အပိုင်း (၇) ဆရာလေး ခန္တီစာရီ ကိုလံဘီယာနိုင်ငံသူ ဗုဒ္ဓဘာသာ သီလရှင်


ကိုလံဘီယာမှ ဗမာပြည်သို့ တိုက်ရိုက်လေကြောင်းခရီးစဉ် မရှိသော်လည်း Maria Alejandra Amaya V သည် ရွှေပြည်တော်ဆီသို့ သူမ၏ကိုယ်ပိုင်လမ်းသစ် ဖောက်လုပ်ခဲ့ပါသည်။

ယှဉ်၍ပြောရလျှင် ကိုလံဘီယာ၌ ဝိပဿနာ တရားအားထုတ်သူ များများစားစား မရှိသေးတဲ့ အထဲမှာ အလွန်နည်းပါးတဲ့ အရေအတွက်လောက်သာ ရွှေပြည်ကြီးဆီသို့ ရောက်ရှိလာရာ Maria လည်း တယောက်အပါဝင် ဖြစ်သည်။ ဘိုဂိုတာပြင်ပရှိ ခရိုင်နှင့် ရိုးရာခရစ်ယာန် ဘာသာရေး လောင်းရိပ်အောက်ရှိ ကိုလံဘီယာကျေးလက်သူ ကလေးဘဝမှ နောက်ပိုင်း စိတ်ဝင်စားလာသော ဦးဂိုအင်ကာနည်းနာဖြင့် ဝိပဿနာအားထုတ်ခြင်း သို့မဟုတ် သင်္ကန်းရုံထားသော ဗုဒ္ဓဘာသာ သီလရှင်ဘဝကို ခန့်မှန်းဖို့ရန်ပင် ခဲယဉ်းလှသည်။  

ဘွဲ့ရပြီးနောက် Maria သည် ကိုလံဘီယာ၏မြို့တော် ဘိုဂိုတာရှိ လူမျိုးပေါင်းစုံနေထိုင်ရာဆီသို့ ချစ်သူနှင့်အတူ ပြောင်းရွှေ့ခဲ့ပြီး ကိုလံဘီယာ၏ တိုင်းအဆင့် ရှေ့နေအဖြစ် စိတ်ဝင်စားဖွယ်ကောင်းသော အလုပ်ကို စတင်ခဲ့သည်။ သို့သော်လည်း ခိုင်းတတ်လွန်းသော အထက်လူကြီးနှင့် စိန်ခေါ်မှုများသော အလုပ်မှ စိတ်ဖိစီးမှုများလာသောကြောင့် အရေးပါသောဘဝ၏အဓိပ္ပါယ်၊ သူတပါးအကျိုးဆောင်ခြင်းတို့နှင့် ပတ်သက်ပြီး သူမစိတ်မှာ ပို၍ နက်နက်နဲနဲ တွေးတောတတ်ခဲ့သည်။ အသက် (၂၆)နှစ်တွင် ပထမဆုံး ကိုလံဘီယာမှ ပြည်ပသို့ ခရီးစဉ်အဖြစ် မနုဿဗေဒဆိုင်ရာ ဆွေးနွေးပွဲ တက်ရောက်ရန် ပီရူးသို့ ထွက်ခွါခဲ့ပြီး ထိုမှ အာဂျင်တီးနား စားသောက်ဆိုင် ဝန်ထမ်းတယောက်နှင့် တွေ့ဆုံရသောအခါ သူမဘဝကို ပြောင်းလဲစေခဲ့သည်။ သာမန် အသက်မွေးဝမ်းကြောင်းလမ်းစဉ်မှ ရှောင်ဖယ်ကာ တောင်အမေရိကားသို့ ခရီးဆန့်ခဲ့သာ ထိုသူသည် ငွေကြေးမလုံလောက်တော့မှသာ အလုပ်လုပ်သည်။ ဒီတွေ့ဆုံမှုကနေပြီး နှောင်ကြိုးလွတ်သောဘဝ၏ လွတ်လပ်မှု၊ စူးစမ်းရှာဖွေလိုမှု ကဲ့သို့ အလားတူအတွေ့အကြုံမျိုးကို ခံစားလိုသောစိတ် Maria ထံ ပြင်းပြလာခဲ့သည်။ ဒီအကြောင်းကို သူမ၏ ချစ်သူ(နောင်တွင် ခင်ပွန်းသည်ဖြစ်လာသူ)ကို ပြောပြရာ သူလည်း ထို့အတူ ခံစားခဲ့ရသည်။ လအနည်းငယ် ခွင့်ယူပြီး တောင် အမေရိကားတခွင် ခရီးနှင်ဖို့ ဆုံးဖြတ်လိုက်ကြသည်။ 

