောဖို့ ပျက်ကွက်ခဲ့တာက အခုဆိုရင် အနောက်တိုင်းယောဂီအဖွဲ့အစည်းတွေကြား ဘာသိဘာသာနေဖို့ လမ်းကြောင်းပေးသလို ဖြစ်နေပါပြီ။
ပထမဦးဆုံး spiritual bypass (တရားအကြောင်းပြ ရှောင်လွှဲခြင်း)ရဲ့ အဓိပ္ပါယ်ကို ရှင်းချင်ပါတယ်။ ၁၉၈၀ ခုနှစ်များမှာ ဗုဒ္ဓဘာသာဆရာ John Wellwood က ပထမဆုံးစပြီး စကားလုံးအသစ် တီထွင်ထားတာပါ။ သူ့တပည့်တွေက ရင်ဆိုင်နေရတဲ့ စိတ််ခံစားမှုပိုင်းဆိုင်ရာ ခက်ခဲတဲ့ “ပြဿနာ”ကို ရှောင်ရှားဖို့ ပြိန်ဖျင်းတဲ့ အကြောင်းပြချက်ပေးတာကို သတိထားမိတဲ့အခါ ဒီစကားလုံးကို စပြီးသုံးခဲ့ပါတယ်။ ဒီစကားလုံးရဲ့အဓိပ္ပါယ် ဖွင့်ဆိုချက်အသစ်ကိုတော့ ဦးဂိုအင်ကာ ဝိပဿနာ ယောဂီတဖြစ််လဲ အဖွဲ့အစည်း ဆွေးနွေးပွဲတွေမှာ ဦးဆောင်တဲ့ လူမျိုးရေးခွဲခြားမှုဆန့်ကျင်ရေး နည်းပြဆရာ Clyde Ford က ဒီလို ဖွင့်ထားပါတယ်။
• SPIRITUAL BYPASS: မတရားမှုများ၊ စိတ်ဒဏ်ရာများနဲ့ မဖြေရှင်းနိုင်တဲ့ ခံစားချက် ပြဿနာများကို ရှောင်ရှားဖို့ စိတ်အကြံအစည်နဲ့ ကျင့်စဉ်များကို အသုံးချခြင်းပဲဖြစ်ပါတယ်။
သူပေးတဲ့ ဥပမာတွေက :
• ငါ(တို့)တွေက ကရုဏာတရားပြည့်ဝသူတွေ၊ လူတိုင်းကို မေတ္တာပို့နေသူတွေ ဖြစ်ကြတယ်။ ငါရော (ဒီရိပ်သာရော)က ဘယ်တော့မှ ဘက်လိုက်တယ် ဒါမှမဟုတ် လူမျိုးရေးခွဲခြားတယ်လို့ အထင်ခံရမှာ မဟုတ်ပါဘူး။
• “လေ့လာတဲ့အတိုင်း လေ့ကျင့်ပါ” ဒါ လုံလောက်ပြီလေ။ “လူမှုရေးပြဿနာတွေ အချင်းချင်းကြားက ပြဿနာတွေကို ထောက်ခံအားပေးဖို့ မလိုပါဘူး။”
• “ဒို့အားလုံး လိုအပ်နေတာက ပိုပြီး________(ငြိမ်းအေးမှု၊ ချစ်ခြင်း၊ ကရုဏာ၊ တရားအားထုတ်မှု၊ မေတ္တာ စသဖြင့်)၊ ပြီးတော့ အားလုံး သူ့ဟာနဲ့သူ ပြီးသွားမှာပါ။ ခက်ခဲတဲ့ အတွေးတွေ၊ ဝေဒနာတွေ ဒါမှမဟုတ် စိတ်ခံစားချက်တွေကို ထိပ်တိုက် ရင်မဆိုင်သင့်ပါဘူး။”
• “အဲ့ဒီ________(ငြိမ်းအေးမှု၊ ချစ်ခြင်း၊ ကရုဏာ၊ တရားအားထုတ်မှု၊ မေတ္တာ စသဖြင့်)ရှိနေသရွေ့ ဘယ်သူမှ ငါတို့အသိုင်းအဝိုင်းထဲက ဖယ်ကျဉ်ခံရတယ်လို့ ခံစားရမှာ မဟုတ်ပါဘူး။
ဒီလထဲမှာ လူမှုကွန်ယက်နဲ့ အခြားသူတွေဆီကနေတဆင့် ရွှေနိုင်ငံရဲ့လက်ရှိ ဖြစ်ပေါ်နေတဲ့ အကျပ်အတည်းနဲ့ ပတ်သက်ပြီး spiritual bypass သုံးမျိုးသုံးစား ကျွန်တော်တွေ့ထားပြီ။
၁။ ပထမတမျိုးက ဗုဒ္ဓဘာသာ အသိပညာကို အကာအကွယ်ယူတဲ့ အကြောင်းပြချက်မျိုး၊ Clyde Ford ပြောထားတာလေးနဲ့ အတော်လေးဆင်ပါတယ်။ “မေတ္တာသာပို့နေပါ။ ဖြစ်သမျှက ကံဆိုးလို့ပါ၊ ကျွန်တော်တို့ ကံဆိုတာကို ဘယ်လိုပဲဖြစ်ဖြစ် မေ့ထားလို့မရဘူးလေ၊ ဒါကြောင့် သူတို့အပေါ် ညီမျှတဲ့ စိတ်လေးနဲ့ ဆုသာတောင်းပေးကြပါ။”
ဒီပုံစံ spiritual bypass ကနေ မသိမသာကူးစက်သွားတဲ့အရာက အပေါ်ယံအားဖြင့် ယောဂီတိုင်းအတွက် တကယ်ကောင်းတဲ့အကြံဉာဏ်လို ထင်ရစေတယ်။ ဒါဆို ကျွန်တော့်ပြဿနာက ဘာလဲ? ပြဿနာက စကားလုံးတွေကိုယ်နှိုက်က မဟုတ်ပါဘူး။ စကားလုံးတွေရဲ့နောက်ကွယ်က စေတနာပါ။ တရားအားထုတ်ခြင်းရဲ့ အကြောင်းမှန်ကို အလုပ်မတွင်တာနဲ့ ပူးပေါင်းရွက်ဆောင်မှု မရှိတာတွေအတွက် အကြောင်းပြချက်အဖြစ် အသုံးချဖို့ပဲ။ ကရုဏာသက်ဝင်မှုကို စွန့်လွှတ်လိုက်တာနဲ့ လုံးဝမတူပါဘူး။ ရင့်ကျက်တဲ့ ယောဂီဆိုရင် ဖြစ်သမျှအကြောင်းပေါ် အစွဲစွန့်ရင်း အလွန်မှ ပူးပေါင်းရွက်ဆောင်နိုင်စွမ်းရှိပါတယ်။ ဒါကြောင့် ဒီစာသားတွေရဲ့ ဆိုလိုရင်းက ဒါနဲ့ ပိုပြီး တူပါတယ် “သူတပါးတွေရဲ့ အတိဒုက္ခကို မြင်နေတာတောင် မေတ္တာပို့နေရုံကလွဲလို့ တခြားဘယ်နည်းမှ မကူညီနိုင်တဲ့လမ်းကို ရွေးထားတယ်။”
