အပိုင်း (၁၂) မြန်မာပြည်မှ ကိုဗစ်-၁၉ : ရဟန်းတော်များရေးရာပိုင်း ထုတ်လွှင့်မှု
မြန်မာပြည်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့ပွားနေမှုသည် ရဟန်းတော်များအပေါ် ဘယ်လိုသက်ရောက်နေပြီလဲ။ ဒါက အခု Insight Myanmar အသံလွှင့် အပိုင်းလေးတွင် ဖြေကြားပေးဖို့ မေးခွန်တရပ်ဖြစ်ပါသည်။ ဒါလေးက ကျနော်တို့ရဲ့ မြန်မာပြည်မှ ကိုဗစ်-၁၉ အခန်းဆက် အသံလွှင့်ပိုင်း အထူးအစီအစဉ် “ရဟန်းတော်များရေးရာပိုင်း ထုတ်လွှင့်မှု”ပဲ ဖြစ်ပါသည်။
ရဟန်းယောက်ျားပီသသူတို့၏ မိန့်ကြားချက်များတွင် တခုခု ထူးခြားနေတတ်ပါသည်။ တရားအားထုတ်ဖို့ရည်စူးထားတဲ့ ဘဝထဲတွင် ကိုယ့်ကိုယ်ကိုယ် မြှုပ်နှံထားဖို့ လူ့ဘောင် အဖွဲ့အစည်း၏ အနှောင်အဖွဲ့ကို စွန့်လွှတ်ထားတဲ့ ရဟန်းတော်များသည် အများသောအားဖြင့် ပြဿနာကို မျက်တောင်တဆုံးလောက်သာ သိတတ်သော ကျနော်တို့လို လူဝတ်ကြောင်တွေ မမြင်နိုင်တဲ့ နေ့စဉ်သမာရိုးကျ ကိစ္စများထဲက သစ်လွင်ဆန်းသစ်သော သဘောထားအမြင်များကို ဟောကြားပြသနိုင်စွမ်းရှိပါသည်။ ကျနော်တို့ အများစုသည် မိသားစုများကိုဂရုစိုက်ရန် လိုအပ်မှု၊ အိုးအိမ်များကို စောင့်ရှောက်ရမှုနှင့် စိတ်ချရတဲ့ဝင်ငွေ စသည့် လူ့ဘောင် ကျော့ကွင်း နွံတွင်းများတွင် နစ်မြုပ်နေချိန်—ရဟန်းတော်များမှာမူ နေ့စဉ် မရှိမဖြစ်လိုအပ်သော အရာများမှ မိမိတို့ပိုင်ဆိုင်ထားသော လွတ်လပ်မှုသည်ပင် သူတို့အတွက် လက်ရှိအခြေအနေကို ပို၍ကျယ်ပြန့်သောရှုထောင့်မှ နားလည်နိုင်ခွင့်ရကြသည်။
သာမန်လူတန်းစားတွေရဲ့ဘဝတွေလည်း ဖရိုဖရဲဖြစ်နေကြပြီဆိုတာ မေးခွန်းထုတ်စရာ မလိုပါ။ ကျနော်တို့ အများစုသည်(အလုပ်မပြုတ်သေးပါက) အိမ်မှနေပြီး မဖြစ်မနေ အလုပ်လုပ်ပေးနေကြရသည်။ ကျောင်းတွေပိတ်သည်။ အပျော်ခရီးတိုလေးထွက်ဖို့ နေနေသာသာ ဈေးဝယ်ထွက်ဖို့တောင် သတိအပိုထားရသည်။ ဒီလိုကမောက်ကမတွေ ဖြစ်ပြီးနောက် “ပုံမှန်သစ်”ဆိုတာ ဘယ်လိုပုံစံလဲ ဘယ်သူသိမလဲ။ သာမန်လူတို့ကမ္ဘာကြီး ကသောင်းကနင်းဖြစ်နေချိန်မှာ ရှင်ရဟန်းများ၏ ဘဝများသည်လည်း အလားတူ အနည်းနှင့်အများ ကသောင်းကနင်းများ ဖြစ်နေမလားဟူ၍ ယောဂီများ အနေနဲ့ သိချင်နေကြပါလိမ့်မည်။
