နိဗ္ဗာန်”ဆိုတဲ့စကားလုံးကို ကြားသိခြင်း
မြန်မာနိုင်ငံမှာတရားအားထုတ်တာနဲ့ အမေရိကန်နိုင်ငံမှာတရားအားထုတ်တာ ဘယ်လိုကွာခြားချက်တွေရှိသလဲဆိုတဲ့အကြောင်းကို Melissa Coats နဲ့ ပြောဆိုရတာ နှစ်ခြိုက်စရာကောင်းလှပါတယ်။ ရွှေနိုင်ငံက ဆောင်ကြဉ်းပေးတဲ့ စိတ်ဝိဉာဉ်ပိုင်းဆိုင်ရာ အခွင့်အလမ်းတွေက သူမကို အတော်လေးအားတက်စေခဲ့ပါတယ်။
“မနေ့က ဖားအောက်တောရမှာ မဟာဒါနရှိတယ်။ သီလရှင်ဆရာကြီးတွေ ဒါနကိုခံယူချီးမြှောက်ဖို့ တန်းစီပြီးကြွလာတာကိုတွေ့ရတော့ ကျမငိုမိတယ်။
ဒီအမျိုးသမီးကြီးတွေ၊ သူတို့တွေတော်တော်များများက သာသနာ့ဘောင်မှာ ဆယ်စုနှစ်များစွာ လေးလေးနက်နက်အားထုတ်လာခဲ့ကြတာတွေ၊ သူတို့အတွက် လာရောက်လှူဒါန်းကြတဲ့ လူတွေရဲ့သဒ္ဓါအား၊ သူတို့လက်ရှိလိုအပ်သလောက်အပြင် နောင်အနာဂါတ်အထိကို လိုလေးသေးမရှိအောင် အမျိုးမျိုးထောက်ပံ့ကြတာတွေ၊ တရားအားထုတ်မှုတွေနဲ့ လွတ်မြောက်ရာကိုရှာဖို့ တဘဝလုံးမြှုပ်နှံထားပုံတွေ…ဒါတွေဟာ အရမ်းကိုလှပပြီး၊ ရင်ကိုလှုပ်နှိုးလွန်းလို့ ကျမငိုမိခဲ့တာပါ။
ဒီကိုရောက်လာပြီးမှ ကျမရင်ကို လှုပ်နှိုးခဲ့တာတွေ အများကြီးရှိပါတယ်။ အစကတော့ စူးစမ်းလိုစိတ်တစ်ခုနဲ့ပဲရောက်လာခဲ့တာပါ။ ဖြစ်နိုင်ခြေတွေအားလုံးကို လင့်ကြိုပြီး တရားအားထုတ်မှုလမ်းစဉ်မှာ ဘာဖြစ်ရမယ်ညာဖြစ်ရမယ်ဆိုပြီး သိပ်မျှော်လင့်ထားတာမျိုးမရှိခဲ့ပါဘူး။
ကျမ ဒီရောက်ပြီး ပထမဆုံး တရားစခန်းဝင်ခဲ့တဲ့ ပဏ္ဍိတာရာမမှာ ညတိုင်းဟောတဲ့ တရားတိုင်းနီးပါးဟာ နိဗ္ဗာန်အကြောင်းပါတယ်။ ဒီဘဝမှာ အနည်းဆုံးသောတပန်အထိတော့ရောက်ရမယ်လို့ပြောတယ်။ ဒီလက်ရှိဘဝမှာပဲကို ဒီကိစ္စက ဖြစ်နိုင်တဲ့အရာဖြစ်တယ်။ ဒါကိုကျမကြားရတော့ …wow! အနောက်နိုင်ငံက တရားစခန်းမှာ ငါ သုံးလလောက်စခန်းဝင်ခဲ့ရင်တောင် နိဗ္ဗာန်ဆိုတဲ့ စကားလုံးကို တစ်ကြိမ်တောင်ကြားရဖို့ ဖြစ်နိုင်ပါ့မလား? ဆိုပြီးဖြစ်သွားတယ်။”