အခြား လူ့ကျင့်ဝတ်နဲ့ ပူးပေါင်းရွက်ဆောင်မှုတွေ လိုတယ်လို့ ညွှန်းမနေဘဲ ပညာပါတဲ့အဆိုအမိန့်ကို နှုတ်တိုက်ပြောနည်း ရှိတယ်လို့ မှတ်ထားဖို့ အရေးကြီးပါတယ်။ ဒေါ်ဝီရဉာဏီနှင့် ဆရာလေးဆန္ဒာဓိကတို့နဲ့ တွေ့ဆုံမေးမြန်းခန်းတွေမှာ ဒီကိစ္စနဲ့ပတ်သက်ပြီး ကောင်းမွန်တဲ့ ဥပမာတွေ ပါပါတယ်။ နှစ်ပါးလုံးက မိမိကိုယ်တိုင်နဲ့ တခြားသူတွေအားလုံးအတွက် မေတ္တာတရားရဲ့တန်ဖိုးကို အခြားအရာတွေအားလုံးထက် အလေးအနက်ထား မိန့်ကြားကြပါတယ်။ နှစ်ပါးလုံးက ကံတရားရဲ့ အရေးပါပုံကို ညွှန်းဆိုထားပြီး အားထုတ်တဲ့ယောဂီတွေ စိတ်တည်ငြိမ်မှုကို ရှာဖွေကြဖို့လည်း တိုက်တွန်းပါတယ်။ ဒါပေမဲ့လည်း ကျွန်တော်တို့ယောဂီတွေ ကြိုးစားအားထုတ်ရမယ့် ဆောင်ရန်ရှောင်ရန်စာရင်းထဲ ရှောင်ရမယ့်အချက်ကို ထည့်ပြောမထားပါဘူး။ ဒီမှာ လစ်ဟာသွားပေမဲ့ တဖက်မှာတော့ နှစ်ပါးစလုံးက လက်ရှိမြန်မာပြည်ရဲ့ အလွန်ရှုတ်ထွေးပြီး မခံချိမခံသာတဲ့ ပြဿနာအတွက်တော့ နက်နက်နဲနဲ ခံစားရပါတယ်။ တဦးတယောက်ရဲ့ ကိုယ်ရေးကိုယ်တာနဲ့ အခြေအနေတို့က ပူးပေါင်းရွက်ဆောင်မှု အတိုင်းအတာတခုထိ သတ်မှတ်လိမ့်မယ်လို့ နားလည်ထားပါတယ်။ ဒါပေမဲ့ သူတို့မိန့်တာက မေတ္တာပွားဖို့နဲ့ လူတိုင်းကို ဘယ်နည်းနဲ့မဆို စာနာမှုဖြင့် ဆက်ဆံပြီး ဘာပဲဖြစ်လာဖြစ်လာ အစွဲမထားဘဲ ကြိုးစားနေထိုင်ဖို့ ဖြစ်ပါတယ်။
ဒီ spiritual bypass မျိုးက အခက်အခဲတွေ ရင်ဆိုင်ရတဲ့အခါ သိသာတဲ့ ဥပေက္ခာနဲ့ ထိန်းထားနိုင်တဲ့ ပုံစံမျိုးပါ။ သို့သော် ဥပေက္ခာဆိုတာ လျစ်လျူရှုပြီး စိတ်ပါဝင်စားမှုမရှိတာကို ဆိုခြင်းမဟုတ်။ (ဒီဗွီဒီယိုထဲက Empty Cloud Monastery မှ အရှင်သုဒ္ဓသကဲ့သို့)ဆရာတော်များက ကြိုးစားပြီးတော့ ရှင်းပြထားကြပါတယ်။ ဘာကြောင့်လဲဆိုတော့ တရားဓမ္မကိုအကြောင်းပြ ရှောင်လွှဲခြင်း(spiritual bypass— မသိကျိုးကျွန်ပြုခြင်း လက္ခဏာ)နဲ့ ဥပေက္ခာ(spiritual growth—စိတ်ဓာတ်မြင့်မားခြင်း လက္ခဏာ)ကို အရကောက်မှားနေကြလို့ ဖြစ်ပါတယ်။ ရှေ့ဆက် အရေးယူဆောင်ရွက်ခြင်းမရှိဘဲ လျစ်လျူရှုခြင်းကို ပြသရာရောက်ပြီး အစွဲမထားခြင်းသည် ဥပေက္ခာသဘောကို ဆောင်ပါတယ်။
လောကီအခက်အခဲတွေကို ရှောင်လွှဲလိုတဲ့ စိတ်သဘောထား (Spiritual bypass) က ဗမာပြည်မှာနေကြတဲ့ အနောက်တိုင်းသား ရဟန်းတချို့မှာတောင် ရှိပါတယ်။ အာဏာသိမ်းပြီးနောက်ရက်တွေမှာ ရဟန်းတပါးက လူမှုကွန်ယက်မှာ ဒီလိုရေးလိုက်ပါတယ် “ကျုပ်တို့ကို စိတ်ပူစရာမလိုပါဘူး။ အလှမ်းဝေးတဲ့ တောင်ပေါ်ကျောင်းလေးမှာ အဆင်ပြေပါတယ်။ ရဟန်းတွေက နိုင်ငံရေးမှာ မပါသင့်ဘူး၊ အဲ့ဒါထက် ပိုပြီးအရေးကြီးတာတွေကို