သူတို့၏ ကျောပိုးအိတ်ခရီးစဉ်မှ စိတ်ဝင်စားဖွယ်ရာ ယဉ်ကျေးမှု၊ စိတ်ကူး အသစ်များနှင့် ထိတွေ့စေခဲ့သည်။ ဖြစ်ချင်တော့ ပီရူးမှာပဲထပ်ပြီး ဦးဂိုအင်ကာ၏ (၁၀) ရက် အသံတိတ်တရားစခန်း အကြောင်းကို ပထမဆုံး ကြားသိခဲ့ရသည်။ သူမကိုယ်တိုင် အနည်းငယ်သာ စိတ်ဝင်စားခဲ့ပေမဲ့ ခင်ပွန်းဖြစ်သူ၏ တိုက်တွန်းမှုကြောင့် စမ်းကြည့်ဖြစ်ခဲ့သည်။ စခန်းတကြိမ်ဝင်ပြီးနောက် စွဲထားသော ခရီးအစီအစဉ် ပြောင်းလဲမှုကြီးလုပ်ဖို့ရန် သဘောပေါက်ခဲ့သည်။ “ဒါက ထေရဝါဒ ဗုဒ္ဓဘာသာထဲမှာ အရမ်းကိုလှပတဲ့ အချစ်ဇာတ်လမ်းကောင်းလေးတပုဒ်လို့ တစ်ခါတလေတော့ တွေးမိပါသည်” ဟု ဆရာလေးက မှတ်ချက်ပေးပါသည်။ “(ဒါပေမဲ့) အဲ့ဒီတုန်းက ဘာတွေဖြစ်လာနေပြီလဲဆိုတာ မသိခဲ့ဘူး။” 

တောင်အမေရိကားတခွင်ရှိ ဦးဂိုအင်ကာ ဝိပဿနာရိပ်သာများတွင် လျှောက်ထားသူ အမျိုးသမီး အရေအတွက် များပြားလွန်းတာကြောင့် စခန်းဝင်ရောက်ခွင့်ရဖို့ အမြဲမသေချာပေမဲ့ သူတို့၏ ခရီးစဉ်များကို တရားစခန်းရက်များနှင့် တိုက်ဆိုင်အောင် ကြိုးစားစီစဉ်ခဲ့ကြပါသည်။ အာဂျင်တီးနားနှင့် ဘရာဇီး ဝိပဿနာရိပ်သာများတွင် အချိန်ထပ်တိုး နေထိုင်ခဲ့ပြီး နောက်ဆုံးတော့ မိမိတို့ ဦးတည်ရာလမ်းကြောင်းကို တွေ့ရပြီဟု သိသွားခဲ့ကြပါသည်။ “ဆရာလေးတို့ စိတ်ထဲမှာ ဘာတွေဖြစ်နေလဲဆိုတာနဲ့ ဆရာလေးတို့ ဘဝတွေ ဘယ်လိုဆက်စပ်နေလဲဆိုတာကို သိနိုင်တဲ့ နည်းလမ်းတခု ဒါမှမဟုတ် ကရိယာလေးတခု ရှိတယ်ဆိုတာ သိသွားလိုက်တယ်။” ဆိုလိုသည်မှာ ဘဝလမ်းကြောင်း အပြောင်းအလဲကို နက်နက်ရှိုင်းရှိုင်း နားလည်သွားခဲ့ခြင်း ဖြစ်ပါသည်။    

