အပိုင်း (၁၃) မြန်မာ့ဓမ္မမှတ်တမ်းများ၊ လက်နက်ကိုင်များအပေါ် စာနာမှု


မြတ်စွာဘုရားခေတ်မှ ရဟန်းတော်များ၏ထုံးကို အတုလိုက်ကာ၊ တနေ့တွင် Zach Hessler (ထိုစဉ်က ဘိက္ခု ဩဘာသ)သည် အထက်မြန်မာပြည် တောင်တန်းများနှင့်ကျေးရွာများကြား ခြေလျင်ခရီး လှည့်လည်ကြွချီခဲ့သည်။ ဒါပေမဲ့ နောက်ပိုင်းဘာတွေဖြစ်လာမလဲဆိုတာ သူမသိနိုင်ပါ။ အဲ့ဒီနောက်ဆက်တွဲ ဖြစ်ရပ်တွေကို အလွန်ထူးခြားတဲ့ အကြောင်းအရာအဖြစ် Insight Myanmar “မြန်မာ့ဓမ္မာမှတ်တမ်းများ” အခန်းဆက် အသံထုတ်လွှင့်မှုမှ အထူးထုတ် အပိုင်းတပိုင်းအနေနဲ့ ထုတ်လွှင့်လိုက်ပါသည်။ 

ဦးဩဘာသသည် ၂၀၁၄ခုနှစ်တွင် ရွှေဥမင်ကျောင်းဆရာတော်ဦးတေဇနိယထံ ခေတ္တရဟန်းခံယူကာ ၂၀၁၅ တွင် နောက်ထပ်တကြိမ် ရက်အကန့်အသတ်မရှိ ရဟန်းခံယူခဲ့ပြန်သည်။ ထိုနှစ်တွင်ပင်  သီတင်းသုံးနေဆဲ ရန်ကုန်မြို့တွင်း ဘုန်းကြီးကျောင်းမှ ထွက်ခွာလာပြီး အထက်မြန်မာပြည်ရှိ တဲကျောင်းကလေးတခုတွင် တောရဆောက်တည်ဖို့ ဆရာတော်ဦးတေဇနိယထံမှ ခွင့်ပြုချက်ရရှိခဲ့သည်။ သူ၏တဲကျောင်းကလေးသည် အေးချမ်းသော နေရာကလေးတွင် တည်ရှိသည်။ ထိုတွင် သူတဦးတည်းသာ နိုင်ငံခြားသား ဖြစ်သည်။ ကားလမ်းနှင့် ၂မိုင်ကျော်ကွာဝေးသောကြောင့် အသံဗလံများ သူ၏ကျောင်းဗိမာန်လေးဆီသို့ မထိုးဖောက်နိုင်ပါ။ ဧည့်သည်များသည်ပင် ခြေကျင် သို့မဟုတ် ဆိုင်ကယ်ဖြင့်သာ လာရောက်နိုင်သည်။ မိုးရာသီကာလတွင်း လမ်းခရီး လုံးဝ သွားလာ၍မရ၊ သူ၏မနက် ဆွမ်းခံထွက်ချိန်လေးများနှင့် မိုင်အနည်းငယ်ခန့် သွားရသော ရထားသံလမ်းတလျှောက်တို့သည် စင်ကြယ်သော အလှတရားနှင့် တောက်ပသော အခိုက်အတန့်လေးများပဲဖြစ်ပါသည်။ 

တောတောင်ထဲတွင် နှစ်အနည်းငယ်ခန့် သီတင်းသုံးပြီးနောက် တောရရဟန်းဖြစ်ခြင်းအကြောင်း ပိုပြီးလေ့လာချင်သောကြောင့် Ajahn Chah တည်ထောင်ထားသော ထိုင်းဘုန်းတော်ကြီးကျောင်း Wat Pah NanaChatသို့ သွားရောက်ခဲ့သည်။ ထိုင်းဘုန်းကြီးကျောင်း၌ ပြသသော အဆုံးအမများသည် မိမိကျင့်သားရခဲ့သည်များထက် ယဉ်ကျေးမှုရှုထောင့်များအရ ကွဲပြားပြီး ပုံမှန်အတိုင်း တိတိကျကျ လမ်းညွှန်မထားတဲ့ တာဝန်များနဲ့ လုပ်ထုံးလုပ်နည်းများထက် ကိုယ်ပိုင်တွေ့ရှိမှုကို မူတည်ပြီး သွယ်ဝိုက်လေ့လာသောနည်းအားဖြင့် ပညာပေးခြင်း ဖြစ်ပါသည်။ ဦးဩဘာသ၏ အဓိကနည်းပြတဦးမှာ ယခင်က ဘုန်းတော်ကြီးတပါးဖြစ်ခဲ့ဖူးသော ထိုင်းဆရာကြီးတဦးဖြစ်ပြီး တောရရဟန်းဖြစ်ဖို့ဆန္ဒကို အကောင်ထည်ဖော်ရန် ဘုန်းကြီးကျောင်းမှထွက်ခဲ့သူ တဦးလည်းဖြစ်သည်။ မြတ်စွာဘုရား၏ တပည့်ရဟန်းများဘဝနှင့် အနီးစပ်ဆုံးတူညီနိုင်အောင် သူ၏ရဟန်းဘဝကို ပုံဖော်ချင်ခဲ့သည်။ ထို့ကြောင့် လွန်ခဲ့သောနှစ်ပေါင်း နှစ်ထောင်ကျော်က အမျိုးမျိုးသော လက်တွေ့ကျင့်စဉ်တွေနဲ့ ပြီးမြောက်အောင်မြင်ခဲ့ကြတဲ့ ထိုးထွင်းသိမြင်မှုဉာဏ်ပညာများကို အသေးစိတ်နားလည်နိုင်ဖို့ ကြိုးစားပြီး ဝိနည်းသုတ္တန်များကို နက်နက်ရှိုင်းရှိုင်း လေ့လာခဲ့သည်။ သူက အင်္ဂလိပ်လို မပြောပေမဲ့ တောရရဟန်းအတတ်ပညာနှင့် ကျွမ်းကျင်မှုဆိုင်ရာ လေ့လာလိုသော နိုင်ငံခြားသား ရဟန်းတော်များကို ကူညီရန်အတွက် နှစ်စဉ်လပေါင်းများစွာ သူ၏အချိန်များကို ဆန္ဒအလျောက် မြှုပ်နှံထားသည်။ ထိုသူ့ထံတွင် လေ့လာနိုင်စရာ များစွာရှိသည်။ သူကိုယ်တိုင် လေ့လာထားသော သင်္ကန်းဆေးဆိုးခြင်း၊ သင်္ကန်းချုပ်ခြင်း၊ တံမြက်စည်းလုပ်ခြင်း၊ သွားတိုက်ရန် သင့်တော်သော တံပူအတွက် သစ်ကိုင်းရိုးလေးများ ရှာခြင်း၊ သပိတ်ဖုံးနှင့် ခါးပန်းကြိုးထိုးခြင်းစသည်တို့အပြင် နောက်ထပ်လည်း အများကြီးရှိသေးသည်။