လုပ်သင့်တယ်။” ဒီမှာ ဒီကိုယ်တော်က ရွေးစရာအမှား ၂ခုကို ဖန်တီးလိုက်ပြီ။ ဘုန်းကြီးတွေ လမ်းပေါ်ထွက်ပြီး ဆန္ဒပြရင်ပြ မဟုတ်ရင် တရားသာအားထုတ်နေကြ။ ဘာကြောင့်လဲဆိုတော့ “ဘုန်းကြီးတွေ နိုင်ငံရေးမှာ ဝင်မပါသင့်ဘူး”။ ဘယ်လိုနည်းနဲ့ စေ့စပ်ဆွေးနွေး ပါဝင်ကူညီဖို့ သူနိဂုံးမချုပ်ထားဘူး— ဒါပေမဲ့ ထပ်ပြီး ဗုဒ္ဓဘာသာဝင်တယောက်ရဲ့ ဉာဏ်ပညာနဲ့ အမျိုးမျိုးသော ပူးပေါင်းရွက်ဆောင်မှု အဆင့်ဆင့်ကို ဘယ်လိုပေါင်းစပ်နိုင်မလဲသိဖို့ အထက်က သီလရှင်နှစ်ပါး မိန့်ထားတာတွေကို ပြန်ညွှန်းဖို့လိုပါတယ်။
ကျွန်တော့်အဖို့တော့ ဒီနည်းက အခွင့်ထူးကို အခြေခံတယ် ထင်ရတယ်။ နောက်ပိုင်း ထိုကိုယ်တော် တင်လိုက်တဲ့ပိုစ့်မှာ ပိုရှင်းပါတယ် “မြန်မာပြည်မှာ အင်တာနက် ဖြတ်ပစ်လိုက်ဖို့ မျှော်လင့်နေပြီ၊ ကြည့်ရတာ ဖြစ်မလာသေးဘူး၊ ကျုပ်ထင်ပါတယ် ဒါက ဒီကပြည်သူတွေ ကောင်းဖို့အတွက်ပဲ” တဲ့။ အင်တာနက် ပြတ်တောက်ဖို့ ဘာကြောင့် “မျှော်လင့်နေလဲ” ဆိုတာ မရှင်းပါဘူး။ ဒါပေမဲ့ သူ့အကြောင်းပြချက်က ဘာဖြစ်ဖြစ်ပါ၊ အင်တာနက်သုံးလို့ရတယ်ဆိုတာ ဒီနေ့ခေတ် ဗမာလူမျိုးတွေအတွက် အရှင်းဆုံး—အခြေခံအားဖြင့် သူတို့ရဲ့တခုတည်းသော—ကမ္ဘာကြီးနဲ့ ဆက်သွယ်ထားတဲ့ အသက်သွေးကြောပါ။ ဒါက လုံးဝ မမျှော်လင့်ထားတဲ့အရာ။ ဒီကိုယ်တော်က သူနေ,နေတဲ့ ဒီတိုင်းပြည်ရဲ့ သေရေးရှင်ရေး ပြဿနာကို လုံးဝ သတိမထားမိတာလား ဒါမှမဟုတ် သူ့ကို ဆွမ်းဝတ် ထောက်ပံ့နေတဲ့ ဗမာတွေ အချိန်တခုမှာ ဆင်းရဲဒုက္ခနဲ့ ဖရိုဖရဲ ဖြစ်လာပြီး အရေးပါတဲ့ ဝတ္တရားတွေ ပျက်ကွက်တော့မယ်ဆိုတာ သူက ဂရုမစိုက်တာလား။ ပြည်သူတယောက် အခွင့်ထူးခံခွင့်မရှိတဲ့ အတိဒုက္ခကို နားလည်ဖို့ နေနေသာသာ အဲဒီခံစားခွင့်ကို အသုံးချပြီး ကရုဏာသက်ဝင်မှုရှိတဲ့ အပြန်အလှန်ဆက်ဆံရေးကို ရှောင်လွှဲဖို့ အကွက်တခုပါပဲ။
၂။ ဒီလထဲမှာ ကျွန်တော်တွေ့ရတဲ့ ဒုတိယအမျိုးအစား spiritual bypass ကတော့ ဘယ်အစိုးရပဲတက်တက် ဘာပဲဖြစ်ဖြစ် ဗုဒ္ဓဘာသာကျင့်စဉ်များသည် ဗုဒ္ဓဘာသာတိုင်းပြည်မှာ ရှင်သန်လိမ့်မည်ဆိုတဲ့ အချက်ပေါ် အခြေခံပါတယ်။ ဒါ ယောဂီတယောက် လူမှုကွန်ယက်ပေါ်မှာ တင်ထားတာပါ : “လက်ရှိ မြန်မာစစ်တပ်ထက် ပိုပြီး သက်ဦးဆံပိုင် အစိုးရတဲ့ ဘုရင်များ ဧကရာဇ်များ လက်ထက်ထဲက ဗုဒ္ဓဘာသာက အခြေပြုခဲ့ပြီး ကြီးပွားတိုးတက်ခဲ့ပါတယ်။ ဒါကြောင့် အုပ်ချုပ်တဲ့သူက တပ်မတော်[စစ်တပ်] ဖြစ်ပါစေ၊ NLD [အမျိုးသာ ဒီမိုကရေစီ အဖွဲ့ချုပ်] ဖြစ်ပါစေ၊ ဗုဒ္ဓဘာသာ ထွန်းကားနေသရွေ့ ပြဿနာ တစုံတရာ မမြင်ပါဘူး။ မြန်မာစစ်တပ်မှာ ပါနေတဲ့သူတွေကိုယ်တိုင်က ဗုဒ္ဓဘာသာဝင်တွေလေ။ အာဏာသိမ်းလိုက်တာနဲ့ ဗုဒ္ဓဘာသာကို နှိပ်ကွပ်ဖို့တော့ မရှိပါဘူး။ မြန်မာပြည်မှာ ဗုဒ္ဓဘာသာကတော့ ဘယ်နည်းနဲ့မှ ခြိမ်းခြောက်ခံရမှာ မဟုတ်ပါဘူး။ ဗုဒ္ဓဘာသာဖြစ်ဖြစ် အခြားဘာသာရေးဖြစ်ဖြစ် လွတ်လပ်ခွင့်တွေကို နှိပ်ကွပ်ဖို့ မရှိဘူး”တဲ့။
