CDM လုပ်သားတစ်ဦး၏ ဆန္ဒပြခြင်းနှင့် ရှင်သန်ရပ်တည်ခြင်း ပြောပြချက်ဇာတ်လမ်းတစ်ပုဒ်

လှူဒါန်းခြင်းသည် အမည်မဖေါ်ဘဲပြုလုပ်လိုက်သော ကြင်နာမှုလုပ်ရပ်တစ်ခုအဖြစ်မြင်နိုင်ပါသည်။ တစ်ခါတစ်ရံတွင်တော့ သင်၏အလှူငွေများ မည်သည့်နေရာတွင် ရောက်ရှိနေကြောင်းနှင့် သင်ကူညီရန် ကြိုးစားနေသူများကို မည်သည့်အကျိုးကျေးဇူးများ ရရှိသွားစေသည်ကို သင်သိချင်မိနိုင်သည်။ ထို့ကြောင့် အောက်ပါတို့ကဲ့သို့သော ဆွေးနွေးမှုများသည်အလွန်အရေးကြီးသည်။ သင်၏ အလှူငွေများသည် ဒေသတစ်ခုမှဌာနတစ်ခု (လုံခြုံမှုအတွက်ဤနေရာတွင်ဖော်ပြရန်မဖြစ်နိုင်)ရှိ ၀န်ထမ်းများအား ထောက်ပံ့ခြင်းဖြစ်ပါသည်။ ဤဌာန၏ဒုတိယအရာရှိက သူမ CDM တွင်ပါဝင်ရခြင်းအကြောင်းရင်း၊ ရင်ဆိုင်ခဲ့ရသောအခက်အခဲများနှင့်စိန်ခေါ်မှုများ၊ လှုပ်ရှားမှုအပေါ်ထားရှိသောကတိကဝတ်များအကြောင်းနှင့် သူမနှင့်သူမလုပ်ဖော်ကိုင်ဖက်များကို  ငြိမ်းချန်းစွာဆန္ဒပြမှုအား ဆက်လက်လုပ်ဆောင်နိုင်ရန် သင်၏လှူဒါန်းမှုသည် တစ်ခုတည်းသောအကြောင်းဖြစ်ကြောင်းတို့ကို ပြောပြပါသည်။

ကျေးဇူးတင်ပါတယ်! ကျေးဇူးပြုပြီး လှူဒါန်းခြင်းကို စဉ်းစားပါ။ သို့မှသာ သူမကဲ့သို့သော သတ္တိရှိသောလုပ်သားများကို ကျွန်တော်တို့ဆက်လက်ထောက်ပံ့နိုင်မည်ဖြစ်ပါသည်။ 

(၁) နာမည်ဘယ်လိုခေါ်လဲ။ ကျေးဇူးပြု၍ မိတ်ဆက်ပေးပါ။

ကျမနာမည် xxxx ဖြစ်ပြီး ကျမရာထူးကဒုတိယအရာရှိဖြစ်ပါတယ်။  xxxx ဌာနအတွက် အလုပ်လုပ်နေပါတယ်။ ကျမတို့ဌာနမှာ ဌာနခွဲနှစ်ခုရှိပါတယ်၊ တခုက ဝန်ကြီးများအတွက် အလုပ်လုပ်ပေးတဲ့အစိုးရရုံးနဲ့ စီမံခန့်ခွဲရေးရုံးတို့ ဖြစ်ပါတယ်။

