စိတ်ပိုင်းဆိုင်ရာပေးဆပ်ရမှု

ခေါင်းကြီးပိုင်းသတင်းတွေထဲ ကျွန်တော်တို့ မျောပါကြရင်း တခါတရံမှာ လူ့အသက်ဆုံးရှုံးမှုတွေကို ဖာသိဖာသာမြင်လာမိတတ်ကြပါတယ်။ ကျွန်တော် သူရိန်နဲ့ အင်တာဗျူးလုပ်ရင်း ထိုရှင်သန်ကျန်ရစ်သူတွေမှာ ထင်ကျန်ခဲ့တဲ့ စိတ်ပိုင်းဆိုင်ရာပေးဆပ်ရမှုတွေကို အတော်လေးလှစ်ဟမြင်ရတဲ့အထိ ပြောဖြစ်ခဲ့ကြပါတယ်။ အဓိပ္ပာယ်မဲ့ ပျက်ဆီးထိခိုက်မှုတွေဟာ အခုဆိုရင် လေးလအတွင်းကို ချဉ်းနင်းဝင်ရောက်လို့လာပါပြီ။ သူရိန့်လိုလူတွေအားလုံး လွတ်လပ်မှုရဲ့အရသာကို အမြန်ဆုံးပြန်လည်ရရှိကြဖို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်။ သူရိန့်အကြောင်းကို ပိုသိချင်ရင် Mother Jonesမှာ တင်ဆက်ထားတဲ့ သူ့အကြောင်းကို သွားရောက်ဖတ်ရှုနိုင်ပါတယ်။

ကျွန်တော်တို့ ကောင်းကောင်းအိပ်မပျော်ဘူး။ စားလို့လည်းမဝင်ဘူး။ မြင်မြင်သမျှအရာအားလုံးက ပျက်စီးခြင်းအဆုံးသတ်ကိုရောက်နေသလို မြင်နေရတယ်။
— သူရိန်

တင်ဆက်သူ ။  ။ အာဏာသိမ်းပြီးစ တစ်ပတ်နှစ်ပတ်တာကာလအတွင်း လက်တွေ့ပစ္စုပ္ပန်အသစ်ကို ဘယ်လိုတုန့်ပြန်ရမလဲ စဉ်းစားနေဆဲအချိန်မှာ ခင်ဗျားဘာတွေတွေးနေခဲ့ပြီး ဘာတွေလုပ်နေခဲ့လဲ။

သူရိန် ။ ။ မျှော်လင့်ချက်မဲ့မှု၊ စိတ်ပျက်မှု။ အနာဂါတ်ပျောက်သွားပြီး အပြင်မှာအရာရာမှောင်မိုက်နေသလိုမျိုး ခံစားခဲ့ရပါတယ်။ ကျွန်တော်တို့စိတ်ထဲမှာ “မြန်မာပြည်သူတွေရဲ့ အနာဂါတ်တွေကို ဘယ်လိုတွေတောင် သတ်ဖြတ်လိုက်ရဲတဲ့လူတွေပါလိမ့်!?”လို့ခံစားရတယ်။ ဘာကြောင့်လဲဆိုတော့ လူတွေအားလုံး တိုင်းပြည်အတွက်၊ မိမိတို့ကိုယ်တိုင်အတွက် တက်တက်ကြွကြွနဲ့ အားလုံးက အစွမ်းကုန်ကြိုးစားနေခဲ့ကြတာလေ။ ကျွန်တော်တို့ဟာ ပတ်ဝန်းကျင်မှာရော ကမ္ဘာတခွင်မှာပါ အရမ်းကို နောက်ကျကျန်နေတယ်။ အဆင်းရဲဆုံးနိုင်ငံတွေထဲမှာ ကျွန်တော်တို့နိုင်ငံဟာ အပါအဝင်ဖြစ်နေတယ်။ ဒါကြောင့် ကျွန်တော်တို့ဟာ ပွင့်လင်းမြင်သာပြီး ဒီမိုကရေစီစတင်ဖော်ဆောင်နေတဲ့ကာလတွေမှာ အရမ်းကိုကြိုးစားနေခဲ့ကြတာကို ဒီလိုလုပ်လိုက်တာကတော့ တကယ့်ကိုရက်စက်လွန်းပါတယ်။ ကျွန်တော်အဲဒီလိုပဲမြင်တယ်။

တင်ဆက်သူ ။  ။ဒီလိုဆိုရင် ကြည့်ရတာ အဲဒီအချိန်တုန်းက ခင်ဗျားစိတ်ဓာတ်ကျသလိုဖြစ်နေခဲ့ပုံပဲ။ ဟုတ်လား။

