မင်းတပ် “သူမငိုနေတာကိုနားထောင်ရုံကလွဲပြီးဘာမှမတတ်နိုင်ခဲ့ပါ”

ပြီးခဲ့သည့်ညက ချင်းပြည်နယ်မှ Mark မာ့က်နှင့် ဆက်သွယ်၍ လာမည့် အသံလှိုင်း podcast ဇာတ်လမ်းတွဲအတွက် သူ့ကိုဆွက်သွယ်မေးမြန်းခဲ့သည်။ အဲ့ဒီအချိန်ကစပြီး သူနဲ့ပြောခဲ့တဲ့ အကြာင်းအရာတစ်ခုကို ကျွန်ုပ်ရဲ့ ဦးခေါင်းထဲမှ ဘယ်လိုမှထုတ်လို့မရနိုင်ဖြစ်ခဲ့သည်။  သူနဲ့ဆွေးနွေးပွဲကိုထုတ်လွှင့်ဖို့ ရက်သတ္တပတ်များစွာ ဝေးကွာနေသေးသော်လည်း အောက်ပါစကားများကိုမျှဝေရန် ယခုအရေးတကြီးလိုအပ်၍တင်ပြလိုက်ရပါသည်။

အခြေအနေအချို့ကို ပထမရှင်းပြလိုပါသည်။ မာ့ခ်သည်ကလေးမြို့တွင်ရှိနေပြီး လက်ရှိ တုန်လှုပ်ချောက်ချားဖွယ် မင်းတပ်အကြမ်းဖက်မှုများ၏ အကျိုးဆက် စစ်ပြေးဒုက္ခသည်များ ကိုထောက်ပံ့ရန် အတတ်နိုင်ဆုံး လုပ်ဆောင်နေသူဖြစ်သည်။ စိတ်တုန်လှုပ်ဖွယ် မြို့၏လူဦးရေ ၉၀% ခန့်မှာ ယခု နီးစပ်ရာ တောများအတွင်း ထွက်ပြေးတိမ်းရှောင်နေရသည်။  ဆားနှင့်ရေကဲ့သို့ ခန္ဓာကိုယ် အသက်ရှင်သန်ရေး အတွက်အရေးကြီးလိုအပ်သော အရာများ  အလွယ်တကူမရရှိနိုင်သော ထိုဒေသတွင် မြို့လုံးကျွတ်နီးပါး တိမ်းရှောင်ပုန်းအောင်းနေရသည့် အခြေအနေသည် ကြီးမားသော လူမှုဘေးဒုက္ခကြီးတစ်ခု ဖြစ်ပေါ်လာစေသည်။ ယခုအချိန်ထိ ဤဒုက္ခသည်များအတွက် အကူအညီမရောက်နိုင်သေးသည်ကို ဝမ်းနည်းဖွယ် အစီရင်ခံရပါသည်။

ထုံးစံအတိုင်း အကြမ်းဖက်စစ်တပ်သည်  ဆိုးရွားပြီးအခြေအနေကို ပိုမိုဆိုးရွားစေသည်။ ရှိအမျှရေတွင်းအနည်းငယ်သို့ သွားရာလမ်းများပေါ်တွင် စနိုက်ပါများဖြင့်စောင့်ပြီး မိသားစုအတွက် ရေယူရန်ကြိုးစားသော ကလေးများကိုပစ်ခတ်ကြသည်။ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်းများနှင့် အရပ်သားများအပေါ် ဓာတုလက်နက်များကိုပင် အသုံးပြုဖြိုခွင်းသတ်ဖြတ်နေသည်။ စစ်ပြေး ဒုက္ခသည်များကိုလည်း တောထဲသို့လိုက်လံ၍ဖမ်းဆီးနေသည်။ ဒုက္ခသည်များသည် ထွက်ပြေးတိမ်းရှောင်ရာ တောနက်များအတွင်း ပိုမိုဆိုးဝါးသော အခြေအနေကို ထပ်မံကြုံရပြန်သည်။