ဒီမှာ စိတ်ဝင်စားစရာ မေးခွန်းတခု ရှိပါသည်။ ဘာကြောင့်လဲဆိုတော့ ရဟန်းအများစုသည် ကျောင်းရိပ်သာတို့တွင် သီတင်းသုံးရသော အလေ့အကျင့်မှာ သူတို့၏ ပုံမှန် ရဟန်းဝိနည်း စည်းကမ်းများ၏ တစိတ်တပိုင်းအဖြစ် အတော်လေး သတိပြု လိုက်နာပြီးသား ဖြစ်နေပြီ။ ခရီးသွားလာဖို့ သိပ်မလိုအပ်ခြင်း၊ ဆံသဆိုင်၊ ရုပ်ရှင်ရုံနှင့် စားသောက်ဆိုင်းများ ပိတ်လိုက်ရခြင်းတို့သည် ရဟန်းတော်တို့၏ဘဝကို သက်ရောက်မှု မရှိပါ။ ဒါပေမဲ့ နေ့စဉ် လုပ်ငန်းဆောင်တာ စည်းကမ်းများနဲ့ စိတ္တနုပဿနာ ကမ္မဋ္ဌာန်းကျင့်စဉ်များသည် ကိုရိုနာဗိုင်းရပ်စ်ကာလ မတိုင်မီကထက် အခုချိန်မှာ အနည်းငယ်ကွာခြားပေမဲ့ တချို့အရာတွေမှာလည်း အပြောင်းအလဲရှိကြသည်။ ရှင်ရဟန်းများ၏ဘဝတွင် သက်သောင့်သက်သာမဖြစ်မှု၊ စိတ်မသက်သာမှုနှင့် အဆင်မပြေမှုများသည် အရင်က မကြုံစဖူးပုံစံမျိုး အခုတော့ကြုံနေကြရသည်။
ကျနော်တို့ ရဟန်းတော် ငါးပါးကို မေးမြန်းလျှောက်ထားရာ သူတို့၏ ကိုယ်ပိုင်သာသနာပြု တာဝန်ဝတ္တရားများနှင့် နောက်ကြောင်းများ မတူကွဲပြားကြသော်လည်း သူတို့ ပြောကြားချက်များထဲမှာ တူညီချက်တချို့တွေ့ရသည်။ သာမန်လူတို့လိုပဲ သူတို့သည်လည်း ကူးစက်ရောဂါ ပျံ့နှံ့နေချိန်ကို သတိမထားမိကြပါဘူး။ လာမည့် လပေါင်းများစွာတွင် ဘာဖြစ်လာမယ်မှန်းမသိတဲ့အတွက် အပြင်မထွက်ဘဲနေဖို့ လေးနက်တဲ့ ဆုံးဖြတ်ချက်များကို ရုတ်တရက် ချခဲ့ကြရသည်။ အားလုံးက မြန်မာပြည်ထဲမှာ နေချင်ကြပေမဲ့၊ အဲ့ဒီလိုစီစဉ်ဖို့ အတော်လေး မလွယ်ကူပါ— အရှင်တပါးသည် ထိုအချိန်မှာ အမေရိကား၌ သီတင်းသုံးနေပါသည်။ တပါးတွင် နေထိုင်ခွင့် ဗီဇာမရှိတော့၊ နောက်တပါးသည် နိုင်ငံခြားသို့ တရားစခန်း ခရီးစဉ်အတွက် စီစဉ်နေရပြီး၊ နောက်တပါးကတော့ နိုင်ငံခြားသားရဟန်းကို လက်ခံနိုင်မည့် ဘုန်းကြီးကျောင်းရှာဖွေမရ၊ နောက်ဆုံးမှာတော့ ကံကောင်းစွာပဲ ထိုငါးပါးထဲမှ လေးပါးသည် မြန်မာပြည်တွင် ဆက်လက်သီတင်းသုံးနိုင်ကြသည်။
