မေတ္တာ- ဂါထာမန္တာန်အသစ်

အာဏာသိမ်းမှုဖြစ်ပွားပြီးမကြာခင်ဘဲ ဂျာမနီနိုင်ငံမှာနေထိုင်တဲ့ မြန်မာလူမျိုး ဆရာလေး ဆန္ဒာဓိကဆီက အဆက်အသွယ်ရတာ ကျွန်တော်တို့ တကယ်ကံကောင်းပါတယ်။ ဆရာလေးနဲ့ အဆက်အသွယ်လုပ်ခဲ့တဲ့ ဖေဖော်ဝါရီလကစလို့ သူမရဲ့တိုင်းပြည်အခြေအနေဟာ အတော်လေး ပိုမိုဆိုးရွားလို့လာခဲ့ပါပြီ။ ဒါပေမယ့် ဆရာလေးရဲ့စကားတွေကတော့ အရင်ကလို အမြဲမှန်မြဲမှန်ဆဲပါပဲ။

အဆိုးရွားဆုံးအချိန်တွေ၊ ကျွန်တော်တို့လက်ရှိမြင်တွေ့နေရတဲ့ အကြမ်းဖက်ခံနေ့ရက်တွေမှာ မေတ္တာတရားကျင့်သုံးခြင်းကသာ သဘာဝအကျဆုံးဖြစ်ပါတယ်။ တရားအားထုတ်သူတွေအတွက် အဓိပ္ပာယ်ထုတ်ဖော်ဖို့ ခက်ရင်ခက်သလောက် ဒီပြစ်မှုတွေကို ကျူးလွန်နေသူတွေကို မေတ္တာပို့ခြင်းဟာ တန်ဖိုးတစ်ခုရှိလာပါတယ်။ ဆရာလေးကလည်း ဒီကိစ္စနဲ့ပတ်သက်ပြီး ဘာကြောင့် မေတ္တာတရားလိုအပ်သလဲဆိုတာကို ကျွန်တော်တို့ကို သတိပေးခဲ့ပါတယ်။

ဒီတစ်ကြိမ်မှာတော့ ဆရာလေးတို့ နည်းလမ်းပြောင်းသုံးဖို့လိုလာပြီလို့ထင်တယ်။ မေတ္တာတရားကလွဲလို့ တခြားနည်းလမ်းကောင်းကိုတော့ ဆရာလေး မမြင်ဘူး။
— ဆရာလေး ဆန္ဒာဓိက

“ဆရာလေး ပြန်သုံးသပ်ကြည့်တဲ့အခါ ဆရာလေးရဲ့တိုင်းပြည်ဟာ လှပတဲ့အရာတွေများစွာရှိသလို အရုပ်ဆိုးအကျည်းတန်တဲ့အရာတွေလည်း များစွာ အတူတကွရှိနေတယ်။

ဘာကြောင့်မှန်းမသိပေမယ့် ခုတလော ဒီပုံဥပမာတစ်ခုက ဆရာလေးစိတ်ထဲပေါ်လာတယ်။ ဒါပေမယ့် ဒါကို ဆရာလေးသုံးသပ်ဆင်ခြင်ကြည့်တိုင်းမှာ… ကိုင်း, ဆိုပါစို့ မြန်မာက သားနှစ်ယောက်ရှိတဲ့ သင့်မိသားစုတစ်ခုလိုမျိုး တင်စားကြည့်ရအောင်။ အကြီးဆုံးဖြစ်တဲ့ သားတစ်ယောက်ကတော့ လိမ္မာတယ်ပေါ့။ ဆရာလေးတို့မှာ ဆိုးသွမ်းတဲ့ သားအငယ်တစ်ယောက်လည်းရှိနေတယ်ပေါ့။ ဒါပေမယ့်လည်း သူတို့နှစ်ယောက်လုံးကို လူတွေက အတော်လေးချစ်တယ်။ ဒီမိသားစု ဒီတိုင်းပြည်ကို တကယ်ကို အေးချမ်းသာယာအောင်လုပ်ဖို့ဆိုရင်တော့ အကျင့်ပျက်နေတဲ့ သားအငယ်ကိစ္စကို အရေးထားဖြေရှင်းဖို့လိုတဲ့ အချိန်ရောက်လို့နေပြီလို့ ထင်တယ်။ 

တရားဓမ္မဆိုတဲ့ အလွန်ကောင်းမွန်တဲ့ အဆုံးအမလမ်းညွှန်မှု ရှိပြီးသားဖြစ်တဲ့ ဆရာလေးတို့နိုင်ငံရဲ့ဖြစ်စဉ်မှာ ဘယ်ဟာက လစ်လပ်နေသလဲဆိုတာကိုလည်း ဆရာလေးစဉ်းစားကြည့်တယ်။ ဒီနေရာမှာ ဘယ်စွမ်းအားတွေကများ လွှမ်းမိုးနေသလဲ?ပေါ့။

မြန်မာစကားပုံတစ်ခုလိုပေါ့။ ရှေးတုန်းကရွာတွေမှာ ဆေးဝါးမရှိဘူး။ ရွာရဲ့ ဆေးဆရာ၊ သမားတော် သို့မဟုတ် ပျောက်စေဆရာတော့ရှိတယ်ပေါ့။ တစ်စုံတစ်ယောက်က အော်ဟစ်ဆူပူသောင်းကျန်းလို့ သရဲပူးနေတယ်လို့ သတ်မှတ်ကြတဲ့အခါ သူ့ကို ထိုဆရာထံခေါ်သွားကြတယ်။ အဲဒီဆရာဆီမှာ ဂါထာမန္တာန်တွေပါတဲ့စာအုပ်ရှိတယ်။ ဒီပူးနေတဲ့ သရဲကို မောင်းထုတ််ဖို့ သူက ဂါထာမန္တာန်တွေရွတ်ဆိုမန်းမှုတ်ရတယ်။ အဲဒီတော့ ဒီမှာ စကားပုံတစ်ခုဖြစ်လာတယ်၊ ‘မန်းလေ ပြဲလေ’။ မန်းမှုတ်လေလေ လူနာအခြေအနေဆိုးလေလေ။

ဒီလိုနဲ့ မြန်မာရဲ့အခြေအနေကိုလည်း ဆရာလေးမြင်လာတယ်။

ဘာလို့လဲ? ဘာလို့ ဒါတွေ တဖန်တလဲ ဖြစ်လာရတာလဲ? ဒီသားငယ် အခြေအနေက ပိုဆိုးပြီးရင်းဆိုးလာတယ်။ ဒီတော့ အခုလည်း  အရင်ဂါထာမန္တာန်ကိုပဲ ထပ်ဖန်တလဲလဲ ရွတ်နေကြဦးမှာလား? ဒီတစ်ကြိမ်မှာတော့ ဆရာလေးတို့ နည်းလမ်းပြောင်းသုံးဖို့လိုလာပြီလို့ထင်တယ်။ မေတ္တာတရားကလွဲလို့ တခြားနည်းလမ်းကောင်းကိုတော့ ဆရာလေး မမြင်ဘူး။”