ပထမအနေနဲ့ မတိကျတာတွေပါတဲ့ ဒီယုံကြည်ချက်ကို ထောက်ပြဖို့ လိုအပ်ပါတယ်။ ဗုဒ္ဓဘာသာကတော့ ရှိနေခဲ့တယ်၊ ဒါပေမဲ့ သက်ဦးဆံပိုင် အာဏာရှင်အောက်မှာ အမြဲ “ကြီးပွားတိုးတက်”ခဲ့တာ မဟုတ်ပါဘူး။ ဗမာဘုရင်အများစုက ဟိန္ဒူနဲ့ သက်ရှိသက်မဲ့ ရုပ်ဝတ္ထုအားလုံးမှာ အသက်လိပ်ပြာရှိတယ်လို့ ယုံကြည်တဲ့ အကြံပေးတွေနဲ့ “ကြီးပွားတိုးတက်တဲ့”ထေရဝါဒ ဗုဒ္ဓဘာသာကို ထောက်ခံတယ်လို့ ယူဆလို့မရတဲ့ သံဃာ့ဂိုဏ်းဝင် အယူသီးသူတွေရဲ့ လမ်းညွှန်မှုကို နာခံကြသူများဖြစ်ပါတယ်။ ဘုန်းတော်ကြီးများကို သတ်ဖြတ်ဖို့ တကယ်ကြိုးစားခဲ့တဲ့ ဗုဒ္ဓဘာသာဝင် ရှင်ဘုရင်ဆိုးတွေလည်း ရှိခဲ့ပါတယ်။ တချို့ဘုရင်တွေက သူတို့ရဲ့ကိုယ်ပိုင်လုပ်ငန်း အသေးအဖွဲတွေနဲ့ သူတို့ရဲ့အတ္တအတွက် သံဃာနဲ့ ဗုဒ္ဓဝါဒတွကို အသုံးချခဲ့ကြတယ်။ ဒါမှမဟုတ်လည်း သူတို့ အစီအစဉ်တွေနဲ့ အံဝင်ဂွင်ကျဖြစ်ဖို့ သံဃာ့ရေးရာတွေမှာ ဝင်ရောက်စွက်ဖက်ခဲ့ကြတယ်။ ဗမာဘုရင်တွေရဲ့ ဖိနှိပ်မှု၊ နိုင်လိုမင်းထက်ပြုမှုနဲ့ စစ်မက်လိုလားမှုတွေက ဗုဒ္ဓဘာသာ ကြီးပွားတိုးတက်ပြန့်ပွားရေးအတွက် အာရုံစိုက်တာမဟုတ်ပါဘူး။
ပြီးတော့ ဒီအမှန်တရားက အခုသေဆို သေ၊ အခုရှင်ဆို ရှင်၊ သက်ဦးဆံပိုင်ဘုရင်များရဲ့ ခေတ်စနစ်ဆိုးနဲ့တင် သက်ဆိုင်ရုံသာ မဟုတ်ပါဘူး။ မျက်မှောက်ခေတ်မှာလည်း စစ်တပ်က အမျိုးသားရေး အားပေးတဲ့ ဘုန်းကြီးများကို မြှောက်စားလာပြီး လှုပ်ရှားတဲ့ ဆရာတော်ကြီးများကို ဖမ်းဆီးတာ မဟုတ်ရင်လည်း နှောင့်ယှက်ဖျက်ဆီးတာကို ကျွန်တော်တို့ သိပြီးသားပါ။ စစ်တပ်အုပ်ချုပ်မှုအောက်မှာ ဦးဂိုအင်ကာလို ကမ္မဋ္ဌာန်းပြဆရာကြီးက သင်တန်းခွင့်ပြုချက်ရဖို့ အားအများကြီး စိုက်ထုတ်ခဲ့ရပါတယ်။ အဲ့ဒီအချိန် တိုင်းပြည်ထဲ လူ့အခွင့်အရေးချိုးဖောက်မှုတွေ သိသိသာသာ ဖြစ်နေတာကိုသိလျက်နဲ့ လျစ်လျူရှုပြီးလုပ်မှပဲ အလုပ်တွေက အထမြောက်ခဲ့ပါတယ်။ ဒါက ဆရာကြီးဦးဂိုအင်ကာကို စွပ်စွဲတာမဟုတ်ပါဘူး။ ဒီလိုအခြေအနေမျိုးတွေမှာ သူ့ရဲ့ကုသိုလ်ဖြစ်အစီအစဉ် တိုးမြှင့်ဖို့အတွက် လိုအပ်လို့သာ လုပ်ခဲ့တာပါ။ ဒါပေမဲ့ စစ်တပ်ရဲ့ နှိပ်ကွပ်မှုအောက်မှာ ရလာတဲ့ ခွင့်ပြုချက်ဆိုတာကလည်း ဗမာပြည်သူတွေရဲ့ ဆင်းရဲဒုက္ခ ကြာရှည်ဖို့ အားပေးနေတာ အမှန်ပါပဲ။
သဘာဝဆရာတော်နဲ့ မေးမြန်းခန်းမှာ၂၀၁၂ခုနှစ် ပြန်လည်ဖွဲ့စည်းပြီးနောက်ပိုင်း လူမှုရေးလွတ်လပ်ခွင့် ရရှိတဲ့အခါမှ သူ့ရိပ်သာ တိုးတက်မှုရှိလာတဲ့အကြောင်း မှတ်ချက်ပေးထားခဲ့တယ်။ ချစ်ထွန်းနဲ့ မေးမြန်းခန်းမှာလည်း ဘုန်းကြီးကျောင်းတွေ ဆင်းရဲနွမ်းပါးပြီး တိုးတက်မှု နှောင့်နှေးတဲ့ တကယ့်အခြေနေမှန်ကို တင်ပြဖို့ စစ်တပ်က ခွင့်မပြုတဲ့အတွက်ကြောင့် အကျိုးဆောင် လှူဒါန်းမှုများ မရနိုင်တာကို ပြောသွားပါသေးတယ်။ ပြီးတော့ ဒါက ၁၉၉၀ခုနှစ်များဆီက အကြောင်းတွေပါ။ ဒီထက် ခပ်စောစောအချိန်မှာ ပြင်ပကမ္ဘာနဲ့ အဆက်သွယ်ဖြတ်ခံထားရတဲ့ အံ့ဘွယ်ဘုန်းတော်ကြီးများရှိတဲ့ တိုင်းပြည်ကို တွေ့ရပါလိမ့်မယ်—နိုင်ငံခြားသားရဟန်းတော်များနဲ့ ယောဂီများ တိုင်းပြည်ဝင်ခွင့်မရပါဘူး။ နောက်ပြီး ဆရာကြီးဦးဘခင်လို တရားပြဆရာကြီးတွေ နိုင်ငံပြင်ပကို ထွက်လို့မရပါဘူး။ တရားအားထုတ်နည်းတွေ တိုးတက်ပျံ့ပွားနိုင်စွမ်းကို ချုပ်ကိုင်ထားပြီး နည်းနာယူခွင့် ဖြတ်တောက်ထားပါသေးတယ်။