ထိုအချိန်ထိ မြန်မာပြည်တွင် ရဟန်းဘဝဖြင့် ကုန်ဆုံးခဲ့ခြင်းဖြစ်ရာ ၂နိုင်ငံကြား တောနေရဟန်း ထုံးတမ်းများ သိသိသာသာ ကွာခြားပုံကို ဦးဩဘာသက မှတ်ချက်ပေးပါသည်။ ဥပမာအားဖြင့် မြန်မာပြည်တွင် တောရဆောက်တည်သော ရဟန်းတော်များ တပါးချင်းစီသည်ပင် “တောနေရဟန်း အစဉ်အလာ”ဟူ၍ တကယ်တမ်း ခွဲခြားခြင်းမရှိဘဲ နိုင်ငံအနှံံ့ သီတင်းသုံးကြပြီး ဆန့်ကျင်ဘက်အားဖြင့် ထိုင်းနိုင်ငံတွင်မူ ကာလကြာမြင့်စွာ တည်တံ့ပြီးသော တောနေရဟန်း အစဉ်အလာ ရှိပြီးသားဖြစ်သည်။ ကျိန်းစက်ရာ၊ တရားထိုင်ရာတွင် ခြင်အန္တရာယ်မှ ကာကွယ်ဖို့အတွက် နေရာအနှံ့တွင် တွေ့နိုင်သော ထီးကြီးသဖွယ် ခြင်ထောင်များကို သယ်ဆောင်လာသူတို့ကို တောနေရဟန်းများအဖြစ် မြင်လိုက်သည်နှင့် သိနိုင်သည်။ ဤပုံပန်းသဏ္ဍာန်ကို ထုဆစ်ထားသော ရုပ်ထုများလည်း နိုင်ငံအနှံ့တွေ့နိုင်သည်။   

Wat Pah Nanachat တွင် ရက်ရှည်သီတင်းသုံးပြီးနောက် ဦးဩဘာသသည် အထက်မြန်မာပြည်ရှိ ဝါးတဲကျောင်းကလေးသို့ ပြန်လာခဲ့သည်။ အခုအခါမှာတော့ ဗုဒ္ဓစာပေထဲမှ ဒေသစာရီကြွချီကြသော ရဟန်းတော်များကို အတုလိုက်ကာ၊ တသက်တာ မြတ်နိုးရသည့် သဘာဝတရား၊ အတွေ့အကြုံများနှင့် ထိုင်းနိုင်ငံတွင် လေ့လာခဲ့သော တောတွင်းသင်ခန်းစာများ ပြင်ဆင်ကာ ရှေ့ခရီးဆက်ခဲ့သည်။ မိမိ၏ ပင်ကိုသဘာဝ အထုံဝါသနာကိုလိုက်ကာ ဝေးကွာလှသော ဒေသများဆီ လှည့်လည်ရန် စိတ်လှုပ်ရှားနေခဲ့သည်။ အရင်က လေ့လာရေး ခရီးတိုလေးများ စွန့်စွန့်စားစား သွားခဲ့ဖူးပေမဲ့ ဒီတခါမှာတော့ ဦးတည်ရာမရှိ အစီအစဉ်မထားဘဲ ကာလရှည် လှည့်လှည်လိုစိတ်ရှိခဲ့သည်။ ထို့ကြောင့် ပေါ့ပေါ့ပါးပါး ထုတ်ပိုးပြီး ဒေသစာရီကြွခဲ့သည်။