မတည်မြဲခြင်း(အနိစ္စ)ကို နားလည်ဖို့ ဘဝတခုကို နှစ်မြှုပ်ထားတဲ့ ရဟန်းအဖြစ်ကို ခံယူထားပြီး မိမိတို့ လေ့လာထားသော နက်နဲလှသည့် ဓမ္မအသိဉာဏ်ကို အားကိုးအားထားပြုကာ ဒီအကျပ်အတည်းကို ရင်ဆိုင်ချဉ်းကပ်ရသည်။ အထူးသဖြင့် မတည်မြဲမှုသည် နေရာတိုင်းတွင်ရှိသည်ဟူသော အသိဉာဏ် ပဲဖြစ်ပါသည်။ ဒီသစ္စာတရားက အသစ်အဆန်းမဟုတ်ပေမဲ့ အခု ကျနော်တို့ တော်တော်များများအတွက် ဒီအမှန်တရားရဲ့ ဆက်စပ်မှုမှာ သိသာထင်ရှားလာခဲ့ပြီ။ သို့သော် ဒီမသေချာမှုက ကျနော်တို့ဘဝတွေအတွက် စိတ်ပူပန်ဖို့ လိုနေပြီဟု မဆိုလိုပါဘူး။ ယခု ရဟန်းတော် ငါးပါးလုံးသည် ပို၍ကြီးမားသော လုံ့လဝီရိယဖြင့် သူတို့၏ အချိန်များကို မိမိတို့ကိုယ်ပိုင် ကမ္မဋ္ဌာန်းဘာဝနာ ကျင့်စဉ်များ၌ ကောင်းကောင်းအသုံးချကာ သူတပါးတို့ကိုလည်း အလားတူ အားထုတ်ကြရန် တိုက်တွန်းနှိုးဆော်ကြပါသည်။
ပထမဦးစွာ ရွှေဥမင်ကျောင်းဆရာတော် ဦးတေဇနိယထံတွင် ရှင်ရဟန်းပြုခဲ့သော ကနေဒါနိုင်ငံသား ရဟန်းတော် ဦးဝိဝေကထံမှ နာကြားရမည် ဖြစ်ပါသည်။ မိမိဆရာတော်၏ လမ်းညွှန်မှုကို လိုက်နာပြီး ဓမ္မဝိဘဇ္ဇ ရိပ်သာ၌ အပြင်မထွက်ပဲ ချမ်းချမ်းသာသာ သီတင်းသုံးနေကြောင်း၊ ပုံမှန်ဆက်၍ တရားအားထုတ်နေကြောင်း ပြောပါသည်။ ဦးဝိဝေကသည် မိဘများရှိရာ နိုင်ငံရပ်ခြားသို့ သွားရောက်တွေ့ဆုံပြီး ထိုအရပ်၌ တရားစခန်းပွဲ ကျင်းပဖို့စီစဉ်ထားပြီးပေမဲ့ ကူးစက်ကပ်ရောဂါ ဘယ်လောက်ဆိုးရွားနေသလဲဆိုတာ သဘောပေါက်မိတာကြောင့် လုံးဝ မသွားတော့ဖို့ ရွေးချယ်ခဲ့သည်။ ဒီထိတ်လန့်ဖွယ်ရာအဖြစ်က တိတ်တဆိတ် ကြီးထွားလာနေသည်ကို အကျပ်အတည်း အစောပိုင်းကာလ သတင်းများထဲမှ သဘောရှိ စူးစမ်းနေမိကြောင်း ပြောပါသည်။ ဒီအတွက် စိုးရိမ်ပူပန်ကြောင့်ကြမှုကို စတင် ခံစားမိတဲ့အခါ သေခြင်းတရားကို ကြောက်ရွံ့ခြင်းသည် ထိုပူပန်မှု၏ အရင်းမြစ်ဖြစ်ကြောင်း သဘောပေါက်သွားခဲ့သည်။ ထပ်၍ သုံးသပ်ရလျှင် ဘယ်သူမှ ရှောင်လွှဲမရအောင် သေချာတဲ့အရာသည် သေခြင်းတရားဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် အနှေးနှင့်အမြန်ဆိုသလို ရောက်လာနိုင်သော ဒီထိတ်လန့်စရာအဖြစ်သည် မလွှဲမရှောင်သာသည့်အရာ ဖြစ်ပါသည်။ ကြီးမားသော ထိုးထွင်းဉာဏ်၊ နားလည်မှုနှင့်အတူ သေခြင်းတရားကို ကြောက်ရွံ့မှု နည်းပါးလာခြင်းသည် ဦးဝိဝေကထံ ဖြစ်တည်လာသော နက်နဲတဲ့ အကျိုးတရားပင် ဖြစ်ပါတော့သည်။