လက်ရှိအကျပ်အတည်းကာလမှာတောင် စစ်တပ်ကို ထောက်ခံဖို့ တချို့အကြည်ညိုခံ ဆရာတော်ကြီးများကို ဖိအားပေးတဲ့ အကြောင်း၊ ဆရာတော်ကြီးများက ငြင်းဆိုတဲ့အခါ သူတို့မကောင်းကြောင်း ကောလဟလ သတင်းများ ဖြန့်ပါတယ်။ လှုပ်ရှားတဲ့ ဘုန်းတော်ကြီးများကို အကျဉ်းချပါတယ်။ မော်ဖင်းထိုးခံထားတဲ့ ထောင်သားများကို ဘုန်းကြီးအသွင်ယူစေပြီး လူထုကို ဆွပေးဖို့ ရပ်ကွက်တွေထဲကို လွှတ်ပေးထားတယ်။
သမိုင်းကြောင်းတလျှောက် ဘယ်လောက်ဝေးဝေးကိုပဲ လှမ်းကြည့်ကြည့်၊ အရင်ခေတ်တွေပဲဖြစ်ဖြစ် ဒါမှမဟုတ် အခုအချိန်မှာတောင် ဗမာပြည်မှာ သာသနာအတွက် မလွယ်ကူ မချောမွေ့လှဘူးဆိုတာ အထင်းသားပါ။ မြန်မာပြည်မှာ သာသနာရှိတယ်ဆိုရုံနဲ့ တကယ်တမ်း သာသနာက လုံခြုံနေတာ မဟုတ်ပါဘူး။
ဒီပုံစံ spiritual bypass က တရားထိုင်ခုံပေါ်ထိုင်နေရုံကလွဲပြီး တခြားဘယ်နေရာမှာမဆို မပူးပေါင်း မပါဝင်လိုတဲ့ အကြောင်းပြချက်တခုအဖြစ် တော်တော်မတိကျတဲ့ သတင်းမှား ထုတ်ပြန်ချက်ကို သင့်သလို သုံးထားပါတယ်—ဘာကြောင့်လဲဆိုတော့ သံဃာအဖွဲ့က မြန်မာပြည်မှာ လုံခြုံတယ်၊ လူတွေရဲ့ဆင်းရဲဒုက္ခကို ရှင်းရှင်းကြီးတွေ့ရနေရရင်တောင်မှ လောကီပြဿနာတွေနဲ့ ပတ်သက်ပြီး စိုးရိမ်နေဖို့ မလိုအပ်ဘူး။ ဒါက ပထမ spiritual bypass အမျိုးအစားလိုပဲ၊ အရေးတယူမရှိတာနဲ့ ပူးပေါင်းရွက်ဆောင်မှုမရှိတာကို နှစ်လိုဖွယ် ပုံဖော်ပေးရုံသာပါပဲ။ ဒါက ကမ္ဘာပေါ်မှာ တခြားသူခံစားရမယ့် လက်ငင်းအကျိုးအတွက် တကယ်ဖြစ်ထွန်းအောင် လုပ်ဆောင်ပေးမဲ့သူကို လမ်းကြောင်းပြောင်းသွားစေတယ်။ ထပ်ပြီးတော့ ကျွန်တော့်အတွက် ဒီအမြင်က မြတ်စွာဘုရား ဆုံးမထားသလို လုံးဝမဟုတ်ပါဘူး၊ အထူးသဖြင့် လောကီဘဝကို မစွန့်လွှတ်နိုင်သေးတဲ့ လူဒကာ၊ ဒကာမတွေအတွက် မဟုတ်ပါဘူး။
၃။ နောက်ထပ်တွေ့ရတဲ့ တတိယအမျိုးအစား spiritual bypass ကတော့ အထက်ကအချက်တွေ အားလုံးထက် ကမ္ဘာမှာ လက်ဆင့်ကမ်း ထိန်းသိမ်းလာခဲ့တဲ့ "နိဗ္ဗာန်လမ်းကိုမြင်ဖို့ ယုံကြည်ကိုးကွယ်ခြင်း"ဆိုတာရဲ့ နောက်ကွယ်မှာ ပုန်းရှောင်နေတာမျိုးပါပဲ။ ဒါကို ပြင်ပြောရရင် “ဗုဒ္ဓကျင့်စဉ်တွေနဲ့ အရည်အချင်းပြည့်ဝတဲ့ ဆရာတွေ ကမ္ဘာတလွှားမှာ တွေ့မြင်နေရပြီလေ၊ ဒါကြောင့် လက်ရှိ မြန်မာပြည်အခြေအနေက ဝမ်းနည်းစရာဆိုပေမဲ့ အဲ့ဒီမှာ ဆိုးရွားနေရင်တောင် ဓမ္မအဆုံးအမတွေ ပျောက်ကွယ်သွားမှာ ကြောက်စရာမလိုဘူး။"
ဒီစကားလုံးတွေက နည်းနည်းတော့ ကြမ်းတမ်းနေလိမ့်မယ်၊ ဒါပေမဲ့ နည်းနည်းရိုင်းတဲ့နည်းနဲ့ ပြောတာမျိုး မဟုတ်ဘူး “မြန်မာပြည် ပြိုလဲမသွားဖို့နဲ့ နောင်ဆယ်စုနှစ်မှာ ထောင်ပေါင်းများစွာသော အပြစ်မဲ့ပြည်သူတွေ သေကျေပျက်စီးနိုင်တဲ့ ကြောက်မက်ဖွယ်အတိ ပြည့်နေတဲ့ အခြေအနေ ဖြစ်မလာဖို့ သေချာပေါက် မျှော်လင့်ပါတယ်။ အဲ့လိုဖြစ်လာခဲ့ရင် တော်တော်လေးကို ကံဆိုးလို့ပါပဲ။ ဒါပေမဲ့ အဲ့ဒါက ဘဝ၊ အဲ့ဒါက သံသရာ။ အဲဒါက ငါတို့ တကယ် ပူပန်ရမှာမဟုတ်ဘူး။ ငါတို့က ဆက်ပြီးပဲ တရားအားထုတ်သင့်တယ်။” ဒီလို လောကဝတ်ကြွယ်တဲ့ အဓိပ္ပါယ်ကိုဆောင်တဲ့အပြင်၊ ဒီကိစ္စမှာလည်း “ဖြစ်ရပ်မှန်”ကို အခြေခံတဲ့ ထောက်ပြချက်ကို ဖွင့်ချဖို့်ဆိုတာ အရေးပါတယ်် ဆိုရုံမျှသာပါပဲ။