ပထမညကို တဲကျောင်းလေး၏အထက် တောင်ရိုးပေါ်ရှိ ဂူထဲတွင် သီတင်းသုံးခဲ့သည်။ နောက်နေ့တွင်  အစွယ်တချောင်းသယောင် ချွန်ထွက်နေတဲ့ တောင်တန်း အဆုံးတဘက်ရှိ အလှကို သတိထားမိပြီး  ထိုမြင်ကွင်းတွင် ချက်ချင်း နစ်မြောသွားခဲ့သည်။ ထိုနေရာသို့ တဖြည်းဖြည်း နီးကပ်လာသည်နှင့်အမျှ တောင်ထိပ်ကလေး၏ ခြေရင်းရှိ လှပတဲ့ရွာကလေးပေါ်သို့ အုံ့အုံ့ဆိုင်းဆိုင်း လွှမ်းခြုံကာကွယ်ထားတဲ့ ဧရာမညောင်ပင်ကြီးကိုလည်း တွေ့ရှိခဲ့ပါသည်။ ဦးဩဘာသသည် မိမိခရီးစဉ်က မိမိအား အံ့ဩဖွယ်ရာများ လှစ်ဟနေသည်ကို ခံစားမိခဲ့သည်။ နောက်တနေ့တွင် ထိုတောင်ထိပ်ရှိ ဘုရားကျောင်းမှ ထိုးထွက်နေသာအချွန်မှာ စေတီတဆူ၏ ခေါင်ချွန်းဟု သဘောပေါက်သွားပြီး စတင် စိတ်ဝင်စားလာသည်။ ထိုအထက်သို့တက်ရန် လမ်းရှာနေစဉ် ယာယီဝါးကျောင်းဆောင်လေးနှင့် ဖားအောက်ဘုန်းတော်ကြီး ၂ပါးမှ ဝိပဿနာ သင်ကြားပေးနေသော သီလရှင် ဆရာလေးအဖွဲ့ကို အံ့အားသင့်စွာ တွေ့ရှိခဲ့သည်။ မိမိတို့၏ စိတ်ဆန္ဒအတိုင်း သံဃာ့ဂိုဏ်းဝင် တရားဝင်ဘိက္ခုနီပြုဖို့ရန် မစွမ်းနိုင်သော တိုင်းပြည်မှ အမျိုးသမီးများသည် ၁၀ပါးသီလသာ ခံယူထားတဲ့ ဆရာလေးများသာ ဖြစ်နိုင်ကြပါသည်။ အစောင့်ရှောက်ခံ ဆရာလေးများကိုတွေ့ရသည်မှာ ဦးဩဘာသအဖို့ နှလုံးပီတိ ဂွမ်းဆီထိသကဲ့သို့ ဖြစ်ရသည်။ ထိုနေရာသို့ မိုးတွင်းမှအပ သဘာဝရေ အရင်းအမြစ် မရှိသောကြောင့်  အထောက်အပံ့ပေးလွန်းသော ရွာသားများသည် နေ့စဉ် တောင်ထိပ်ပေါ်သို့ ရေခပ်ပို့ကြသည်။ အပြန်အလှန် လေးစားမှုနှင့် ဆက်ဆံရေး တောက်ထွန်းမှုများကြား ထိုနေရာ၌ ရက်အနည်းငယ် သီတင်းသုံးခဲ့သည်။  

အံ့ဩဝမ်းသာဖြစ်ရသည်က ဦးဩဘာသသည် ကျောင်းမှထွက်ခွာရန်  သွားရောက်လျှောက်ထားစဉ် ဆရာတော်မိန့်ကြားသည်က သူ၏လက်ရှိ တာဝန်ဝတ္တရားများကို ဘေးချထားပြီး ဦးဩဘာသနှင့် လိုက်ခဲ့ရန်ဖြစ်သည်။ အရာရာကတော့ ဦးဩဘာသ စိတ်ကူးမယဉ်ထားတဲ့ ပုံစံမျိုးတွေနဲ့ ချပြလျှက်ရှိသည်။ ပို၍ကောင်းသည်က ထိုဘုန်းတော်ကြီးသည် နှစ်ပေါင်းများစွာ တောရဆောက်တည်ဖူးသည့် ပုဂ္ဂိုလ်ဖြစ်သည်။ နောက်ဆုံး ဒီကျောင်းလေးကို မတည်ထောင်မီ ခြိုးခြံသည့် ဓုတင်အကျင့်များကို လိုက်နာကျင့်ကြံဖူးသူလည်း ဖြစ်ပါသည်။ Zach သည် မိမိ၏ ခရီးဖော်အသစ်ကို ကြိုဆိုလိုက်ပြီး ကိုယ့်ကိုယ်ကိုယ် နောက်လိုက် တပည့်အဖြစ် မြင်ကြည့်မိသည်။ လမ်းတလျှောက်တွင် ဒီဒေသ၌ သက်တော် ၉၀ အရွယ်ရှိ ဘုန်းတော်ကြီးတပါး သီတင်းသုံးသည်ဟု ကြားသိရသဖြင့် ရှာဖွေ ဖူးမြော်လိုသော ဆန္ဒတို့ ဖြစ်လာကြသည်။      