အောက်ဖော်ပြပါအပိုဒ်၌ မာ့ခ်က ထိုအဖွဲ့များနှင့်တောထဲသို့ အတူလိုက်ပါသွားသော အမျိုးသမီးတစ်ဦးနှင့် ဖုန်းပြောခဲ့စဉ် အကြောင်းကို ပြောပြသည်။ ချင်းလူမျိုးတို့၏သဘာဝသည် စိတ်တွင်းခံစားမှုကို ဖေါ်ပြလေ့မရှိပါ။ သို့သော် သူနှင့်တစ်ကြိမ်တစ်ခါမှမတွေ့ဖူးသောမာခ့်ကို ထိုအမျိုးသမီးသည် ဖုန်းပြောနေသည့်တစ်လျှောက်လုံး ရှိုက်ငို၍  သူမအလွန်အမင်း ကြောက်လန့်နေကြောင်း၊ ငွေကြေးဖြစ်စေ၊ ဆေးဘက်ဆိုင်ရာဖြစ်စေ၊ ဆုတောင်းပေးခြင်းဖြစ်စေ  ပေးနိုင်သော အကူအညီများ ပေးပါရန် အနူးအညွတ်တောင်းခံနေသည်။ ချင်းလူမျိုးအများစုသည် ခရစ်ယာန်များဖြစ်ကြသည်။ တချိုန်တွင် သူမလုံးဝစကားဆက်မပြောနိုင်တော့ဘဲ  မာခ့်အား စကားမပြောဘဲ ခေတ္တတိတ်ဆိတ်စွာ သူမအတွက်ဆုတောင်းပေးပါရန် တောင်းပန်သည်။

မာ့ခ်၏စကားသံများကို ကျွန်ုပ်၏ စိတ်ထဲမှထုတ်၍ မရရှိနိုင်သကဲ့သို့ မာ့ခ်သည်လည်း ထိုအမျိုးသမီး၏အသံကို သူ၏စိတ်ထဲမှထုတ်၍ မရနိုင်ပါ။ မိတ်ဆွေတို့သည်လည်း ဤဖြစ်ရပ် ကိုသိလျှင် စိတ်ထဲမှလွယ်လွယ်ကူကူဖျောက်ဖျက်၍ရနိုင်မည်မဟုတ်ပါ။ ဤသည်မှာ ကျွန်ုပ်တို့၏ လူသားချင်းစာနာစိတ်ကရုဏာသည် တဦးနှင့်တဦးဆက်နွယ်နေ၍ တဦးဒုက္ခကို တဦးက လစ်လျူရှု မနေနိုင်သောကြောင့်ဖြစ်သည်။

မာခ့်သည်သူတတ်နိုင်သမျှ အကူအညီပေးနေသည်။  အနီးအနားရှိမြို့များမှ လူငယ်များအား စည်းရုံး၍ စစ်သားများအာရုံလွဲစေရန် အသံဆူညံစွာပေးခြင်းများ ပြုလုပ်စေသည်။  ဤသို့ စွန့်စား ပြုလုပ်ခြင်းသည် မိမိတို့၏ ရပ်ရွာများထံအန္တရာယ် ဖိတ်ခေါ်သလိုဖြစ်စေသော်လည်း  မင်းတပ်၌ အလုံးအရင်းဖြင့် တိုက်ခိုက်နေသော စစ်တပ်၏ ဖိအားအချို့ကိုသက်သာစေရန်ဖြစ်သည်။ လမ်းများအားလုံး ပိတ်ဆို့ခံထားရသဖြင့် အကူအညီများကိုတိုက်ရိုက်မယူနိုင်ပါ။ ထို့ကြောင့် ဖြစ်နိုင်ခြေရှိသော အခြားလမ်းကြောင်းများရှာ၍ ယုံကြည်စိတ်ချရသော ပစ္စည်းသယ်သူများဖြင့် မိမိတို့တွင်ရှိသမျှ ရိက္ခာအနည်းငယ်ကို လိုအပ်နေသောသူများထံသို့ ပို့ဆောင်ပေးနေသည်။ ယခု ဤလမ်းကြောင်းများဖြင့် ပို့နိုင်နေပြီဖြစ်၍ သူသည် ပြင်ပအလှူရှင်များထံမှ ထောက်ပံ့မှုများကို တောင်းဆိုနေသည်။

ကျွန်ုပ်တို့ဘက်မှ နောက်ထပ်အရေးပေါ်အသနားခံချက် - ကျွန်တော်တို့ရဲ့လှူဒါန်းမှုရန်ပုံငွေများ လုံးဝခန်းခြောက်နေပြီဆိုသည်ကိုလည်း မိတ်ဆွေတို့အား သိစေလိုပါသည်။