ပထမဆုံး ကျွန်တော် သံသယကင်းအောင် ပြောပါရစေ။ ကမ္ဘာပေါ်က အခြားအရာအားလုံးလိုပဲ “ဗမာပြည်က ဗုဒ္ဓဘာသာ”ဆိုတာလည်း ပြီးပြည့်စုံနေတာ မဟုတ်ပါဘူး၊ တခါတလေ ဗြောင်ကျကျ ဖောက်ပြန်နေတာလည်း မဟုတ်။ ဒါကြောင့် ကျွန်တော်က ဗမာပြည်က ဓမ္မတန်ခိုး တောက်ပလာအောင် စာပန်းချီခြယ်တာ၊ အမွှန်းတင််တာ လုံးဝမဟုတ်ပါဘူး။ ဒါပေမဲ့လည်း ကမ္ဘာပေါ်မှာ တခြားဘယ်နေရာမှာမှ မတွေ့နိုင်တဲ့ မတူကွဲပြားပြီး နက်နဲတဲ့၊ အောင်မြင်ဖို့ အလားအလာရှိတဲ့ကျင့်စဉ်တွေ ဒီနေရာမှာပဲရှိတာက အသေအချာပါပဲ။ အထက်ကလို မသိကျိုးကျွန် ဖော်ပြချက်တွေက ရွှေနိုင်ငံမှာရှိတဲ့ ဓမ္မကျင့်စဉ်များရဲ့ ကြွယ်ဝမှု၊ ကျယ်ပြောရှုပ်ထွေးမှုကို လုံးဝ အမှတ်မှားစေပါတယ်။ အဲ့ဒီအစား အနောက်က ကိုယ်ပိုင်အခွင့်ထူးခံများနဲ့ အားပျော့တဲ့ ဗုဒ္ဓဘာသာ အသိုင်းအဝိုင်းနဲ့ ကျင့်စဉ်တွေကသာ ပိုပြီး ဖြစ်နိုင်ပါတယ်။ အရေးပါတဲ့ ဓမ္မကျင့်စဉ်တွေအကုန်လုံး ရွှေနိုင်ငံကနေ ရွေ့လျောသွားပြီဆိုတဲ့— အခြေအမြစ်မရှိတဲ့ အကြောင်းအရာနဲ့—အံ့ဩထိတ်လန့်စရာ နိဂုံးချုပ်ရမယ့်ပုံ ပေါ်နေတယ်။
ထပ်ပြောမယ်ဆိုရင် လက်တွေ့စိန်ခေါ်မှုတွေကို ရင်မဆိုင်ရရေး၊ ဘယ်တာဝန်ဝတ္တရားမှ မခံယူဘဲ အထောက်အပံ့ကင်းလျှက်ရှိတဲ့ ဗမာပြည်သူတွေကို ဒုက္ခတောထဲမှာ ထားခဲ့ဖို့အတွက် ဝေဝါးတဲ့အသိနဲ့ လက်ရှိအခြေအနေ အချိန်အခါကို အသုံးချပြီး တဘက်လှည့်နဲ့ ပူးပေါင်းလိုခြင်းမရှိတဲ့ ဆုံးဖြတ်ချက်ကို ချပါတယ်။
“တရားဓမ္မက တည်တံ့ပါလိမ့်မယ်”ဆိုတာနဲ့ ပတ်သက်လို့ ပိုပြီး အသေးစိတ်ကျတဲ့ spiritual bypass မျိုးကလည်း ရှိပါသေးတယ်။ ဒါက ဗမာပြည်က ကျင့်စဉ်တွေနဲ့ သတိပဌာန်အားထုတ်ကြတဲ့ အဖွဲ့အစည်းများနဲ့ သက်ဆိုင်ပါတယ်။ အထူးသဖြင့်က ဒီလိုအချိန်မျိုးမှာ ကမ္ဘာပေါ်မှာ အတွင်ကျယ်ဆုံး ဆရာကြီးဦးဂိုအင်ကာ၏ ဝိပဿနာနည်းနဲ့ အားထုတ်ကြတဲ့အဖွဲ့များ ဖြစ်ပါတယ်။ ဒီအဖွဲ့တွေ ဒီ spiritual bypass မှာတင် လမ်းဆုံးဖို့ ဖြစ်နိုင်ချေပိုများတယ်လို့ ထင်ရပါတယ်။ ဒီဖိုရမ်မှာ အဲ့ဒီအဖွဲ့တွေရဲ့နာမည် ထုတ်ပြောဖို့ ကျွန်တော် ဝန်လေးပါတယ်။ ဒါပေမဲ့ အဖွဲ့အစည်းထဲက ယောဂီ၊ တရားပြဆရာ ခပ်များများက ဒီ spiritual bypass ပုံစံနဲ့ပတ်သက်ပြီး သူတို့ရဲ့ကိုယ်ပိုင် အတွေ့အကြုံကို ကျွန်တော့်ဆီ မျှဝေကြပါတယ်၊ မြန်မာပြည်က ဖြစ်ပျက်နေတဲ့ အကြောင်းတွေကိုပေါ့။ ဒါတွေကို မဖော်ပြမိဘူးဆိုရင် ကျွန်တော် တာဝန်မကျေတာဖြစ်မယ်။ ဒါကြောင့်မို့ ကျွန်တော် အင်မတန် ဂရုတစိုက် လေးလေးစားစားနဲ့ ပြောပြဖို့ ရည်ရွယ်ထားပါတယ်။