နောက် အရှင်တပါးကတော့ ကပ်ရောဂါပျံ့ပွားချိန်၌ ကယ်လီဖိုးနီးယားနှင့် ဖလော်ရီဒါတို့တွင် ကမ္မဋ္ဌာန်းပြသရန် ပင့်ဖိတ်ခြင်းခံရသော ချက်ခ်ရဟန်းတော် အရှင်သရဏ ဖြစ်ပါသည်။ သူ၏ဗမာတပည့် အများစုမှာ ဆေးဘက်ဆိုင်ရာ ဆရာဝန်များ ဖြစ်ကြပြီး ထိုထဲမှ တချို့သည် ကိုဗစ်-၁၉ တိုက်ဖျက်ရေးတွင် အရေးပါသော ကဏ္ဍမှ ပါဝင်ကြရသူများ ဖြစ်ကြသည်။ ထို့အတွက်ကြောင့် အခြားသောနေရာမှ ရောဂါပျံ့မလာသေးမီ တရားစခန်းတလျှောက် ကျန်းမားရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများမှာ အလိုလို တင်းကျပ်ထားပြီးသားဖြစ်နေသည်။ ရန်ကုန်သို့ လေယာဉ်ဆိုက်ချိန်၌ တိုင်းပြည်တွင်းသို့ နိုင်ငံခြားသားများကို ဝင်ခွင့်မပြုတော့သည့်အချိန်ဖြစ်သည့်အလျောက် ဦးသရဏသည် ရန်ကုန်ကျောင်းသို့ ပြန်လည်ရောက်ရှိလာဖို့ အတော်လေး စွန့်စားခဲ့ရသည်။ ဟာသနှော၍ ပြောပြသော သပွတ်အူတမျှ ရှုပ်ထွေးလှတဲ့ အခက်အခဲကို ကျော်လွှားပြီးနောက် ပြည်ဝင်ခွင့်ရရှိခဲ့သည်။ ဒါပေမဲ့ ဘုန်းကြီးကျောင်းတကျောင်း၏ ရောဂါပျံ့ပွားမှု ထိန်းချုပ်ရန် ကန့်သတ်ထားရှိသည့် အဆောင်တွင် အရင်ဆုံး ၂ပတ် နေထိုင်ဖို့လိုအပ်သည်။ ဘယ်အချိန်မှာ ဘာလုပ်မယ်ဆိုတဲ့ လုပ်ကိုင်နေကျ ဝတ္တရားများနှင့် ကင်းကွာပြီး အမိန့်အရ သီးသန့် ခွဲထားခြင်းခံရသော ထိုအချိန်ကို ကောင်းကောင်း အသုံးချပြီး နေနေရတဲ့ ကိုယ်ပိုင်ဘဝ၏ အခွင့်အရေးကို အတော်လေး သဘောကျကြောင်း ဆိုပါသည်။ ထို့ကြောင့် ပုံမှန်သင်ကြားရေး တာဝန်များ ပြန်မစခင် မိမိဆန္ဒအလျောက် နောက်ထပ် ၂ပတ်တိုးကာ ကန့်သတ် နေထိုင်ခဲ့သည်။ အခုချိန်မှာတော့ ကပ်ရောဂါကာလကို အသုံးချပြီး ပို၍နက်ရှိုင်းသော ကမ္မဋ္ဌာန်း အားထုတ်မှုနှင့် မိမိ၏ကျောင်းတွင် နေထိုင်ကြသော နိုင်ငံခြားသားယောဂီများကိုလည်း စောင့်ရှောက်ကွပ်ကဲနေပါသည်။
ထို့နောက် ကူးစက်ကပ်ရောဂါကြောင့် ရန်ကုန် မဟာစည်ကျောင်းမှ ထွက်ခွာလာခဲ့ပြီး ရန်ကုန်မြောက်ပိုင်း ကျေးတောရွာကျောင်းတွင် သီတင်းသုံးခွင့်ရထားသော ပိုလန်ရဟန်းတော် အရှင်ပဘဿရကို မေးမြန်းထားပါသည်။ သီတင်းသုံးရန် ကမ်းလှမ်းမှုရသော ထိုနေရာတွင် တရားကျင့်ကြံဖို့ရာ ပြည့်စုံသော အခြေအနေများအတွက် ဝမ်းသာကြောင်းဆိုပါသည်။ ဒါပေမဲ့ အဲဒီမှာ ရက်တိုးပြီး တရားအားထုတ်ဖို့ စီစဉ်ခိုက် မိမိတွင် ဗီဇာသက်တမ်း