(၂) သင် CDM ကိုဘယ်အချိန်မှာစခဲ့တာလဲ။

ဖေဖော်ဝါရီ ၁ ရက်နေ့မှာအာဏာသိမ်းတယ်။ ကျမတို့ အဲဒီနေ့ ရုံးကိုမသွားကြဘူး။ ဒုတိယနေ့မှာ ရုံးကိုအတင်းတက်ခိုင်းတယ်။ အဲဒီနောက် ဖေဖော်ဝါရီ ၂ ရက်နှင့် ၃ ရက်တို့မှာ ရုံးတက်ခဲ့ပြီး ၄ ရက်နေ့မှာ လူတွေသပိတ်မှောက်ရန် စတင်စုရုံးခဲ့ကြတယ်။ တရားဝင်ဆန္ဒပြမှုကြီးက ၈ ရက်နေ့မှာ စတင်ခဲ့တယ်။ ၈ ရက်နေ့ နောက်ပိုင်းမှာ ယူနီဖောင်းဝတ်ပြီး ရုံးကိုသွားဖို့ အန္တရာယ်ရှိလာတဲ့အတွက် သူတို့က ကျွန်မတို့ကို ယူနီဖောင်းမဝတ်ဘဲလာဖို့ ပြောတယ်။

ကျမတော့နားမလည်ဘူး၊ ဘာဖြစ်လို့ငါတို့ယူနီဖောင်းမဝတ်ရတာလဲ။ ကျမတို့ဟာအစိုးရ၀န်ထမ်းတွေဖြစ်ပြီး ကိုယ့်အလုပ်ကိုကိုယ် အမြဲဂုဏ်ယူခဲ့ကြပါတယ်။ ရုံးကိုယူနီဖောင်းဝတ်လို့မရဘူးလို့ ဆိုတော့ ကျမ တော်တော်လေး စိတ်မကောင်းဖြစ်သွားမိပါတယ်။

အငြိမ်းစားရဲအရာရှိကို ဒေသဆိုင်ရာစစ်ကောင်စီမှာ ကျမတို့ရဲ့ အထက်အရာရှိ အဖြစ်ခန့်အပ်လိုက်တယ်။ သူကအစည်းအဝေးတွေခေါ်ပြီးရှင်းပြတယ်။ ဒီစစ်ကောင်စီအရာရှိတွေ ကြိုဆိုပွဲကို ကျမရဲ့တာ၀န် တခုအနေဖြင့် ပြင်ဆင်ပေးရတဲ့အခါ ကျမအလွန်စိတ်မချမ်းသာဖြစ်မိပါတယ်။ ငါသူတို့အတွက် အလုပ်မလုပ်နိုင်ဘူးလို့စဥ်းစားမိတယ်။ သူတို့ကအစည်းအဝေးမှာ ဆန္ဒပြသူတွေကိုသတ်ဖို့စီစဉ်ထားတယ်။ ကျမ အရမ်းလည်းဝမ်းနည်းတယ်၊ စိတ်လဲအရမ်းညစ်ခဲ့တယ်။

သူတို့က အငယ်တန်း၀န်ထမ်းတွေကို လုပ်ခိုင်းတယ်။ ဒါပေမဲ့ ကျမကိုနောက်ပိုင်းမှာ တာဝန်ပေးလာမှာပါဘဲ။ ကျမဘယ်လိုမှ လုပ်မပေးနိုင်ဘူး။ ဒီတော့ ၁၁ ရက်နေ့ကစပြီး ခွင့်တင်ခဲ့တယ်။ အဲဒီနောက်ရုံးထဲမှာ ကျမသပိတ်မှောက် ရုံးမလာတော့ဘူးဆိုတာသတိထားမိလာတယ်။ CDM လှုပ်ရှားမှုမှာပါ၀င်ဖို့ အငယ်တန်း၀န်ထမ်းတွေက ကျမကိုဆက်သွယ်လာတယ်။ ကျမခေါင်းဆောင်မဟုတ်ဘူး၊ ဒီကိစ္စဟာကိုယ်ရေးကိုယ်တာ ရွေးချယ်မှုသာဖြစ်တယ်၊ ငါ SAC မှာအမှုမထမ်းချင်တော့လို့လို့ သူတို့ကိုရှင်းပြခဲ့တယ်။ ၁၁ ရက်နေ့မှာ ကျမတို့ ဒီလှုပ်ရှားမှုကိုရပ်တည်မယ်လို့ လူသိရှင်ကြား ကြေငြာလိုက်ပြီး CDM အဖွဲ့အုပ်စုအနေနဲ့ ဓာတ်ပုံရိုက်ပြီးဖေ့စ်ဘုတ်မှာတင်တယ်၊ CDM ပါ၀င် ကြောင်းလဲကြေငြာခဲ့တယ်။ 