ဟုတ်ပါတယ်။ ပထမဦးစွာ ကျွန်တော်ပြောချင်တာက ဒီနည်းစနစ်ကို နာခံသူအမြောက်အမြားက အတ္တမပါဘဲ အကျိုးဆောင်ပေးနေကြတာပါ။ ဒီအဆုံးအမတွေကတဆင့် ဘဝတော်တော်များများ ပြောင်းလဲသွားခဲ့ကြပြီးပါပြီ။ ဒီနည်းစနစ်နဲ့ အားထုတ်နေကြတဲ့ ယောဂီများ၊ တရားပြဆရာများ အားလုံးအနေနဲ့ ဒီမှားယွင်းတဲ့ အယူသဘော spiritual bypass လက်မခံဖို့ သေချာပေါက် အရေးကြီးပါတယ်။ တကယ်ပါပဲ၊ တိုးပွားလာတဲ့ ယောဂီတွေက သူတို့ရဲ့ ဓမ္မအသ်ိုင်းအဝိုင်းထဲလောက်ပဲ ဒီကိစ္စကို ထောက်ပြဖို့ ကြိုးစားနေကြတယ်။ အထက်က Clyde Floyd ဖော်ပြထားတဲ့ထဲကလိုပဲ လူမျိုးရေးပြဿနာ အနေနဲ့ပေ့ါ။ ဆရာကြီးဦးဂိုအင်ကာကိုယ်တိုင် သင်ပြခဲ့တဲ့ “[ကောင်းတဲ့] အလုပ်” (ယောဂီများ ကြိုးစားကျင့်ကြံသင့်တဲ့ ပညာဖြင့် ပူးပေါင်းရွက်ဆောင်ခြင်း) နှင့် “[တုံ့ပြန်တဲ့] အလုပ်” (ယောဂီများ ရှောင်ရှားသင့်တဲ့ ပညာမဲ့စွာ ပူးပေါင်းရွက်ဆောင်ခြင်း) တို့ကြား ကွာခြားမှု အကြောင်းကို ပူးပေါင်းရွက်ဆောင်မှု ရှိခြင်းနဲ့ မရှိခြင်းကြား သူ့ရဲ့ အဆုံးအမတွေကို ကန့်သတ်မထားခဲ့ပါဘူး။ ကျွန်တော့်အပေါ်မှာတောင် ကျေးဇူးကြီးလှတဲ့ ဆရာကြီးဦးဂိုအင်ကာနည်းကို ခြုံငုံဝေဖန်လိုက်တယ်လို့ မယူဆပါနဲ့။ ဒါက ဒီအသိုင်းအဝိုင်းထဲက အဖွဲ့ဝင်တွေကြား စီးမြောသွားနိုင်တဲ့ ရှောင်လွှဲလိုခြင်း “ထောင်ချောက်”ကို ထောက်ပြရုံသာဖြစ်ပါတယ်။ ဒီလမှာ ကြားရတဲ့ အချက်အလက် သက်သေ အထောက်အထားတွေကြောင့်လည်း ဖြစ်ပါတယ်။ ဒီမှာ ကျွန်တော် တင်ပြရတဲ့ ရည်ရွယ်ချက်က ပွင့်ပွင့်လင်းလင်း ရှင်းရှင်းလင်းလင်း ပြောပြဖို့သာဖြစ်ပြီး စာဖတ်သူများက လက်ခံလိမ့်မယ်လို့ ကျွန်တော်မျှော်လင့်ပါတယ်။ ဒါဆို သဘောပေါက်လာကြပြီး အပြောင်းအလဲတွေ စတင်ဖြစ်လာမယ်။ တခြား spiritual bypass အမျိုးအစားတွေကြောင်း ပြောခဲ့သလိုမျိုးပေ့ါ။
အဖွဲ့အစည်းက spiritual bypass နဲ့လမ်းဆုံးသွားပြီလို့ထင်ရတဲ့ အကြောင်းတခုက—သူတို့ရဲ့ရေးသားပြောဆိုမှုတွေအတိုင်း မရည်ရွယ်ဘဲ တိတ်တဆိတ် လက်ခံလိုက်သလို—ဒီအချိန်မှာ ဒီပုံစံမျိုး ပေါ်လာရပါတယ်။ မြန်မာပြည် လက်ရှိအခြေအနေကို လေးစားသမှုနဲ့ ဆက်ဆံရေးက ဒီလိုပဲ ဖြစ်သင့်ပါတယ် “ငါတို့ရဲ့ တရားကျင့်စဉ်နည်းတွေက ဗမာပြည်က လာတယ်ဆိုပေမဲ့ ဆရာအစဉ်အဆက် နောက်ကြောင်းပြန်ကောက််ထားတဲ့ ဗုဒ္ဓခေတ်က နည်းစနစ်တွေအတိုင်း ငါတို့ဆီမှာ ရှိနေပါပြီ။ အခုဆိုရင် ကမ္ဘာတဝှမ်းက တိုင်းပြည်ကြီး တော်တော်များများမှာ လုံလုံခြုံခြုံ အခြေတည်နေပါပြီ။ ဒါဆို ဗုဒ္ဓအဆုံးအမတွေကို ငါတို့နည်းနာကျင့်စဉ်တွေနဲ့ စောင့်ရှောက်နေလို့ ငါတို့ စိတ်ချလက်ချနေနိုင်ပါပြီ။ ဗမာပြည်မှာ ဖြစ်နေတာတွေက ကံအကြောင်းမလှလို့ပါ။ ဗမာပြည်ဆိုတာ ငါတို့ထမ်းဆောင်ရမဲ့ တာဝန်တွေအတွက် မရှိမဖြစ်အရာ မဟုတ်တော့ဘူး”။
တခြား spiritual bypass တွေလိုပဲ ဒီအကြောင်းပြချက်တွေကလည်း အဆင်ပြေသလိုနဲ့ ယိုယွင်းနေတဲ့ ပိုင်နက်ထဲ နေရာယူနေပြီ။ ဘာကြောင့် ဒီလိုအကြောင်းပြချက်တွေ ဖန်တီးနေတာလဲဆိုတာ ရှာဖွေရမဲ့နေရာ မဟုတ်ပါဘူး။ သူတို့ပြောသလို ဖြစ်လာမယ့် စိတ်ကူးယဉ်ကမ္ဘာ တည်စရာနေရာလည်း မဟုတ်ဘူး။ ဒါပေမဲ့ တိတိကျကျ ပြောမယ်ဆိုရင် တကယ့်မျိုးရိုးစဉ်ဆက် သမိုင်းကြောင်းနဲ့ ပတ်သက်ပြီး မရေရာတဲ့အမြင်ရှိသူဟာ လျှော့တွက်တတ်တဲ့သူပါပဲ။ ၁၉ရာစုက ကမ္မဋ္ဌာန်းပြဗမာဆရာကြီးများကို ထောက်ထားကြည့်တဲ့အခါ ဗုဒ္ဓခေတ်ကို ပြန်ပြီး ခြေရာခံနိုင်ပါတယ်။ တကယ်တမ်းက ဗမာတွေရဲ့လက်တွေ့ကျင့်စဉ်တွေက ချက်ကျလက်ကျနဲ့ စီးဆင်းမှုအား ပိုကောင်းပါတယ်။ သမိုင်းကြောင်းလည်း အတော်ရှင်းပါတယ်။ ဒီကျင့်စဉ်တွေက ၁၉ရာစု နှောင်း / ၂၀ရာစု အစောပိုင်းက လယ်တီဆရာတော်ကြီးရဲ့ မူလပင်ရင်းကျင့်စဉ်နီးနီး (လယ်တီအဆုံးအမနဲ့ လုံးဝထပ်တူကျ မတူပေမဲ့) ဖြစ်ပါတယ်။ ဒါ့ထက် ကျယ်ကျယ်ပြန့်ပြန့် ပြောရရင် ဝိပဿနာကမ္မဋ္ဌာန်း နည်းလမ်းတွေကျင့်သုံးပြီး တခုတည်းသော စင်ကြယ်တဲ့ ဗုဒ္ဓအဆုံးအမကို အစဉ်အဆက် စောင့်ရှောက်ပါတယ်လို့ သူတို့က အခိုင်အမာပြောပါတယ်။ ပြီးတော့ သူတို့ရဲ့ အဓိကတာဝန်က နောင်ဘုရားရှင် မပွင့်မချင်း ဒီ အနှိုင်းမဲ့ တန်ဖိုးဖြတ်မရတဲ့ အဆုံးအမ သာသနာတော်ကို စောင့်ရှောက်ထားဖို့ပါပဲ။ ဒါတွေကို ခြုံကြည့်ရင် သူတို့ပြောပြတဲ့ အချက်တွေအရ နည်းနာခံယူသူတချို့တွေလည်း တခြားဟာတွေနောက်ထား သူတို့ရဲ့ တခုတည်းသော ဝတ္တရားအတွက် ပြင်းပြတဲ့သဒ္ဓါ၊ တာဝန်ယူမှုနဲ့ သေချာမှုတွေ ပေါက်ဖွားလာပြီး သူတို့ကိုယ်သူတို့ အဲ့ဒီမှာပဲ မြုပ်နှံထားကြတော့မယ်။ ဒါ ယောဂီတွေက လောကီရေးရာ စိုးရိမ်ပူပန်မှုတွေ၊ အခက်အခဲကို ထိပ်တိုက်မတွေ့အောင် လွယ်လွယ် ဆုံးဖြတ်ချက်ချတာတွေ၊ တခါတရံ သူတို့က ဒါတွေအားလုံးထက် အသာစီးကဆိုတာမျိုး အခိုင်အမာဖော်ပြမှုတွေကြောင့် မရည်ရွယ်တဲ့ အကျိုးဆက်တွေ ကံအကြောင်းမလှဘဲ ဖြစ်လာရပြီ။ ဒီအချက်တွေကို အထက်က ရှာကြံ ရှောင်လွှဲချက်တွေထဲကနေ လွယ်လွယ်သိနိုင်ပါတယ်။
အချုပ်ပြောရရင် spiritual bypass က အကြောင်းပြချက်နဲ့ ယုံကြည်မှုတွေကို အသုံးချပြီး ပုံစံအမျိုးမျိုးနဲ့ ကွဲထွက်နေပါတယ်။ လက်ရှိအကျပ်အတည်းကာလမှာ ကျွန်တော်ကြားထားတဲ့အတိုင်း နည်းအမျိုးမျိုးနဲ့ ပြောပြနေတာပါ။ ဒီဆောင်းပါးကို ရေးရတဲ့ ရည်ရွယ်ချက်လည်း ရှင်းလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ လူတွေ ဘယ်လို ခံစားသင့်တယ်၊ ဘယ်လို ပြုမူသင့်တယ်လို့ စီစဉ်ညွှန်ကြားပြီး အပြစ်တင် စွပ်စွဲနေတာမဟုတ်ပါဘူး။ အဲ့ဒါထက် စိတ်ဓာတ်ရေးရာမူဘောင်တွေ၊ ပူးပေါင်းရွက်ဆောင်လိုစိတ်မရှိတဲ့ အကြောင်းပြချက်တွေ၊ ရှုပ်ထွေးတဲ့ သံသရာထဲမှာ စာနာမှုကင်းမဲ့တာတွေကို သူတော်ယောင်စကားအသွင် ဖော်ပြပြီး ချောင်းမြောင်းနေတဲ့ အန္တရာယ်တွေကို အာရုံစိုက်လာဖို့ ဖြစ်ပါတယ်။
ဗမာပြည်သူတွေနဲ့ မြန်မာပြည်က သာသန့ာအသက်ကို ကယ်တင်နိုင်ဖို့ ကျွန်တော်တို့ဆီက “အလွန် စိုးရိမ်ပါတယ်”ဆိုတာထက် ပိုပြီးလိုအပ်နေပါတယ်။ ရွှေနိုင်ငံဆီက ကျွန်တော်တို့ရထားတဲ့ အဖိုးဖြတ်မရတဲ့ ရတနာတွေအတွက်—ဘယ်လိုပုံစံမျိုးနဲ့ ဖြစ်ဖြစ်—တကယ် ကျေးဇူးတင်တယ်ဆိုရင် စိုးရိမ်မှုကို တာဝန်ယူမှုအဖြစ် ပြောင်းလဲရပါမယ် (အပြောကို အလုပ်နဲ့ သက်သေပြရပါမယ်)။ နည်းတယ် များတယ် မဆိုပါဘူး။
“ကောင်းပြီ၊ ဒါဆို အဝေးမှာနေတဲ့ငါက ဘာများ လုပ်ပေးနိုင်မလဲ”လို့ တချို့စာဖတ်သူတွေ မေးလာနိုင်တာ ကျွန်တော် နားလည်ပါတယ်။ သို့သော်လည်း ဒီမေးခွန်းက နောက်ထပ် သုံးသပ်ချက်ကြီးကြီးမားမား လိုအပ်ပါလိမ့်မယ်။ ဒါကြောင့် လာမည့်ဘလော့ပိုစ့်မှာ ဒီမေးခွန်းကိုလေ့လာဖော်ထုတ်တဲ့ ဆောင်းပါးကို စောင့်ကြည့်ကြပါ ခင်ဗျာ။