အလုံအလောက် မရှိတော့ကြောင်း လေ့လာမိသည်။ အစိုးရလုပ်ငန်းများလည်း ရပ်ဆိုင်းထားသောကြောင့် အသစ်ထပ် လျှောက်ခွင့်လည်းမရှိ ဖြစ်သည်။ ထို့ကြောင့် ချမ်းမြေ့သာယာတဲ့ကျောင်းလေးမှ ထိုင်းနိုင်ငံသို့ထွက်ခွါဖို့ ဖြစ်ခဲ့သည်။ ကျောင်းကနေ ထွက်လာရသည်ကို စိတ်ပျက်ခဲ့သော်လည်း ဒါကို အစပြုပြီး အိမ်ငှားဘဝနဲ့ ဗုဒ္ဓဘာသာဝင်တဦး၏ မတည်ငြိမ်မှုနှင့် အားကိုးလောက်စရာမရှိမှုတို့ကို ပုံဖော်ပြောပြခဲ့သည်။ အစပိုင်းတွင် တရားထိုင်ခြင်း၊ စင်္ကြံလျှောက်ခြင်းများဖြင့် ကျင့်ကြံဖို့ အားခဲထားခဲ့ပြီး အခု တကယ်တမ်း လက်တွေ့ကျင့်စဉ်မှာတော့ လက်ရှိကာလ ဖြစ်တည်မှုကို လက်ခံလိုက်ခြင်းနှင့် မိမိစိတ်ကို တည်ငြိမ်အောင် စောင့်ရှောက်ကာ အခုလို မျှော်လင့်မထားတဲ့ မလိုလားသော ကံအားလျော်စွာ ဖြစ်တည်မှုများကို ရင်ဆိုင်လိုက်ခြင်းပဲ ဖြစ်ပါသည်။ အလားတူပဲ ယောဂီများကို အားပေးတာကတော့ မိမိတို့ကိုယ်ပိုင်ဥစ္စာဖြစ်သော မတည်မြဲမှုကို ကျော်လွှားဖို့ ကူးစက်ကပ်ရောဂါကို အခွင့်အရေးတရပ်အနေနဲ့ အသုံးချပြီး မမြဲခြင်းသဘာတရားကို နားလည်ဖို့ ပိုပြီး လေးလေးနက်နက် အားထုတ်သင့်ကြောင်း တိုက်တွန်းပါသည်။
စတုတ္ထမြောက် အရှင်မှာ ကပ်ရောဂါစတင်ပျံ့ပွားချိန် အပြည်ပြည်ဆိုင်ရာ ထေရဝါဒ သာသနာပြု တက္ကသိုလ်(ITBMU)တွင် နောက်ဆုံးစာမေးပွဲများ ဖြေဆိုနေသူ ဂျာမန်ရဟန်းတော် အရှင်ဓမ္မောသဓ ဖြစ်ပါသည်။ အရှင် ရေးသားထားသော သူ၏အကျပ်အတည်းကို ဖော်ပြထားသည့် ဆောင်းပါးရှည်မှာ ကျနော်တို့ ဘလော့တွင် ဖတ်ရှုသူ အများဆုံးရသော စာများထဲကတပုဒ်လည်းဖြစ်ပြီး Myanmar Now! တွင်လည်း ဗမာဘာသာပြန်အဖြစ် ထုတ််ဝေထားပါသည်။ ထိုစဉ်က ဦးဓမ္မောသဓသည် တရားကျင့်ကြံဖို့ စတင်တော့မည်ဖြစ်ရာ ကျနော်တို့၏ မေးမြန်းခန်းအတွက် အချိန်ပြည့်မပေးနိုင်တော့ပါ၊ ဒါပေမဲ့ လက်ကိုင်ဖုန်းကို လုံးဝပိတ်လိုက်ပြီး ကမ္မဋ္ဌာန်းအားထုတ်မှုများ မစသေးခင် ထိုဆောင်းပါးကို လှိုက်လှိုက်လှဲလှဲ အသံကျယ်ကျယ်ဖြင့် ဖတ်ပြခဲ့ပါသည်။ ကူးစက်ရောဂါပိုးထက် ဗမာဆေးရုံများ၏ သန့်ရှင်းရေး အခြေအနေကို တော်တော်လေး စိုးရိမ်စိတ်ပိုကြောင်း၊ အကယ်၍ ပိုးစတင်ကူးစက်ပါက မြန်မာပြည်ကြီး