ဒါဆို အခု ကိုလံဘီယာတွင် အလုပ်ကိုင် အခွင့်အလမ်းများ ပိုပြီး သိသိသာသာ ရှားပါးနေမှုများကြားက သူတို့ အိမ်ပြန်အလာကို စောင့်ဆိုင်းနေကြသော အလုပ်များကို စွန့်လွှတ်လိုက်ပြီး၊ ကြေးစားအတတ်ပညာရှင်ဘဝအတွက် လိုအပ်သော အလုပ်လျှောက်လွှာမှ ကွက်လပ်ပေါက်များ၏ သက်ရောက်မှုကိုလည်း အလေးမထား (ခေါင်းထဲမှ)ထုတ်ပယ်လိုက်ပြီး— သူတို့၏ ဓမ္မခရီးစဉ်အတွက် နောက်ခြေတလှမ်း စတင်ခဲ့ပါတော့သည်။ ဝိပဿနာ ရိပ်သာ မီးဖိုဆောင်များမှ ကြားခဲ့သော အတုယူစရာ ဇာတ်လမ်းများနဲ့ အကြံများကို အကောင်ထည်ဖော်ဖို့ အိန္ဒိယတွင် (၆)လခန့် နေထိုင်ရန် ထွက်ခွါခဲ့သည်။ ထိုမှတဆင့် Global Vipassanā Pagoda နှင့် ဆရာကြီး ဦးဂိုအင်ကာ၏ ဌာနချုပ်ဖြစ်သော Dhamma Giri သို့ ခရီးဆက်ခဲ့ကြသည်။ တွေ့ဆုံခဲ့ရတဲ့ တရားအားထုတ်သူအများကြီးထဲကမှ “ထက်မြက်ပြီး ငြိမ်းအေး ပျော်ရွှင်တဲ့” အမေရိကန် အမျိုးသမီးလေးတယောက်သည် သူတို့အတွက် ထူးခြားလွန်းနေပါသည်။ ဘာကြောင့်ပါလိမ့်။ အကြောင်းမှာ မိန်းကလေးသည် မြန်မာပြည်တွင် အချိန်အတန်ကြာ အားထုတ်ခဲ့လို့ ဖြစ်ပါသည်။ ထိုစဉ် Maria ၏ နှလုံးသားမှ “အို၊ မြန်မာပြည်ကို သွားချင်လိုက်တာ!” ဟု နက်ရှိုင်းစွာ တမ်းတမိပါသည်။ 

ဒါပေမဲ့ အစီအစဉ်ကို ထပ်ပြောင်းခဲ့ရပြီး သီရိလင်္ကာသို့ ခရီးဆက်ခဲ့စဉ် မြန််မာပြည်တွင် သင်ယူခဲ့သော သီရိလင်္ကာနိုင်ငံသား ရဟန်းတော်နှင့် တွေ့ဆုံခဲ့သည်။ ထိုရဟန်းတော်သည်ရွှေပြည်တော်သို့ သွားရောက်ဖို့ရန် သူတို့ကို တိုက်တွန်းခဲ့ပါသည်။ ဆုံတွေ့ခဲ့သော မိန်းကလေးအကြောင်း စဉ်းစားလျက် ရဟန်းတော်၏ အကြံဉာဏ်ကိုယူကာ ဆရာတော် ဦးပဏ္ဍိတ၏ ရက် (၆၀) တရားစခန်းကို စာရင်းသွင်းဖို့ရန် ဗမာပြည်သို့ ထွက်လာခဲ့ပါသည်။ မိမိတို့၏ဘဝကို တရားဓမ္မ၌သာ မွေ့လျော်နေကြသော သာသနာ့အနွယ်—ရဟန်းတော်များနှင့် သီလရှင် ဆရာလေးများကို ပထမဦးဆုံးအနေဖြင့် ဆုံတွေ့ခဲ့ကြသည်။ မြန်မာပြည်တွင် လေ့ကျင့်သင်ကြားဖို့ အခွင့်အလမ်း အမြောက်အမြား ရှိနေကြောင်း သိရှိသွားကြတဲ့အခါမှာလည်း အံ့ဩတုန်လှုပ်မိခဲ့ကြသည်။