ထိုလမ်းကြောင်းအတိုင်း သူတို့ ဦးတည်ခဲ့ပြီး လျှိုကျဉ်းကျဉ်းလေးနံဘေး တလျှောက်မှ ခရီးနှင်ဖို့ ဆုံးဖြတ်ကာ ရက်အတော်ကြာ ခရီးဆန့်ခဲ့ကြသည်။ ထို့နောက် သူတို့ကို လူတချို့မှ ရုတ်တရက် ရပ်ခိုင်းပြီး ရှေ့ဆက်မသွားဖို့ရန် တားမြစ်ကြောင်း သတိပေးသည်။ ဘုန်းတော်ကြီး ၂ပါးသည် မြန်မာတိုင်းရင်းသားလူမျိုးစု တစုပိုင် နယ်မြေထဲသို ရောက်ရှိနေပြီး၊ ထိုဒေသသည် ဘိန်းစိုက်ပျိုးရာနေရာလည်း ဖြစ်နိုင်သည်။ သူတို့လည်း ဆိုသည့်အတိုင်း လိုက်နာပြီး နောက်ကြောင်းပြန်လှည့်ခဲ့ကြသည်။

ဒါပေမဲ့ အခြေအနေက ပို၍သာ ဆိုးရွားလာသည်။ အချက်ပြမီးခိုး တက်သွားပြီး အချက်ပေး ဗုံတီးသံများလည်း ထွက်လာသည်။ လျှိုထဲမှ လူများသည် အနီးနားကရွာကို သူတို့ရှိနေကြောင်း အချက်ပေးသည်လည်း ဖြစ်နိုင်သည်။ ဦးဩဘာသနှင့် ဆရာတော်တို့သည် သူတို့၏ မူလလမ်းကြောင်းအတိုင်း ဆက်လက်ထွက်ခွာခဲ့ပြီး နောက်ရွာအရောက်မှာ ထပ်ပြီးတော့ တားမြစ်ခံရသည်။ ထို့ကြောင့် သူတို့ နောက်ကြောင်းပြန်လှည့်ပေမဲ့လည်း ထပ်ပြီးတော့ အဲ့ဒီရွာက သန်စွမ်းတဲ့အမျိုးသားများ သူတို့နောက်သို့ ထပ်ကြပ်မကွာ လိုက်လာကြသည်။ လျှိုနားကို ပြန်ရောက်လာပြီးနောက် နောက်မှလိုက်လာသူများနှင့် လျှိုရှိလူများ ပေါင်းစုံမိကြသည်။ လူများသည် သစ်ပင်များကြား ဝင်လိုက် ထွက်လိုက် လုပ်နေကြသည်။ တချို့မှာ တံကျဉ်များကို ချွန်နေပြီး၊ ဝါးတုတ်ရှည်ကြီးများကိုင်ထားကြသည်။ သေတ္တာများတွင်လည်း သေနတ်များနှင့် တောခုတ်ဓားမများ တွေ့ရသည်။ သေချာသည်က ဣဋ္ဌာရုံတော့မဟုတ်။

ဥပဒေပြင်ပလှုပ်ရှားမှုများ ရှိနေသည်ဟု ထင်ရသည့် ထိုတားမြစ်နယ်မြေအတွင်းသို့ ဘုန်းတော်ကြီးများ ရုတ်တရက် ရောက်ရှိလာခြင်းထက် ရွာသားများ၏သံသယနှင့် အဓိကစိုးရိမ်မှုတွေကို ရှုပ်ထွေးစေတဲ့အချက်သည် နိုင်ငံရေးနှင့် သမိုင်းကြောင်း ဖြစ်သည်။ မြန်မာပြည်သည် ကွဲပြားသည့် တိုင်းရင်းသား လူမျိုးစုများနဲ့ ပြည့်နှက်နေပြီး အလွန်ခက်ခဲ ကြမ်းတမ်းတဲ့ သမိုင်းကြောင်းအတိနဲ့ လူမျိုးစု အချင်းချင်းမှာလည်း မယုံကြည်မှု၊ သံသယများလှသည်။ အစိုးရ အဆက်ဆက် လူမျိုးစုအနည်းစု အထူးသဖြင့် ဒီလူမျိုးစုတွေ အပေါ် အကြမ်းဖက်မှုများလည်း ရှိနေသည်။ အနောက်တိုင်းသား ဦးဩဘာသနှင့် ဗမာခရီးဖော်တို့ကို အစိုးရ၏ ထောက်လှမ်းရေးများကဲ့သို့သော အမြင်ဖြင့် ကြည့်နေကြသည်။ ဒီလိုသံသယမျိုးက သမိုင်းကြောင်းအရ ဗမာပြည်ဒီဒေသတွင်းရှိ ဘုန်းတော်ကြီးများအပေါ်တောင်မှ မရှိဘူးလို့ မပြောနိုင်ဘူး။ (တကယ်တမ်း ဒီနေ့အထိ ထိုင်းဘုန်းတော်ကြီးများသည် သူတို့၏ မျက်ခုံးများကိုလည်း ရိတ်ထားကြသည့်အကြောင်းမှာ တကယ့် သူလျှိုဟု ယူဆရသော ထိုင်းနှင့် ဗမာ “ရဟန်း”များအကြား ခွဲခြားဖို့ လိုအပ်သည့်အတွက် ထွက်ပေါ်လာရသည့် ရာစုနှစ်မျှ ကြာညောင်းလာသည့် ထုံးတမ်းအစဉ်အလာ ဖြစ်ပါသည်။ အခြေအနေကို ပေါင်းစပ်ရလျှင် ဒီလိုဒေသမျိုးမှာ တွေ့နေကျမဟုတ်သော အနောက်တိုင်းသားတဦးနှင့် ဗမာတောရရဟန်းများရှိသော်လည်း လူတကာ လေးစားတဲ့ အစဉ်အလာမဟုတ်သလို နေစရာကျောင်းပင်မရှိသော ရဟန်းကို ရဟန်းဆိုးဟုပင် မှတ်ချက်ချနိုင်သည်။)