ကျွန်ုပ်တို့တွင်လည်း နေ့စဉ်၊ ညစဉ် အကူအညီတောင်းခံသူများ ပြုံကျနေသည်။ ထိုသူများသည် အခြားမည်သူ့ထံ အကူအညီတောင်းခံရမည်ကိုလည်း မသိဖြစ်နေပါသည်။ ဤကြောက်မက်ဖွယ် အကြမ်းဖက်မှု ကိုယ်တွေ့ဖြစ်ရပ်တစ်ခု မင်းတပ်မြို့အနီး တောအတွင်းဖြစ်ပျက်နေသည်ကို သိနေလျှက် လိုအပ်သော စားနပ်ရိက္ခာ၊ စောင် နှင့် ဆေးဝါးအထောက်အပံ့များ ပို့ဆောင် မပေးနိုင်ခြင်းသည် ကျွန်ုပ်တို့ နှလုံးသားကို နာကြင်စေသည်။ ယခုအချိန် မိတ်ဆွေ၏ လှူဒါန်းမှုသည် သေရေးရှင်ရေးတမျှ အရေးကြီးနေပါသည်။

အဲဒီမှာအခြေအနေက အရမ်းကိုဆိုးနေတယ်၊ ငရဲဘုံတစ်ခုလိုဘဲ
— မာ့ခ်

“ ဒီအဖွဲ့တွေကို တတ်နိုင်တဲ့နည်းမျိုးစုံနဲ့  ကျွန်တော် အကူအညီပေးနေပါတယ်။ ငွေကြေး သို့မဟုတ် အမိုးအကာများ တတ်နိုင်သလောက်ကြိုးစားထောက်ပံ့ပေးနေပါတယ်။ တစ်ဖက်မှာလဲ အနီးအနား ဒေသတွေမှာ အသံပေးပြီး စစ်တပ်အချို့ကို အဲဒီဘက် အာရုံလွှဲခေါ် ပြီး မင်းတပ်ထဲက စစ်တပ် အင်အားလျှော့နည်းသွားအောင် လုပ်နေပါတယ်။

တခြားသူများ သူတို့နဲ့အတူရပ်တည်နေတယ်ဆိုတာကိုသိရင် သူတို့ပိုပြီး အားတက်လာပါလိမ့်မယ်။ ဒုက္ခသည်တွေကူညီဖို့လဲ ပိုပြီးအားပြည့်လာနိုင်ပါတယ်။ အခုထွက်ပြေးနေတဲ့ စစ်ပြေးဒုက္ခသည် တွေထဲမှာ သက်ကြီးရွယ်အိုတွေ၊ ကလေးသူငယ်တွေနဲ့ အမျိုးသမီးတွေပါ၀င်ပါတယ်။ အခုအချိန်မှာ ဒီချင်းအမျိုးသမီးတွေဟာ စစ်သားတွေရောက်လာပြီး မတရားကျင့်တာတွေကို ခံနေရပါတယ်။

ကျွန်တော် ဒီဒုက္ခသည်တွေကို အကူအညီပေးနေတဲ့ အမျိုးသမီးနဲ့ စကားပြောခွင့်ရတဲ့အခါ ကျွန်တော်လို သူစိမ်းတစ်ယောက်ကို ဖုန်းထဲမှာ ငိုပြီးပြောပါတယ်။ ဟိုမှာအခြေအနေ ဘယ်လောက်ဆိုးနေတယ် ဆိုတာကိုပြနေပါတယ်။

အမျိုးသမီးတွေ စစ်သားတွေရဲ့ မတရားကျင့်တာကို ခံနေရတယ်။ ရက်ရက်စက်စက်လဲ လူတွေကို သတ်ဖြတ်နေတယ်။ ကျွန်တော့်အဆက်အသွယ်ကတောင် 'ဒီစစ်သားတွေဆိုတာ ဘယ်လိုတွေလဲ မသိဘူး။ စိတ်မမှန်တဲ့အရူးတွေလိုပဲ ဒါမှမဟုတ် ဆေးတခုခုသုံးထားသလား မသိဘူး၊  လူစိတ်မရှိဘူး၊ အရမ်းရက်စက်ကြမ်းကြုတ်တယ်။’