(၃) CDM ၀န်ထမ်းအရေအတွက် 

 ပထမဆုံးနေ့မှာ CDM ၀န်ထမ်း ၆၀ ရှိပါတယ်။ နောက်ပိုင်း ဖိနှိပ်ဖမ်းဆီးမှုများ၊ မိသားစု၀င်များကို ခြိမ်းခြောက်မှုများကြောင့် ၀န်ထမ်း ၂၀ ခန့် ရုံးပြန်ဆင်းခဲ့ကြရတယ်။ အခုတော့ အဖွဲ့ထဲမှာ ၃၉ ယောက်ဘဲကျန်တော့တယ်။ နောက်ပိုင်း CDM မှာပူးပေါင်းတဲ့ နောက်ထပ် ၅ ယောက်လည်းရှိပါတယ်။ ခရိုင်အဆင့်မှာ လူနှစ်ယောက်ပါ၀င်ပြီး၊ နောက်ဆုံးမှာတော့ xxxx ဒေသမှာလူ ၄၅ ယောက်ရှိလာတယ်။ ဆက်လက်ပြီးလည်း လာရောက်ပူးပေါင်းနေကြပါတယ်။ အများအားဖြင့် အစမှာခွင့်ယူပြီးနောက်ပိုင်းမှာ CDM ကိုကြေငြာကြတယ်။

(၄) SAC အုပ်ချုပ်ရေးအပေါ် CDM အစိုးရ၀န်ထမ်းများ၏ သက်ရောက်မှုကဘာလဲ။

ကျမ ဌာနက  xxxx ဖြစ်ပါတယ်။ ၀န်ထမ်း ၁၀ ယောက်ဘဲရှိတယ်။ ၆ ယောက်က စီဒီအမ်၊ ၃ယောက်ဘဲ ရုံးမှာကျန်တော့တယ်။ အဲဒါကြောင့် ဌာနတစ်ခုလုံး ရပ်တန့်လုနီးပါးဖြစ်သွားခဲ့ပါတယ်။ ကျမက တာ၀န်ခံအရာ ရှိဖြစ်ပြီး ကျန်တာ အငယ်တန်း၀န်ထမ်းများဖြစ်တော့ သူတို့ ဘယ်လုပ်ငန်းကိုမှ ထိထိရောက်ရောက် မဆောင်ရွက်နိုင်တော့ဘူး။ ဌာနတစ်ခုလုံးရပ်တန့်သွားတယ်။ ဘာမှလုပ်မရတော့တဲ့အတွက် SAC က အသင်းအသစ်တစ်ခုကို ထပ်ဖွဲ့ရတယ်။ အခြားစီမံခန့်ခွဲရေးဆိုင်ရာ လုပ်ဆောင်ချက်များလည်း ရပ်တန့်သွားတယ်။ ဆန္ဒပြမှုတွေများလာလေ သူတို့ကတိုက်ခိုက်စီးနင်းတာတွေ ပိုလုပ်လာလေဆိုတော့ ၀န်ထမ်းတွေရုံးကိုသွားဖို့ကြောက်လာကြတယ်။ 