ဘယ်ရွာသားမှ အင်္ဂလိပ်လို မပြောတတ်။ ဗမာစကားပြောတတ်သူမှာ တဦးတည်းသော ဆယ်ကျော်သက်ကလေး တယောက်ဖြစ်သည်။ သူ၏ဘာသာပြန်ပေးမှုနှင့် ရဟန်း၂ပါးလုံး စေ့စေ့စပ်စပ် အစစ်ဆေးခံရပြီး သယ်ဆောင်လာသမျှအကုန် ထုတ်ပြရပါသည်။ ငြိမ်သက်စွာထိုင်နေရပြီး အယောက် ၄၀လောက်က ဝိုင်းပြီး လက်နက်များဖြင့် ချိန်ရွယ်ထားကာ ထိုမှ၂ယောက်မှာ သပိတ်ထဲမှ ဆောင်ယူလာသော အရာများကို အေးအေးဆေးဆေး တခုချင်း ထုတ်စစ်နေသည်။ အကယ်၍ ကြောက်ရွံ့မှု၊ ကာကွယ်လိုမှုနှင့် စိုးရိမ်ပူပန်မှု တစုံတရာပြမိပါမူ နောက်တကြိမ် ဝင်သက်ထွက်သက်သည် နောက်ဆုံးအကြိမ် ဖြစ်သွားနိုင်သည်ဟု ဦးဩဘာသ သေချာပေါက် ခံစားမိသည်။ အဲ့ဒီအစား ရဟန်းတို့၏ တကယ့်အသွင်သဏ္ဍာန်အတိုင်း သတိကြီးကြီးဖြင့် အတိအကျ ပြုမူခဲ့ကြသည်။ (ဟုတ်ပြီ၊ ဒါက ဂျိန်းစ်ဘွန်းကိုင်တဲ့ စက်ပစ္စည်းမျိုးလေးတွေကိုတောင် သူတို့ပိုင်ဆိုင်မှုထဲ ရှာမတွေ့တာကလည်း အကူညီဖြစ်ပုံရသည်။)

ထပ်၍ ဦးဩဘာသသည် သူ့အတွက် အခြေနေမကောင်းဟု သိနေသည်။ တကယ်တမ်း သူတို့နှစ်ဦးသား အသက်ရှင်ကျန်ဖို့ အလားအလာရှိမရှိ အသေအချာ အကဲဖြတ်နေမိသည်။ အခြေအနေများအရ ရွာသားများသည် သူတို့အကြောင်းကို ယုံကြည်ဖို့ အကြောင်းမရှိဟု နားလည်နိုင်ပါသည်။ အလွန်တင်းမာတဲ့ အခြေအနေဖြစ်ရာ ရွာသားတယောက်လောက်နဲ့ဖြင့် စတင်တိုက်ခိုက်သည်ပဲထား ကောက်ရိုးပုံထဲ မီးကျီးခဲ ထည့်လိုက်သလို အကြမ်းဖက်သည့် အခြေအနေသို့ တမဟုတ်ချင်း ပြောင်းလဲသွားနိုင်သည်ဟု ခံစားမိသည်။ မိနစ်နဲ့အမျှ နီးကပ်လာသော ရှောင်လွှဲမရသည့် သေခြင်းတရားဟူသော ခံစားမှုနှင့်အတူ “အနာဂတ်”ဟူသော အယူအဆသည် ဘဝ၏မပြောင်းလဲနိုင်သော အချက်အဖြစ် အများသောအားဖြင့် ရပိုင်ခွင့်လို ဖြစ်နေသည်။ ထို အနာဂတ်သည် စိတ်၏ အယူအဆတခုထက် မပိုသောအရာ။ မိမိပတ်ဝန်းကျင်မှ ဝရုန်းသုန်းကား အခြေအနေများကြား စိတ်ဝင်စားဖွယ်ရာ ထိုးထွင်းသိမြင်မှုသည် ဦးဩဘာသ၏ဉာဏ်တွင် ရှင်းရှင်းလင်းလင်း ထင်လာသည်။