ဒီစီစဉ်သူအမျိုးသမီးဟာ မိန်းမ၊ ယောက်ျား၊ ကလေးတွေ အားလုံးနဲ့ အတူ ထွက်ပြေးနေတယ်။ သူမကဖုန်းထဲမှာ ငိုပဲငိုနေတယ်။ ကျွန်တော်နဲ့လဲ တစ်ခါမှမသိပဲနဲ့။ သူမတို့လုပ်နိုင်တာ တစ်ခုတည်းက ဆုတောင်းခြင်းနဲ့ ပြေးခြင်းပဲလို့ ပြောတယ်။ သူမက 'အဲဒါကြောင့် ကျမအတွက် ဆုတောင်းပေးပါ' လို့ပြောတယ်။  ကျွန်တော်တို့ စကားမပြောဘဲ ခဏတိတ်ဆိတ်စွာ ဘုရားသခင်ကို အကူအညီတောင်း ဆုတောင်းခဲ့တယ်။ တစ်ယောက်နဲ့တစ်ယောက် တစ်ခါမှမတွေ့ဖူးဘူး၊ တစ်ယောက်ကိုတစ်ယောက်လဲ မသိဘူး။ ပြီးတော့ငိုနေပါတယ်။

အဲဒီမှာ အခြေအနေက အရမ်းကိုဆိုးနေတယ်၊ ငရဲဘုံတစ်ခုလိုဘဲ။

နားထောင်သူအားလုံးနဲ့ စာဖတ်သူတွေကို တတ်နိုင်သလောက် ဒီတိုင်းပြည်ကို အကူအညီ ပေးပါလို့ တောင်းပန်ပါတယ်။ အထူးသဖြင့် မင်းတပ်ကို။ မိတ်ဆွေတို့ရဲ့ အကူအညီနဲ့ ဆုတောင်းပေးတာကို အထူးလိုအပ်နေပါတယ်။

အလွန်အမင်း အရမ်းအရမ်းကို ခက်ခဲပါတယ်၊ နားထောင်ရုံကလွဲလို့ ဘာမှလုပ်မပေးနိုင်ခဲ့ပါဘူး။ ကျွန်တော် လုပ်နိုင်တာတစ်ခုက သူမကို အဖွဲ့အစည်းများနဲ့ တတ်နိုင်သလောက် ချိတ်ဆက် ပေးတာပါဘဲ။ ဒီအဖွဲ့အစည်းတွေနဲ့ ပြည်ပကအလှူရှင်တွေကို ကျွန်တော်အကူအညီတောင်းခံပါတယ်။ တစ်နည်းနည်းနဲ့ အကူအညီပေးပါ။ ငွေကြေးဖြစ်စေ၊ ဆေးဝါးအထောက်အပံ့ဖြစ်စေ။  အဲဒီ တစ်ခုတည်းဘဲ ကျွန်တော် လုပ်နိုင်တာပါ။

ပြီးတော့ ပြည်သူများကို သူတို့အတွက်ဆုတောင်းပေးပါလို့လဲ တောင်းဆိုချင်ပါတယ်။ ဒါကြောင့် သူတို့အတွက် ဆုတောင်းပွဲ ပြုလုပ်ပါတယ်။ ပြီးတော့ လူငယ်တွေကို အသံတွေ ဆူဆူညံညံ ပြုလုပ်ဖို့တောင်းဆိုပါတယ်။ မင်းတပ်ကနေ တခြားမြို့ရွာတွေဆီ အာရုံလွဲသွားအောင်။   ဒီထက်ပိုပြီး ကျွန်တော်တို့ မလုပ်နိုင်ဘူး။ ကျွန်တော်တို့ ကူညီနိုင်တာ အရမ်းကို နည်းပါးပါတယ်။  ကျွန်တော်တို့ လူတွေကို တတ်နိုင်သလောက် အကူအညီပေးပါ။ သူတို့ဟာ အားကိုးရာမရှိဖြစ်နေပါတယ်။ စစ်တပ်ရဲ့ လိုက်လံဖမ်းဆီးတာ ခံနေရပါတယ်။ စစ်တပ်ရဲ့ အဓ္မမုဒိမ်းကျင့်တာကို ခံနေရပါတယ်။ စစ်တပ်ရဲ့  သတ်ဖြတ်တာကို ခံနေရပါတယ်။ သူငိုနေတာကို နားထောင်ရုံကလွဲပြီး ကျွန်တော် ဘာမှ မတတ်နိုင်ခဲ့ပါဘူး။”