ကျမတို့ဌာနက အစားထိုးဘို့ ခက်ခဲတယ်။ ကျမ ဒီဖီလ်းမှာ ၁၀ နှစ်အတွေ့အကြုံရှိပါပြီ။ ကျမ ဒီဖီလ်းဘဲသိပါတယ်။ ကျမအလုပ်လုပ်နေတဲ့နှစ်တွေအတွင်းမှာ အခြားအတွေ့အကြုံတွေရအောင် အခြားဌာနတွေဆီကို လှည့်ပေးပါလို့အစိုးရကိုတောင်းဆိုခဲ့ပါတယ်။ ဒါပေမဲ့ xxxx ဘာသာရပ်မှာ ကျွမ်းကျင်တဲ့ ၀န်ထမ်းက အလွန်ရှားပါးပါတယ်။ ၃ နှစ် စီးပွါးရေးစီမံချက်၊ ၅ နှစ် စီးပွါးရေးစီမံချက် တွေကိုကျမတို့လုပ်ရတယ်။ အလွန်တာဝန်ကြီးပါတယ်။ အဲဒါကြောင့်လဲ တခြားဌာန ၀န်ထမ်းတွေ xxxx ဌာနကို မ၀င်လိုကြတာပါ။ ဒါကြောင့်လဲကျမ ဒီ xxxx ဌာနမှာ ၁၀နှစ်နေခဲ့တာပါ။ အခုတော့ ဌာနက ရပ်လုနီးပါးဖြစ်နေပါပြီ။  SAC ဆက်ပြီး မရမ်း run နိုင်တော့လို့ ကျမတို့သွားပြီးနောက် ၀န်ထမ်းနှစ်ဦး နဲ့ဘဲ ပြန်လည်ဖွဲ့စည်းထားရပါတယ်။

(၅) ကျွန်တော်တို့ အစီအစဉ်က ဒေသတွင်းနဲ့နိုင်ငံတကာမိတ်ဆွေများမှ မြန်မာ CDM သူရဲကောင်းများအတွက် CDM အထောက်အပံ့ပေးရေးဖြစ်ပါတယ်။ သူတို့ကို ဘာများ ပြောချင်ပါသလဲ။

ဖေဖော်ဝါရီလ ၁၁ ရက်နေ့မှာကျမတို့ CDM ကို စတင်ခဲ့ပြီး ဖေဖော်ဝါရီလကုန်မှာ အလုပ်မှထုတ်ပယ်ခံခဲ့ရပါတယ်။ ဖေဖေါ်ဝါရီလကတည်းက လစာမရခဲ့ပါဘူး။  ကျမတို့ကလဲ SAC က လခ မယူလိုကြောင်း သဘောတူခဲ့ကြပါတယ်။ ဖေ့စ်ဘွတ်ခ်ပေါ်မှာတင်ပြီး SAC ၏လစာကိုကျမတို့ မယူဘူးဆိုတာ ကြေညာခဲ့ပါတယ်။ ပြည်သူ့အစိုးရဆီကသာ လခယူလိုပါတယ်။ ပထမလက ကျမအတွက် အိုကေနေပါသေးတယ်၊ မတ်လမှာလဲ လစာမရခဲ့ပါဘူး။ ဧပြီလမှာ အခုဒီအဖွဲ့ရဲ့ အလှူရှင်များထံမှ အကူအညီများ ရရှိခဲ့ပြီး၊ အငယ်တန်း၀န်ထမ်းများလဲ အထောက်အပံ့ရလို့ အလွန်ဝမ်းသာနေကြပါတယ်။

SAC က CDM ၀န်ထမ်းတွေကို စတင်ဖမ်းဆီးနေတယ်ဆိုတာကြားတဲ့နောက် ကျမတို့ ကိုယ့်အိမ်မှာတောင် ကိုယ်မနေရဲတော့ပါဘူး။ CDM ကို ပူးပေါင်းလာတဲ့ ၀န်ထမ်းအရေအတွက် တိုးမြင့်လာတာကြောင့် မီဒီယာများက ကျမတို့ရဲ့ ဆန္ဒပြမှုအကြောင်းကိုလည်း မီးမောင်းထိုးပြ လူသိများလာခဲ့ပါတယ်။ ကျမလဲအိမ်မှာ မအိပ်ဝံ့တော့တာနဲ့ ရွာမှာ သွားနေရပါတယ်။ အလှူရှင်တွေရဲ့ ထောက်ပံ့မှုဟာ ကျမတို့ အတွက် အရမ်း အထောက်အကူဖြစ်ခဲ့ပါတယ်။ ကျမတို့ ရွာတွေပြန်တဲ့အခါ ငွေကြေးအကူအညီလိုပါတယ်။