အခုလို သေအံ့ဆဲဆဲ ဖြစ်ရပ်မျိုး ဦးဩဘာသအနေဖြင့် တခါမှ မကြုံဖူးတာကြောင့် ဒီလိုအခြေအနေမျိုး ကြုံလာရပါက ဘယ်လိုတုံ့ပြန်ရမလဲဆိုတာ မသေချာပါဘူး။ ဒါကြောင့် သူ့မိသားစုက သူဘာတွေဖြစ်သွားပြီလဲဆိုတာ ဘယ်တော့မှ သိနိုင်တော့မှာ မဟုတ်တော့တဲ့အတွက် ဝမ်းနည်းရပေမဲ့ သူကိုယ်တိုင် အနေနဲ့ကတော့ ဒီအခြေအနေမှာ အဆင်ပြေတယ်လို့ သဘောပေါက်မိလို့ ဝမ်းသာပါသည်။ သေအံ့ဆဲဆဲမှာတောင် ငြိမ်းငြိမ်းချမ်းချမ်းနေနိုင်တဲ့အခါ  ဒီအပြုအမူကပဲ သူ့ကို ပိုပြီးဒုက္ခဖြစ်စေမလားဆိုပြီး စိုးရိမ်မိသည်။ ချက်ချင်း သေစေနိုင်မည့် ကွပ်မျက်ခြင်းမျိုး မဟုတ်ပေမဲ့ ဖြစ်နိုင်တာက အတော်လေး သွေးအေးပြီး ထိတ်လန့်စက်ဆုပ်ဖွယ် သေရခြင်းမျိုး၊ အရိုးတွေကြေမွပြီး အရေခွံနွှာခံထားရင်တောင် အသိစိတ်ရှိနေသေးသည့် ပုံစံမျိုးဟု ထင်မိသည်။ အကယ်၍ ဒါကတကယ့် ကံအကျိုးပေးဆိုပါလျှင် ခံစားရမည့် ပြင်းထန်လှသည့် နာကျင်မှုအပေါ် အပြည့်အဝ ဥပေက္ခာ ထားနိုင်မည်မဟုတ်ဟု သိနေခဲ့သည်။ ဒါကို သဘောပေါက်တဲ့အတွက် ဗုဒ္ဓဘာသာ အယူအဆအရ လက်ရှိဘဝ၏ နောက်ဆုံးစိတ် တခဏလေးများသည် နောက်တဖန် မွေးဖွားလာမည့် ဘဝသစ်ကို ပုံဖော်ဖို့ရန်အတွက် ဘယ်လောက်အရေးကြီးသည့် စိတ်အခြေအနေကို ဖော်ဆောင်ပေးမလဲလို့ အလေးထားစိတ်ပူခဲ့ပါသည်။

နောက်ပြီး အထင်လွဲခံရမှုသည် ဘဝ၏ အကြီးမားဆုံးသော အနှောင့်အယှက်တခုဟု ခံယူထားသူအတွက် တကယ်တမ်းက ရှောင်လွှဲလို့မရခဲ့။ အခွင့်ကောင်းတခုတော့ ရှိနေသေးတာက သူ အမှန်တကယ် ဘယ်သူလဲဆိုတာနဲ့ အဲ့ဒေသမှာရှိနေတာကို အခြေခံနားလည်မှုလွဲရခြင်းကြောင့် အသတ်ခံရဖို့ နီးကပ်တဲ့ အနေအထားဖြစ်နေသည်။ ဒါပေမဲ့ နောက်ပြီး အံ့ဩလောက်စရာက ဦးဩဘာသသည် ဒီအခြေအနေမှာ ဘာပဲဖြစ်ဖြစ် အဆင်ပြေပါသည်ဟု မိမိကိုယ်တိုင် တွေးနေခဲ့သည်။ ဒါကလည်း တဖြည်းဖြည်း ရုပ်လုံးပေါ်လာတဲ့ အခြေအနေကို ရွာသားတွေဘက်က အမြင်ဖြင့် စာနာနားလည်ပေးနိင်စွမ်း ရှိလာခဲ့၍ ဖြစ်သည်။ မြတ်စွာဘုရားသည် အကြောင်း၊အကျိုးကို နားလည်မှု၏ အရေးပါပုံကို မကြာခဏ အလေးထား ဟောပြောခဲ့ကြောင်း သူကမှတ်ချက်ပြုပါသည်။ ပြီးတော့ ဒီနေရာက အဖွဲ့အစည်းသည် သူစိမ်းများအပေါ် သံသယရှိခြင်း၊ တောလားရဟန်းတော်များနှင့် အတွေ့အကြုံမရှိခြင်း၊ ရန်လိုမှုနှင့် နာကျည်းမှုများ ပြည့်နှက်နေသော သမိုင်းကြောင်းရှိခြင်း၊ နိုင်ငံခြားသားများနှင့် အကျွမ်းတဝင်မရှိခြင်း၊ ဖြစ်နိုင်တာက သူတို့ရပ်ရွာ ဆက်လက် ရပ်တည်ဖို့အတွက် ဥပေဒေချိုးဖောက်သော လှုပ်ရှားမှုတချို့တွင် ပါဝင်နေခြင်းတို့ ဖြစ်သည်။ ဒီဆိုးရွားလှသည့် ဆုံးဖြတ်ချက်တခုကို အခု ထည့်သွင်းစဉ်းစားဖို့ အတော်လေး လိုအပ်နေပြီ။ အကယ်၍ ဒီရဟန်း ၂ပါးသည် သူလျှိုများဖြစ်ပြီး လွတ်မြောက်သွားပါက သူတို့မိသားစုများ၏ လုံခြုံရေးနှင့် ဘဝနေထိုင်မှုအပေါ် အလွန်ကြီးမားတဲ့ သက်ရောက်မှုမျိုး ဖြစ်သွားလိမ့်မည်။ ဒါပေမဲ့ တဖက်မှာလည်း ဦးဩဘာသနှင့် အဖော်ရဟန်းတော်တို့သည် အမှန်စင်စစ် ရဟန်းများဖြစ်ပြီး အသတ်ခံရပါမူ ဒီဗုဒ္ဓဘာသာဝင် ရွာသားများသည် မရေမတွက်နိုင်သော ဘဝပေါင်းများစွာ သေကျေပျက်စီးရပြီး အကုသိုလ်ကံ၏ အကျိုးပေးကို ခံစားရတော့မည်။ သံသရာမှ လွတ်မြောက်မှု ရယူလိုခြင်း ရည်ရွယ်ချက်ကို ဆန့်ကျင်လျက် မိသားစုနှင့် လူမျိုးစုအဖွဲ့၏ လောကီအကျိုးကိုသာ အလေးထားမည်ဆိုပါက ဆိုးရွားလှသည့် ဆုံးဖြတ်ချက်ပင်။ ဘယ်လိုပင်ဖြစ်ပါစေ ရွာသားများအား  မိမိရည်ရွယ်မထားတဲ့ အကျဉ်းအကျပ်ထဲ ရောက်စေပြီးနောက် ဦးဩဘာသသည် သူတို့ အပေါ် ကရုဏာသက်မိပါတော့သည်။

