မိတ်ဆွေတို့ရဲ့လှူဒါန်းမှုကလမ်းပေါ်ကစျေးသည်တွေကို ဘယ်လိုအထောက်အပံ့ပေးခဲ့သလဲ

အလှူရန်ပုံငွေရဲ့ တစ်စိတ်တစ်ပိုင်းကို ကျွန်တော်တို့ လမ်းပေါ်ရှိစျေးသည်များကို ထောက်ပံ့ရာမှာ အသုံးပြုခဲ့ပါတယ်။  ဒီလုပ်သားများဟာ ကိုဗစ်ကာလအတွင်းမှာ စားနိုင်သောက်နိုင်ရုံကလေးမျှသာ ရှိခဲ့ပြီး စစ်တပ်အာဏာသိမ်းမှုနောက်ပိုင်းမှာတော့ တော်တော်များများဟာ လပေါင်းများစွာ ၀င်ငွေမရှိ ဖြစ်ခဲ့ကြပါတယ်။ ဒီထောက်ပံ့မှုကိုလက်ခံရရှိတဲ့အခါ သူတို့ရဲ့တုံ့ပြန်မှုလေးတွေကို ဒီစီမံကိန်း အကောင်အထည်ဖော်ပေးတဲ့ အဖွဲ့လေးက အောက်ပါအတိုင်း အစီရင်ခံလိုက်ပါတယ်။


လမ်းပေါ်စျေးသည်များကို မေတ္တာမျှဝေခြင်း ကင်မ်ပိန်း campaign။

အလှူရှင်များနဲ့ ရက်စက်ကြမ်းကြုပ်တဲ့စစ်အာဏာရှင်စနစ်ကို တော်လှန်နေကြတဲ့ ပြည်သူများအတွက် ဝမ်းသာကြည်နူးစရာဖြစ်စေဖို့ ဒီဓါတ်ပုံလေးတွေကို မျှဝေလိုက်ပါတယ်။  

ကျွန်တော်တို့ တွေ့သမျှ ဦးလေးတွေ၊ အဒေါ်တွေ၊ ကလေးတွေအားလုံးက အရမ်းကိုရိုးသားကြတယ်။ ပန်းရောင်းတဲ့ကလေးတွေက အလှူငွေပေးလိုက်တဲ့အခါ သူတို့ရောင်းနေတဲ့ပန်းတွေကို အတင်းလက်ဆောင် ပြန်ပေးကြတယ်။ ဗယာကြော်ရောင်းသူက “ကျွန်တော့် ဗယာကြော်လေးတော့ စားသွားပါဗျာ” တဲ့၊ တို့ဟူးရောင်းတဲ့သူကလဲ “တို့ဟူးကြော်လေးတော့စားသွားပါ တူမလေး” တဲ့။

ဒီ “လမ်းပေါ်စျေးသည်ကင်မ်ပိန်း” ကို ကျွန်တော်တို့ စတုန်းက သနားလို့ဆိုပြီးစတာ မဟုတ်ပါဘူး။ စစ်အာဏာသိမ်းချိန်အတွင်း ရိုးသားတဲ့အလုပ်ကိုလုပ်ပြီး ဝင်ငွေရှာနေတဲ့သူတွေကို  အသိအမှတ်ပြု ကျေးဇူးတင်ခြင်းကြောင့်ဖြစ်ပါတယ်။ ပြီးတော့ “ ပြည်သူမှ ပြည်သူအတွက် ” ဆိုတဲ့ ဆောင်ပုဒ်အတိုင်း အကျိုးဆောင်တာလဲဖြစ်ပါတယ်။  ကလေးတွေကို ပေးတဲ့အခါ ကျွန်တော်တို့က  “ ခလေးတို့ကို ချစ်လို့၊ ခလေးတို့ရဲ့ ရိုးသားဖြောင့်မတ်တဲ့အလုပ်ကို ချစ်လို့ ” လို့ပြောပါတယ်။   

နှမ်းတစ်စေ့က နှမ်းဆီတစ်အိုး မဖြစ်နိုင်ပါ၊ ဒါပေမဲ့ နှမ်းစေ့ပေါင်းများစွာဆိုရင်ကော? ဂိုဒေါင်တစ်လုံးစာတော့ လိုမယ်ထင်ပါတယ်!

