ထွက်ပြေးတိမ်းရှောင်နေရသောမွန်ဆရာဆရာမများ

 ကျွန်တော်တို့ရဲ့ အဆက်အသွယ်က ရွာငယ်လေးတစ်ရွာမှာ ပုန်းအောင်းနေတဲ့ မွန်ဆရာမတစ်ဦးနဲ့ တွေ့ဆုံမေးမြန်းခန်း အသံဖိုင်ပို့ပေးလိုက်ပါတယ်။ သူ့ရဲ့အခက်အခဲတွေကို စိတ်ထိခိုက်စွာ အသံတုန်ယင်စွာဖြင့် ပြောပြခဲ့ပါတယ်။ ကျွန်တော်တို့ရန်ပုံငွေ အတိုင်းအတာနဲ့ CDM ၀န်ထမ်းဦးရေ မမျှတာကြောင့် မိသားစုတစ်စုလျှင် ကျပ် ၁၀၀,၀၀၀ (၆၁ ဒေါ်လာ) သာပေးနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ အခုအချိုန်မှာ မည်သည့်ပမာဏမဆို သက်ကယ်ထောက်ပံ့နိုင်တဲ့ အခြေအနေဖြစ်နေတဲ့အတွက်  အကူအညီကို ကျေးဇူးတင်ရှိစွာဖြင့် လက်ခံယူကြပါတယ်။ ဆရာဆရာမများ သူတို့ဘဝတွေနဲ့ များစွာအနစ်နာခံ စွန့်လွှတ်ပြီး CDM မှာဆက်လက်တိုက်ပွဲဝင်နေကြပါတယ်။

မြန်မာနိုင်ငံပြည်သူများကိုယ်စား အခုလိုရက်ရောစွာ လှူဒါန်းတဲ့အတွက် ကျေးဇူးအထူးတင်ရှိပါတယ်။ 

အမေကဆုံးသွားတာမကြာသေးဘူး။ အဖေက ဘုန်းကြီးဝတ်နဲ့ဆိုတော့ တော်ယုံတန်ယုံတော့ သူတို့မလုပ်ဘူးလို့ထင်တာဘဲ။

ကျမအခု အိမ်မှာမနေရဲလို့ ရှောင်နေရတယ်ဆိုတော့ အခက်အခဲတော့ရှိတာပေါ့။ ဖမ်းမယ်လို့ သူတို့ပြောလို့ နေ့ဘက်မထွက်ရဲဘူး။ ဒီကြားထဲကျန်းမာရေးကမကောင်းတော့ တနေ့က ဆေးခန်းသွားပြတယ်။ မိုးချုပ်ချိန်၊ ကိုယ့်ကိုမှတ်မိမှာစိုးလို့ မျက်နှာကိုအောက်ထားပြီးသွားရတယ်။

သူတို့လခလဲယူတာမဟုတ်တော့လို့ ထုတ်မယ်ဆိုလဲထုတ်၊ ထွက်ရဲလို့ CDM လုပ်နေတာ။ မထုတ်ဘဲနဲ့ ဖမ်းမယ်ချည်းပြောပြီး ချိန်းခြောက်နေတော့ စိတ်ပူရတာပေါ့။ ကျမမှာအဖေတယောက် ရှိသေးတယ်။ အမေကဆုံးသွားတာမကြာသေးဘူး။ အဖေက ဘုန်းကြီးဝတ်နဲ့ဆိုတော့ တော်ယုံတန်ယုံတော့ သူတို့မလုပ်ဘူးလို့ထင်တာဘဲ။

 စစ်ကောင်စီ အောက်မှာအလုပ်မလုပ်ချင်ဘူးလေ။ ဒါကြောင့် CDM ဝင်တာ။ အခက်အခဲတော့ ရှိတာပေါ့။ ကျမတို့အောင်ဖို့က ဒီအခက်အခဲတွေကိုကျော်လွှားနိုင်မှရတာ။ ဒီအခက်အခဲတွေကို လှေခါးထစ်တွေလိုသဘောထားတယ်။ အပေါ်ထိရောက်အောင်တက်နိုင်မှ CDM က အောင်မြင်မှာလို့ ကျမယူဆတယ်။ အခုလဲရွာမှာ ၇ရက် ၈ရက် ၉ရက်မှာ ကျမတို့ကို ဆွဲမယ်လို့ အသံကြားတယ်။ ကျမတို့လဲ မနက်ဖြန် တနေရာထွက်ပြေးမလားလို့ စဉ်းစားနေတယ်။ စိတ်ဓာတ်တော့မကျပါဘူး။ ဒါအောင်မြင်ဖို့ စိတ်ထိမ်းနိုင်ရမယ်။ မိသားစုမှာ အဆင်မပြေလဲ အရင်ကဝယ်ထားတဲ့ ရွှေလေးပါလေးရောင်းစားပြီး ဒီလိုပေါ့။ ငွေစုငွေချေးက ချေးထားတာနဲ့ ဘဏ်ကချေးငွေတွေ စစ်တပ်က အခုပြန်ဆပ်ရမယ်ဆိုပြီး ကြေညာလိုက်တော့ အခုလိုချီးမြှင့်တာ အဲဒါအတွက်တော့အဆင်ပြေသွားတာပေါ့။ စားဖို့ကတော့ ဒီလိုကြံဖန်ပြီး စားလို့ရပါတယ်။ ကျမလုပ်သက်က ကြီးတယ်။ ၂၈နှစ်ဆိုတော့သမျှောတာပေါ့။ ဒါပေမဲ့ ခလေးတွေကိုသနားတယ်။ သူတို့က အသက်ပါစွန့်တာ။ စိတ်ထဲမကောင်းဘူး။ ကိုယ့်ရာထူးပင်စင်ကို မမက်တော့ဘူးပေါ့။ ကျမတို့ အစိုးရပြန်တက်နိုင်ဖို့အရေးကြီးတယ်။ CDM ဝန်ထမ်းတွေကို အားပေးပါ။