အလှူရှင်များရဲ့ အကူအညီအထောက်အပံ့များက CDM ရဲ့ အင်အားကိုပိုမို ကြီးမားအားကောင်း စေပါတယ်။ ကျမတို့ အရမ်းကြောက်လန့်နေပေမဲ့ လူထုနဲ့ရပ်ရွာရဲ့ထောက်ခံမှုအပြင် ကျမတို့ တခါမှမတွေ့ဖူးတဲ့ နိုင်ငံတကာအလှူရှင်တွေဆီကတောင်မှ ထောက်ခံမှုကိုရခဲ့တယ်။ သူတို့ကလဲကျမကိုမသိ၊ ကျမကလဲ သူတို့ကိုမသိ၊ ကျမရဲ့မိသားစု ဆက်လက်ရပ်တည်နိုင်အောင်၊ ကျမတို့တိုင်းပြည်ရဲ့ လွတ်လပ်ရေးအိပ်မက်ကို ဆက်လက်ရှင်သန်နိုင်အောင် အခုလို အကူအညီ ပေးတာကို ဘယ်လိုကျေးဇူးတင်ရမှန်းတောင် မသိတော့ဘူး။ ကျမတို့အရမ်းကိုပျော်ပါတယ်၊ ကျမတို့ ပြည်သူတွေ အမှောင်တိုက်ထဲမှာ မနေရအောင် သူစိမ်းတွေဆီကနေ ဒီလိုကြင်နာမှုတွေရတာကို ဘယ်လို စကားလုံးနဲ့မှ ဖော်ပြလို့ ရနိုင်မယ်မထင်ပါဘူး။

ကျမတို့မိသားစုအများစုက ကျမတို့ရဲ့ လစာအပေါ် မှီခိုနေရပါတယ်။ ကျမတို့မှာ အခြားဝင်ငွေလဲ မရှိတာကြောင့်အလှူရှင်များရဲ့ CDM ၀န်ထမ်းများကို ပေးတဲ့အကူအညီဟာ အလွန်အရေးကြီးပါတယ်။ ကျမတို့ရဲ့ ၀င်ငွေရပ်တန့်သွားတဲ့အခါ ကျမတို့မိသားစုတွေ ဆက်လက်ရပ်တည်နိုင်ဖို့ စိန်ခေါ်မှုကြီးတွေ ကြုံခဲ့ရတယ်။ ကျမတို့ အများကြီးမလိုအပ်ပါဘူး။ ကျမတို့ တိုင်းပြည်လွတ်လပ်ရေးရဘို့ ဘယ်လိုခက်ခဲတဲ့ အခြေအနေမျိုးမှာမဆို ရင်ဆိုင်နေထိုင်နိုင်ပါတယ်။ ဒါပေမယ့် အလှူရှင်တို့ အခုလို ကျမတို့ကို သတိရတဲ့အတွက်ကြောင့် ကျမတို့ ရှင်သန်ရပ်တည်နိုင်တာပါ။ တစ်ခါမှမတွေ့ဖူးဘူးတဲ့ နောင်လဲတွေ့ချင်မှ တွေ့ရမဲ့ အလှူရှင်များကို ကျေးဇူးတင်ပါတယ်၊ နောက်ထပ် ဘာပြောရမလဲတော့ ကျမမသိတော့ပါဘူး။