အပိုင်း (၆) အရှင် သရဏ ရဟန်းတော်၊ ကမ္မဋ္ဌာန်းပြ ဆရာတော်၊ ပညာရှင်


ယနေ့ မြန်မာပြည်တွင် လူသိအများဆုံး နိုင်ငံခြားသား ရဟန်းတော်များထဲမှ တပါးဖြစ်သော ဦးသရဏကို ရဟန်းဝတ်ချင်စိတ် ပြင်းပြထက်သန်လာအောင် လှုံ့ဆော်ပေးခဲ့တဲ့ ကနဦး လွှမ်းမိုးမှုနှစ်ခုက ဘာတွေလဲဆိုတာ မှန်းကြည့်ချင်ပါသလား။ ကောင်းပါပြီ၊ တခုကတော့ ၁၉၇၈ ခုနှစ် ဂန္တဝင်မြောက် ကွန်ဖူးရုပ်ရှင် The 36th Chamber of Shaolin နှင့် နောက်တခုက ၁၉၃၄ ခုနှစ် Alice Bailey ၏ ဂန္တဝင်မြောက် လျှို့ဝှက်ဆန်းကြယ် A Treatise on White Magic: Or the Way of the Disciple အမည်ရ ချက်ခ်ဘာသာပြန် မှော်စာအုပ်ပဲ ဖြစ်ပါသည်။ ဆရာတော်သည် ရုပ်ရှင်ထဲမှ အကြမ်းဖက်ရန်လိုမှုအပေါ် ရဟန်းတော်တပါး၏ ငြိမ်းချမ်းစွာတုံ့ပြန်မှုကို အားကျခဲ့ပြီး၊ မှော်စာအုပ်၏ အကျိုးသက်ရောက်မှုက သာ၍ပင် နက်ရှိုင်းသောကြောင့် မှော်ပညာလေ့လာဖို့အထိ ကိုယ့်ကိုယ်ကိုယ် မြုပ်နှံထားလိုစိတ် ပြင်းပြခဲ့ပါသည်။ ဆရာတော်၏ စိတ်ဝင်စားမှုမှာ လမ်းဘေးမျက်လှည့် လက်လှည့် ပညာမျိုးမဟုတ်ဘဲ တကယ့် မှော်အတတ်ပညာနဲ့ စိတ်တန်ခိုးစွမ်းအားကို ပိုင်ဆိုင်လိုခြင်း ဖြစ်ပါသည်။ 

စကားဝိုင်း ပထမပိုင်းသည် ဆရာတော်၏ ငယ်ဘဝအကြောင်း ဖြစ်ပါသည်။ Pilsen မြို့နေ လူလတ်တန်းစား ချက်ခ်မိသားစုမှ မွေးဖွားကြီးပြင်းခဲ့သည်။ ဆရာတော်သည် အစောပိုင်းတွင် ကတ်သလစ်အယူဝါဒ စိတ်ဝင်စားခဲ့သော်လည်း စိတ်စွမ်းအားများ အကြောင်းရေးသားထားသော ထိုစာအုပ်က ဆရာတော့်အား ပို၍ဆွဲဆောင်နိုင်ခဲ့သည်။ ထို့ကြောင့် စိတ်စွမ်းအားနှင့် ပတ်သက်သော အကြောင်းအရာများကို များများစားစားဖတ်ရှုခဲ့ပြီး သက်သတ်လွတ်စားခြင်းနှင့် ဗုဒ္ဓဘာသာ ရဟန်းဘဝခံယူခြင်းစတဲ့ ရည်မှန်းချက် ပန်းတိုင်ရောက်ရန် အကောင်းဆုံး နည်းလမ်းများကို လုပ်ဆောင်ဖို့ ဆုံးဖြတ်ချက်ချခဲ့ပါသည်။ ဆယ်ကျော်သက်အရွယ်မှာပင်  အသားငါး လုံးဝမစားတော့ဘဲ ဗုဒ္ဓဘာသာအကြောင်း ညွှန်ကြားနိုင်မည့် ဆရာသမားများကို ကိုယ်တိုင်စတင်ရှာဖွေခဲ့သော်လည်း မိမိနိုင်ငံတွင် တစ်ဦးတလေမျှ မတွေ့ရှိခဲ့ရပါ။