အစမှာတော့ ဆရာကြီးဦးဂိုအင်ကာ၏ကျင့်စဉ်များမှ ပို၍ကျယ်ပြန့်သော ဓမ္မလောကထဲ ခြေလှမ်းထွက်ဖို့ Maria တို့စုံတွဲမှာ စိုးရိမ်ပူပန်မှုများရှိခဲ့ကြသော်လည်း ရရှိခဲ့သော အကူအညီအထောက်အပံ့များကြောင့် ကြည်နူးခဲ့ရသည်။ အထူးသဖြင့် Maria သည် ဆရာတော်ကြီး ဦးပဏ္ဍိတ (ထိုစဉ်က သက်တော် (၈၉) နှစ်- ပျံတော်မမူခင် နှစ်များ) ထံတွင် သင်ကြားခဲ့ရသည့်အတွက် အလွန်ကံကောင်းလှပါသည်။ သူမကို အမေရိကန်သူ သီလရှင်တစ်ပါးမှ ဖိတ်ခေါ် စောင့်ရှောက်ထားခြင်းဖြစ်ပြီး၊ နောက်ဆုံးတော့ သူမနှင့်အတူ ခင်ပွန်းသည်မှာလည်း ရိပ်သာ၌ပင် (၁) နှစ်နီးပါး နေထိုင်ခဲ့ပါသည်။ နောက်တွင် သူတို့၏ဓမ္မခရီးစဉ် ပို၍တွင်လာပြီး ရန်ကုန်ရှိ အပြည်ပြည်ဆိုင်ရာ ထေရဝါဒ သာသနာပြု တက္ကသိုလ်(ITBMU)သို့  တက်ရောက်ခဲ့ကြပါသည်။ 

အချုပ်ဆိုသော် လအနည်းငယ်ခန့်အချိန်ယူကာ တောင်အမေရိကားတခွင်သို့ ကျောပိုးအိတ်လွယ်ခရီးသည်အဖြစ် စတင်ခဲ့ပြီး အိန္ဒိယတွင် အချိန်ပိုယူလည်ပတ်ခဲ့ရာမှ အခြားတစ်စုံတရာသို့ လုံးဝ အသွင်ပြောင်းလဲခဲ့ပြီ။ သို့သော် ဒီအချိန်ထိ သူမ၏ မိသားစုမှာ သူမဘဝ ဦးတည်ရာလမ်းကြောင်းနဲ့ ပတ်သက်ပြီး သို့လောသို့လောနှင့် မေးခွန်းထုတ်နေခဲ့ကြသည်။ မှန်ပါသည်၊ “သူမသည် ပို၍နက်နဲသော စွန့်လွှတ်ခြင်းဆီသို့ သွားနေပါသည်”—ဆိုတဲ့အဖြေကိုလည်း သူမ သိပြီးဖြစ်ပါသည်။ ဒါပေမဲ့ အချိန်အတော်ကြာ အိမ်မှထွက်ခွါလာခဲ့ပြီးနောက် ခရစ္စမတ်အတွက် မိသားစုဆီ အလည်ပြန်ဖို့ စီစဉ်ခဲ့ပါသည်။ ထိုအချိန် ခင်ပွန်းသည်မှာ ဖားအောက်တောရ၌ ခေတ္တရဟန်းခံနေစဉ် ဖြစ်ပါသည်။ နှစ်လကြာပြီးနောက် မြန်မာပြည်သို့ ပြန်လာသောအခါ ခေတ္တ ဆရာလေးဝတ်ဖို့ရန် ဆုံးဖြတ်ခဲ့ပြီး ဘွဲ့တော်အားဖြင့် ဆရာလေး ခန္တီစာရီ မည်ပါသည်။ အဘိဓမ္မာ ဆက်လက် လေ့လာဖို့နှင့် မတူကွဲပြားသော အပြည်ပြည်ဆိုင်ရာ ရဟန်းရှင်လူယောဂီ အသိုင်းအဝိုင်းရှိခြင်းစတဲ့ အားသာချက်များကို အရယူပြီး ဖားအောက်ကျောင်းကို ဆရာလေးတို့ ရွေးချယ်ခဲ့ကြပါသည်။       

ဒီကစပြီး အသံဖိုင်ထဲမှ လက်ကျန်ဇတ်လမ်းလေးထဲမှာ ဘယ်လိုတိုးတက်ပြောင်းလဲသွားသလဲဆိုတဲ့ ဆရာလေးကိုယ်တိုင် ပြောပြထားသည်ကို နားဆင်ကြည့်ဖို့ သောတရှင်များကို ကျွန်တော်တို့က တိုက်တွန်းလိုက်ပါသည် ခင်ဗျာ။