ကပ်ဘေးသင့်မည့် အပျက်ကို အလွန်ကြောက်ရွံ့ကြောင်း ထိုဆောင်းပါတွင် ဖော်ပြထားပါသည်။ ထို့နောက် ဦးဓမ္မောသဓ တက်ရောက်နေသည့် ITBMU တက္ကသိုလ်မှာ စတင်ပိတ်လိုက်ရတော့မည်ဖြစ်ကာ ကျောင်းသည် နိုင်ငံခြားသားများကိုလည်း လက်ခံမထားတော့သောကြောင့် မဟာစည်ရိပ်သာသို့ ပြောင်းခဲ့ရသည်။ ထိုမှတဆင့် လက်ရှိ သီတင်းသုံးရာ မှော်ဘီကျောင်းဆရာတော်ကြီး၏ သီတင်းသုံးဖို့ရန် ခွင့်ပြုချက်မရမီအထိ မိမိကို လက်ခံမည့် အခြားနေရာ ရှာဖွေဖို့ မစွမ်းနိုင်ဖြစ်ခဲ့သည်။
နောက်ဆုံး ကျနော်တို့ အစီအစဉ်လေးကို မုဒိတာဖောင်တေးရှင်း တည်ထောင်သူ ဂျာမန်ရဟန်းတော် အရှင်မောက္ခိတနှင့် အဆုံးသတ်ထားပါသည်။ ဒီကုသိုလ်ပြုအဖွဲ့အစည်းသည် စစ်ကိုင်းတောင်ရိုးနှင့်အင်းလေးကန်ရှိ ဆေးခန်းများ၊ ဂေဟစနစ်ခြံများနှင့် ဆက်စပ်မှုရှိသော ဘုန်းတော်ကြီး ပညာသင်ကျောင်း ၂ ကျောင်းကို ထောက်ပံ့လျက်ရှိသည်။ ထိုကျောင်းများတွင် အများစုမှာ မိဘမဲ့လေးများနှင့် ကရင်၊ ကချင်စသည့် တိုင်းရင်းသား လူအနည်းစုအပေါ် ကြီးမားတဲ့ ကောင်းကျိုးများစွာ ဆောင်ရွက်ပေးနေပါသည်။ ဒီနေရာတွေမှာ လက်လှုပ်မှ ပါးစပ်လှုပ်ရမည့်သူတွေ ဘယ်လောက်များကြောင်း၊ အပြင်မထွက်ရ အမိန့်ကြောင့် အလုပ်အကိုင် အခွင့်အလမ်းများမဲ့လာပြီး မလိုလားတဲ့ အကျိုးဆက်တွေ ရှိနေသောကြောင့် သူ၏အဖွဲ့အစည်းမှနေပြီး ဒေသခံမိသားစု ၁၀၀ ခန့်ကို ကျွေးမွေးဖို့အတွက် ရန်ပုံငွေရှာဖွေဖို့ ဖြစ်လာကြောင်း ပြောပြပါသည်။ တချိန်တည်းမှာပဲ အရှင်မောက္ခိတသည် ကူးစက်ကပ်ရောဂါဘေးမှ အပြုသဘောဆောင်တဲ့ အကျိုးဆက်များကိုလည်း တအံ့တဩ တွေ့မြင်ရကြောင်း ပြောပါသည်။ ပထမအချက်ကတော့ နိုင်ငံခြားသား စေတနာ့ဝန်ထမ်းများနှင့် ဒေသခံရွာသားများအကြား ရင်းနှီးမှုခိုင်မာလာခြင်းဖြစ်ပြီး ဒုတိယအနေနဲ့ သူတို့၏ ကျောင်းသားအများစုအတွက် အဝေးသင်ပညာရေး အလားအလာကို ဖွင့်လှစ်ခဲ့လိုက်နိုင်ကြောင်း ပြောပြပါသည်။ ခြုံပြောရလျှင် ဒေသခံရွာသားများနှင့်အတူ သူတို့တွေ့ကြုံရသော အနှေးနှင့်အမြန် ကျရောက်လာမဲ့ သဘာဝတရား၏ အစိတ်အပိုင်းဖြစ်တဲ့ သေခြင်းတရားမှ နက်နဲလှသော ဓမ္မအသိဉာဏ်ကို ရရှိခဲ့ပါသည်။ သေခြင်းတရားကို လက်ခံခြင်းသည်ပင် ဒုက္ခကို