ရုပ်တရက်မျှော်လင့်မထားတဲ့ အလှူငွေရပြီးနောက် တစ်ယောက်ချင်းစီရဲ့ တုံ့ပြန်ချက်ကလေးတွေကို အောက်မှာဖေါ်ပြလိုက်ပါတယ်။

ကားမီးပွိုင့်မှာ စံပယ်ပန်းရောင်းတဲ့သား - ကျွန်တော်တို့ ဒီနေရာဖြတ်တိုင်း အမြဲပြေးလာတတ်တယ်။ တစ်နေ့ကျတော့ အဲ့ဒီကလေးကို အလှူငွေပေးလိုက်တော့  ကလေးကထွက်ပြေးသွားတယ်။ ပထမတော့ ကျွန်တော်တို့ အံ့အားသင့်နေတယ်။  ဒါပေမယ့် သူနောက်ဆက်တွဲလုပ်တာက ပိုပြီးအံ့သြစရာဖြစ်နေတယ်။ သူက သူ့ထက်အသက်ကြီးတဲ့ကလေးတစ်ယောက်ကိုခေါ်လာပြီး “ အကို သူတို့ပေါ့၊ အကို့အဘိုးကို တလောကကူညီလိုက်တာ ”။ ဆက်ပြီးတော့ "ဒီစံပယ်ပန်းတွေအားလုံးယူလိုက်ပါ၊ ကျနော် ဒီနေ့စောစော အိမ်ပြန်ချင်လို့ပါ "။ ဒါနဲ့ ကျနော်တို့လဲယူပြီး အနားက ကားတွေကို လိုက်ဝေလိုက်ပါတယ်။ 

ဘုရားပန်းရောင်းတဲ့အဘွား - အဘွားကလမ်းဖြတ်ကူးဖို့ စောင့်နေတယ်။ ကျွန်တော်တို့က အဘွားကိုခေါ်ပြီး “ ဒီအသက်အရွယ်ထိ ရိုးရိုးသားသား လုပ်ကိုင်စားသောက်နေတာကိုမြင်ရလို့ ကျွန်တော်တို့ အရမ်းဂုဏ်ယူလို့ အလှူငွေပေးပါရစေ။ အဘွားကို တခါမှမတွေ့ဖူးတဲ့နိုင်ငံခြားက အလှူရှင်တွေကလှူတာပါ။  အဘွားက မျက်ရည်တွေကျနေပြီး အလှူရှင်အားလုံးကို ဆုတွေအများကြီးပေးလိုက်ပါတယ်။

သံဖြူပုံးလဲတဲ့ဦးလေး - ကျွန်တော်တို့  သူ့လှည်းထဲကိုလှမ်းကြည့်လိုက်တော့ လှည်းထဲမှာသံဘူး ၂ ခုဘဲ ရှိသေးတယ်။ အချိန်ကညနေ ၂ နာရီခွဲနေပြီ။ ဒီနေ့ကလဲ နေအရမ်းပူတဲ့နေ့။ ကျွန်တော်တို့က ဒီကင်မ်ပိန်း အကြောင်းပြောပြတဲ့အခါ သူကဓာတ်ပုံထဲကအတိုင်း “ ဟာ အေးအေး ” တဲ့။

မြန်မာမုန့်တွေရောင်းတဲ့အန်တီ - သူက ဒီကင်မ်ပိန်းမှာ ကျွန်တော်တို့ကို အထူးအားတက်စေသူ!

အုန်းရည်အစ်ကို - သူက အရမ်းအံ့သြသွားတယ်။ ပြီးတော့မျက်ရည်တွေကျနေတယ်၊ ကျမတို့ရင်ထဲကို တအားထိခိုက်သွားလို့ ပြုံးတောင်မပြုံးနိုင်တော့ပါဘူး။ 

မီးပွိုင့်မှာပန်းရောင်းတဲ့ဦးလေး - ပိုက်ဆံယူပြီး အသံကတုန်နေတယ်။ ကျွန်တော်တို့ကို ပန်းတချို့ ပြန် လက်ဆောင်ပေးလိုက်တယ်။

ဗယာကြော်အစ်ကို - သူက ကျွန်တော့်ကိုဆရာလို့ထင်ပြီး “ ကျေးဇူးတင်ပါတယ်ဆရာ” လို့ပြောတယ်။ ကျွန်တော် ဆရာမဟုတ်ပါဘူးလို့ ပြန်ပြောလိုက်ရတယ်။ 

တို့ဟူးဦးလေး - ဒီနေ့သိပ်ရောင်းမကောင်းဘူးလို့ပြောတယ်။ သူ့အထမ်းထဲမှာ တို့ဟူးတွေ အများကြီး ကျန်နေတုံး။ အနည်းဆုံးတော့ သူ့ တို့ဟူးကြော်ကို စားသွားဖို့ပြောတယ်။