အရာအားလုံးကို ပြန်သုံးသပ်လိုက်တဲ့အခါ ကရုဏာတရားသည် ဦးဩဘာသထံ ကိန်းအောင်းလာပြီး သူ၏ အခြေအနေတရပ်အပေါ် နားလည်သဘောပေါက်မှုမှာ နက်နဲလာသည်။ သူသိလိုက်သည်က အရင်ရက်အနည်းငယ်အတွင်း ခရီးဆန့်ခဲ့ရသလိုမျိုး နောက်ထပ် ဘယ်လောက်သွားရပြီး ဒီလိုပုံစံမျိုးနဲ့ကျမှ နားလည်နိုင်ပါလိမ့်မလဲ— ယင်းတို့မှာ မိမိအားဆွဲဆောင်ခဲ့တဲ့ ထိုတောင်ထိပ်ဖျားက အခြေအနေနဲ့ အကြောင်းတရားများ၊ မိမိစိတ်ထဲတွင် ဆက်တိုက် အကောင်ထည်ဖော် ကြံစည်နေတဲ့ အခြေအနေနဲ့ အကြောင်းတရားများ၊ မြန်မာပြည်တောင်တန်းပေါ်ရှိ ဆရာလေးများကို ဘိက္ခုနီစစ်စစ် ဖြစ်မြောက်ရန် တားမြစ်ထားသော အခြေအနေနဲ့ အကြောင်းတရားများပင်။     

ကံကောင်းထောက်မစွာဖြင့် နောက်ဆုံးတွင် ၂ပါးစလုံး လွတ်မြောက်ခဲ့သည်။ ဒါပေမဲ့ မျှော်လင့်ထားသည့်အတိုင်း သေခြင်းတရားမှ ပွတ်ကာသီကာ လွတ်မြောက်ရာကနေ တရားဓမ္မကို ရှုပွားသုံးသပ်မှုများက ဆက်လက်ဖြစ်ပေါ်လျှက်။ ဦးဩဘာသသည် လွန်ခဲ့သော နှစ်ပေါင်း ၂၅၀၀က မြတ်စွာဘုရား ချမှတ်ထားခဲ့တဲ့ ရဟန်းတော်များအတွက် စည်းမျဉ်းဖြစ်သော ဝိနည်းအကြောင်းကိုလည်း နက်နက်ရှိုင်းရှိုင်း စတင်တွေးတောလာပြီး ထိုပြောင်မြောက်လှသည့် စည်းကမ်းများသည် သူနှင့်သက်ဆိုင်ရာအခြေအနေနဲ့ ကြုံကြိုက်တဲ့အခါ ပို၍ပင် အဓိပ္ပါယ်ရှိတဲ့အကြောင်း သဘောပေါက်လာသည်။ မြတ်စွာဘုရားသည် တောသို့ထွက်တော်မူသော ရဟန်းတော်များ သိစေရန် အလို့ငှာ ထိုကဲသို့နေရာများတွင် အန္တရာယ်ကြီးကြီးမားမားရှိနိုင်ကြောင်း အမြဲအကြံပြုသည်မှာ ဘာကြောင့်လဲလို့ စူးစမ်းလိုခဲ့သည်။ ပြီးတော့ ဒီနေ့ခေတ်ထက် အဲ့ဒီခေတ်မှာ နေရာတိုင်းလိုလိုရှိနိုင်တဲ့ သားရဲဘေးရန်နှင့် ဒမြဘေးရန်တို့ကြောင့်လည်း ဖြစ်နိုင်ပါသည်။ ဘာကြောင့်လဲဆိုတော့ ဒီလို ခန့်မှန်းလို့မရတဲ့အရာနဲ့ ရင်ဆိုင်ရတဲ့အခါမှာ ကျင့်စဉ်တွေက ပိုအသက်ဝင်လာသည်ဟု ဦးဩဘာသ နားလည်စပြုလာသည်။ ထိုအခိုက်မျိုးမှာ တကယ့်ကို ကျင့်ရင်ကျင့် မကျင့်ရင် အသေပဲ ဆိုတာမျိုး ဖြစ်လာသည်။ ဒါပေမဲ့လည်း ဒီလို စိုးရိမ်စရာ အခြေအနေမှာ အသက်ရှင်ဖို့၊ မတုန်လှုပ် တည်ငြိမ် အေးဆေးတဲ့ စိတ်ကို မွေးမြူထားနိုင်ဖို့ မိမိဇာတ်ထုပ် သို့မဟုတ် သူတပါးဇာတ်ထုပ်တွေကို လိုက်ပြီးသိအောင် လုပ်နေဖို့မဟုတ်ဘဲ  စိတ်ကို လေးလေးနက်နက် လေ့ကျင့်ထားဖို့ လိုပါမည်။ ဒါကလည်း ရဟန်းတော်များကို အပြင်လောကထဲသို့ မထွက်ခွါမီ ၅နှစ်တိတိ ရဟန်းကျင့်ဝတ်များလေ့ကျင့်ဖို့ အကြံပင် ဖြစ်ပါသည်။ အခြေခံလေ့ကျင်မှု ပြီးမြောက်သည့်အခါ၊ ဝိနည်းစည်းကမ်းများကို လိုက်နာရင်း ခရီးလှည့်လည်စဉ်မှာ ကြုံတွေ့ရတတ်သည့် အခက်အခဲနှင့် စိန်ခေါ်မှုများရင်ဆိုင်ရင်း တည်ငြိမ်အေးချမ်းတဲ့စိတ် ပိုပြီးဖြစ်ပေါ်လာနိုင်တဲ့ အတွက်ကြောင့် ဓမ္မအပေါ်၌ မိမိ၏သဒ္ဓါ သို့မဟုတ် ယုံကြည်မှုလည်း တိုးပွားလာပါမည်။ အကယ်၍ မိမိက လုံခြုံစိတ်ချရတဲ့ ဘုန်းကြီးကျောင်းတွင် သီတင်းသုံးနေပါမူ ဒီလိုအရိုင်းဆန်ပြီး ခန့်မှန်းမရတဲ့ စိတ်ထဲစွဲကျန်ရလောက်တဲ့ ဘဝအတွေ့အကြုံမျိုးကို တွေ့ကြုံနိုင်ချေ နည်းပါးပါသည်။ 