သူရိန် ။  ။ ဟုတ်တယ်။ ကျွန်တော်တစ်ယောက်ထဲတော့ မဟုတ်ဘူး။ ကျွန်တော်သိသမျှ ကျွန်တော့်မိတ်ဆွေတွေလည်း ဒီလိုပဲခံစားခဲ့ရတာပဲ။

တင်ဆက်သူ ။  ။ ဒီတော့ ခင်ဗျားတို့ စိတ်ဓာတ်ကျနေတဲ့ အဲဒီအချိန်မှာ တစ်ခုခုများလုပ်နေခဲ့သလား၊ ခင်ဗျားတို့ တက်ကြွလှုပ်ရှားခဲ့သေးလား။ ဒီစိတ်ပျက်စရာ အခြေအနေကနေလွတ်မြောက်ဖို့ နှစ်သိမ့်ဆွေးနွေးမှုတွေခံယူတာ၊ ရင်ဖွင့်ပြောဆိုပြီး စိတ်ဓာတ်ကျဆင်းမှုကို ကုစားတာမျိုးတွေလုပ်ဖို့ ကြိုးပမ်းခဲ့သေးလား။

သူရိန် ။  ။ ကျွန်တော်တို့ ဒီအတိုင်း ငုတ်တုတ်ကြီးကို စိတ်ဓာတ်ကျနေခဲ့တာပါပဲ။ ‘သေပြီလေ၊ အရာအားလုံး ရေစုန်မျောပြီ။’ အဲ့ဒီအတိုင်းပဲ ကျွန်တော်တို့ခံစားခဲ့ရတယ်။ ဒါပေမယ့် တစ်ချိန်တည်းမှာပဲ ကျွန်တော်တို့ စိတ်အားထက်သန်လာတယ်၊ တစ်ခုခုလုပ်မှဖြစ်မယ်လို့ ကျွန်တော်တို့တွေ ပြန်တုန့်ပြန်ချင်လာတယ်။ ဒီတစ်ခါတော့ နောက်ဆုံးတိုက်ပွဲဖြစ်ရမယ်လို့ ကျွန်တော်တို့တတွေ လုံးဝစိတ်ပိုင်းဖြတ်ထားတယ်။ ဒီတစ်ခါ နောက်ဆုံးတိုက်ပွဲပဲဖြစ်ရမယ်။ ဒီလိုမှမဟုတ်ဘူးဆိုရင် ကျွန်တော်တို့ သားတွေသမီးတွေလက်ထက်မှာ ဆန္ဒပြကြရဦးမယ့် အခြေအနေကို လက်ဆင့်ကမ်းပေးရလိမ့်မယ်။ ဒီအဖြစ်မျိုးတော့ ကျွန်တော်အဖြစ်မခံချင်ဘူး။

တင်ဆက်သူ ။  ။ အာဏာသိမ်းမှုအပေါ် ခင်ဗျားဒီလို တစ်ခုခုတုန့်ပြန်ရမယ်ဆိုတဲ့ ဆုံးဖြတ်ချက်က ဘယ်အချိန်မှာ ချဖြစ်ခဲ့သလဲ။ ဖေဖော်ဝါရီ ၁ရက်နေ့မှာပဲ စိတ်ပိုင်းဖြတ်ဖြစ်ခဲ့လား။

သူရိန် ။  ။ သေချာတာပေါ့။ ကျွန်တော်တို့ ကောင်းကောင်းအိပ်မပျော်ဘူး။ စားလို့လည်းမဝင်ဘူး။ မြင်မြင်သမျှအရာအားလုံးက ပျက်စီးခြင်းအဆုံးသတ်ကိုရောက်နေသလို မြင်နေရတယ်။ ဘဝမှာ စိမ်းစိုနေတာကိုမြင်ရတာတောင်၊ ဥပမာ အပြင်ဖက်က သစ်ပင်စိမ်းစိုမှုကိုမြင်ရတာတောင် ကျွန်တော်တို့ ခံစားချက်ထဲမှာ ညှိုးနွမ်းခြောက်သွေ့နေတယ်လို့မြင်တယ်။ အရာရာဟာ မှောင်မိုက်နေတယ်။ ကျွန်တော်တို့ ဘဝထဲကို အလင်းတစ်ချို့ သယ်ယူလာချင်တယ်။ ကျွန်တော်တို့ တစ်သက်တာမှာ ရှင်းလင်းတဲ့အနာဂါတ်ကို မြင်ချင်တယ်။

Shwe Lan Ga LayComment