အခြေခံအားဖြင့် နားလည်သဘောပေါက်ခြင်း ဖြစ်သည်။ ၂၀၂၁ မေလတွင် ပြုလုပ်ထားသော အရှင်မောက္ခိတ၏ နောက်ဆက်တွဲ မေးမြန်းခန်းကို နားဆင်လိုပါက ဒီမှာ နားဆင်နိုင်ပါပြီ။ ထိုတွင် စစ်တပ်မှ အာဏာသိမ်းပြီးနောက် ဘုန်းတော်ကြီး ပညာသင်ကျောင်းများ မီးရှို့ဖျက်ဆီးခံရပုံကို ပြောပြထားပါသည်။
ပံ့ပိုးမှုအတွက် တောင်းဆိုခြင်း - Insight Myanmar podcast စတင်ဖို့အတွက် ခွင့်ပြုခဲ့တဲ့ ကနဦး ရန်ပုံငွေများသည် မျှော်လင့်တာထက်ပိုမိုရရှိခဲ့ပြီး တတ်နိုင်သမျှ အကောင်းဆုံး ကျယ်ကျယ်ပြန့်ပြန့် အသုံးချခဲ့ပါသည်။ ကံမကောင်းစွာဘဲ ရက်ရက်ရောရော မတည်ထားတဲ့ အလှူများသည် ထုတ်လုပ်မှု အကျိုးဖြစ်ထွန်းရေးအတွက် လိုအပ်ချက်နှင့် ဒီကိုင်တွယ်ရမလွယ်တဲ့ ကျန်းမာရေး အကျပ်အတည်းကာလမှာ ယောဂီများဖွင့်ဟလာတဲ့ ဗမာဘုန်းကြီးကျောင်းနဲ့ တရားရိပ်သာများ၏ စိုးရိမ်ဖွယ်အခြေအနေတို့အတွက် ခန့်မှန််းတွက်ဆ မထားခဲ့မိပါ။ အသံလွှင့်ခြင်းဆိုင်ရာ ပါဝင်သူ အားလုံးနီးပါးသည် စေတနာ့ဝန်ထမ်းများ ဖြစ်ကြပြီး အနည်းစုကတော့ သူတို့၏ ဆိုင်ရာကျွမ်းကျင်လုပ်အားခအတွက် ၅၀% ထက်ပိုများသော လျှော့ကြေးများဖြင့် ပါဝင်ကြသော ယောဂီများဖြစ်ပါသည်။ မည်သို့ဆိုစေ အပိုင်းတပိုင်း ထုတ်လုပ်နိုင်ဖို့ အနည်းဆုံး ဒေါ်လာငွေရာနဲ့ချီပြီး သုံးစရာမလိုတဲ့နည်းလမ်း မရှိသေးပါဘူး။ ဒါကြောင့် မိတ်ဆွေအနေနဲ့ အကြောင်းအရာ အသစ်တွေကို ထောက်ပြတဲ့ အသံဖိုင်များကို နားဆင်လိုသည် ဖြစ်စေ၊ သူတပါး နားဆင်ဖို့ လက်လှမ်းမီအောင် ကူညီလိုသည်ဖြစ်စေ ကျေးဇူးပြုပြီး ပါဝင် လှူဒါန်းဖို့ စဉ်းစားပါ ခင်ဗျာ။
ပံ့ပိုးမှုအတွက် ကျေးဇူးတင်ပါသည်။ လုံခြုံစွာနေပါ။ ကျန်းမာပါစေ။
ကျွန်တော်တို့၏ အလုပ်များကို ထောက်ပံ့လိုပါလျှင် ကျွန်တော်တို့က မိတ်ဆွေတို့၏ လှူဒါန်းမှုကို ကြိုဆိုပါတယ် ခင်ဗျာ။
Patreon မှတဆင့် ဒါနပြုလိုပါက https://www.patreon.com/insightmyanmar
Paypal မှတဆင့် ဒါနပြုလိုပါက www.paypal.me/insightmyanmar
Credit Card မှတဆင့် ဒါနပြုလိုပါက www.insightmyanmar.org/donation
လက်ရှိ မြန်မာပြည်မှာရှိနေပြီး ငွေသားလှူဒါန်းလိုပါက ကျွန်တော်တို့ကို ဆက်သွယ်နိုင်ပါတယ် ခင်ဗျာ။