နောက်ထပ် ဥပမာအနေနဲ့ ဘုန်းကြီးကျောင်းတွင် အထိုင်ချတဲ့ဘဝမှာ ဆွမ်းနေ့စဉ်မပြတ် ရရှိမှုသည် ရပိုင်ခွင့်တခုလို ဖြစ်နေပြီး၊ တောလမ်းခရီးလှည့်လည်စဉ်မှာတော့ ဒီနေ့ပြီး နောက်တနေ့မှာ ဆွမ်းဘယ်လောက်ပဲရမယ် လုံးဝမရဘူးလဲ မသိနိုင်တဲ့ မသေချာမရေရာမှုက ပိုများပါသည်။  တောရရဟန်းတပါး၏ဘဝမှာ ဖြစ်တဲ့အခိုက်ကို အမှန်အတိုင်း နက်နက်နဲနဲ လက်ခံလိုက်ဖို့ လိုအပ်ပါသည်။ သို့မှသာ စိုးရိမ်ပူပန်မှုများ လွင့်စင် ကင်းပျောက်နိုင်လိမ့်မည်။ ဒါကတော့ Zach အနေနဲ့ မြတ်စွာဘုရား၏အဆုံးအမ အနှစ်သာရများနဲ့ လက်တွေ့ကျင့်ကြံသူကို တိုက်ရိုက် ချိတ်ဆက်လိုက်တာပါပဲ။ ပြီးတော့ ဒီစွန့်စားခန်းကနေ မှတ်သားလောက်တဲ့ သင်ခန်းစာတခုကတော့ ဒီခေတ်ဒီအခါထဲမှာ ဒီလိုအတွေအကြုံမျိုးက ကမ္ဘာ့ဒီဘက်အခြမ်းမှာ ဖြစ်နိုင်ပါသေးလား ဆိုတာပါပဲ။ အမှန်ကတော့ ၂၁ရာစုမှာ အာရှသို့ ခရီးနှင်လာတဲ့ အနောက်တိုင်း ရဟန်းတော်တပါး၏ ခရီးတခု စတင်ရာ လွန်ခဲ့သော နှစ်ပေါင်းများစွာက မှတ်တမ်းဝင် သုတ္တန်များ ပုံပြင်များနှင့် အလားတူနေသည်။ ဒီနည်းအားဖြင့် သုတ္တန်များ၏ အနက်နှင့် အဓိပ္ပါယ်ဆိုလိုရင်းသည် သံသရာလမ်းခရီးတလျှောက် ကျနော်တို့ကို ကူညီ ထောက်ပံ့ဖို့ အသက်ဝင်လာပါသည်။ 

နေသာသလို နေတဲ့ဘဝက ရုန်းထွက်ဖို့ ဒီရှေးထုံးများက မျက်မှောက်ခေတ် လက်တွေ့ကျင့်ကြံနေတဲ့ လူဝတ်ကြောင်များအတွက်ပင် အသုံးဝင်ကြောင်း သုံးသပ်ထားပြီး မိမိကိုယ်တိုင်ရော လက်တွေ့ကျင့်ကြံ အားထုတ်နေကြတဲ့ သောတရှင်များအတွက်ရော ဒီမေးခွန်းလေးနဲ့ အဆုံးသတ်ထားပါသည်- ကိုယ်လုပ်နေတာက ကိုယ့်စိတ်ကို ကျေနပ်မှုပေးနိုင်ပြီလား။ ကိုယ်က ဘယ်လို ပြောင်းလဲတိုးတက်အောင် လုပ်နိုင်ပြီလဲ။ 

Shwe Lan Ga LayComment