နောက်ပိုင်းမှာ အရာရာ အစီအစဉ်တကျ ဖြစ်လာခဲ့ပါသည်။ ဆရာတော် ဆက်သွယ်ခဲ့သည့် ဇင်ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းမှတဆင့် မိတ်ဆက်ပေးသော ထေရဝါဒ ဘုန်းတော်ကြီး တစ်ပါးသည် ဆရာတော့်အား Czech Republic တွင် နေထိုင်သော တပည့်တပန်းများနှင့် ချိတ်ဆက်ပေးခဲ့ပါသည်။ ဆရာတော်လောင်းလျာသည်  တရားစခန်းများ ဝင်ခဲ့ပြီးနောက် ဓမ္မမိတ်ဆွေ အဆက်သွယ်ကောင်းများ တိုးပွားလာပါသည်။ အစောပိုင်း မှော်အတတ်ပညာကို စိတ်ဝင်စားမှုမှသည် ကိုယ်ယောင်ဖျောက်ခြင်း၊ မိုးပျံခြင်း စတဲ့ တန်ခိုးစွမ်းအားများကို အရယူလိုချင်စိတ်ဆန္ဒ တိုးပွားလာပြီး ဗုဒ္ဓဘာသာ အတွေးအခေါ်နဲ့ ကျင့်စဉ်တွေက တန်ခိုးစွမ်းအားရှိရေး ရည်မှန်းချက်အောင်မြင်ဖို့ ဆွဲဆောင်ခဲ့သည်။ ဒါပေမဲ့ ဗုဒ္ဓဘာသာကို ထဲထဲဝင်ဝင် လေ့လာမိတဲ့အခါ ကြီးကျယ်မြင့်မြတ်ဆုံးသော မျက်လှည့်အတတ်(တန်ခိုးစွမ်းအား)သည် လိုချင်တက်မက်မှု၊ စိတ်ပူပန်ဆင်းရဲမှုနှင့် ယုံမှားမှုတို့မှ လွတ်မြောက်သွားခြင်းဆိုတာကို နားလည်သဘောပေါက်ခဲ့ပါသည်။   

ဖြစ်နိုင်လျှင် ချက်ချင်းပင် သာသနာ့ဘောင်သို့ဝင်ရန် မျှော်လင့်ခဲ့သော်လည်း ဗုဒ္ဓဘာသာရေး ဆရာသမားများ၏ အကြံပေးမှုကြောင့် လောကီပညာရေးပြီးဆုံးအောင် အရင်ဆည်းပူးဖို့ ကျောင်းပြန်တက်ခဲ့ပါသည်။ ဒါပေမဲ့ ဘဝက နည်းနည်းရှုပ်လာပြီး ချစ်သူရလာခဲ့သည်။ နောက်ပိုင်းတွင် ကိစ္စများ ပိုမိုများမြောင်လာခဲ့ပြီး ရုပ်မြင်သံကြားလိုင်းများကို အိမ်တိုင်ရာရောက် ရောင်းချပေးရသော အချိန်ပိုင်းအလုပ်ကို လုပ်ကိုင်ခဲ့ရာ ဝင်ငွေ အတော်အသင့် ကောင်းခဲ့ပါသည်။ ဖခင်မှလည်း ထပ်ပြီးတော့ အင်္ဂလန်ရှိ အောက်စဖို့ဒ်  သို့မဟုတ် ကမ်းဘရေးချ် တက္ကသိုလ်များတွင် ဆက်လက်တက်ရောက်ရန် အားပေးခဲ့ပါသည်။ တနည်းဆိုရလျှင် ရဟန်းဘဝဆီသို့ စိတ်ကူးထားသော လမ်းကြောင်းပေါ်မှ ရုတ်တရက် ချစ်သူရကာ၊ ဝင်ငွေတောင့်တင်းလာပြီး နိုင်ငံခြားမှ အဆင့်မြင့်ပညာရေး အခွင့်အလမ်းကိုပါ ရှာဖွေဖို့အထိ ခရီးရောက်ခဲ့ပါသည်။ ဒါပေမဲ့ အလုပ်ကြိုးစားပြီး မိသားစုကို ထောက်ပံ့ကာ အောင်မြင်နေတဲ့ အတတ်ပညာရှင်ဘဝကို ထိန်းသိမ်းထားနိုင်တဲ့ ဘဝကို ကြိုးစားရှာဖွေထားသော်လည်း နောက်ဆုံးမှာ  သေခြင်းနဲ့ပဲ ရင်ဆိုင် အဆုံးသတ်ရမယ်ဆိုတာ နားလည်သဘောပေါက်ခဲ့ပါသည်။ ကောင်းပြီ။ ဒါဆို ထာဝရတည်မြဲတဲ့ ငြိမ်းအေးမှုနဲ့ ပညာဉာဏ်အလင်းကို အဆင့်တခုထိ ရရှိဖို့အတွက်ရော ဘာဖြစ်လို့ မကြိုးစားပဲ နေရမလဲဟူ၍ သူကတွေးဆမိခဲ့ပါသည်။       

ဒါပေမဲ့ စိတ်က ရဟန်းဘဝဆီသို့ တဖန်ပြန်လည် တိမ်းညွတ်ခဲ့တာကြောင့် အိမ်ရှင်ဘဝကနေ လက်တွေ့ကျကျ ဘယ်လို ရုန်းကန်ထွက်ရမလဲဆိုတာလည်း မသိခဲ့တဲ့အတွက် နတ်တွေဆီ အကူညီတောင်းတဲ့ အခါ လေဖောင်းမွေ့ရာ ပေါက်ခဲ့ရာကနေ ဆုတောင်းပြည့်ဖို့ စတင်လာပါတော့သည်။ ချစ်သူမိန်းကလေးမှာ အိပ်စရာ မွေ့ရာ ပြဿနာကြောင့် စိတ်မကျေမနပ်ဖြင့် သူမ၏မိခင်အိမ်သို့ ပြန်သွားခဲ့သည်။ ဦးသရဏသည် ရသည့် အခွင့်အရေးကို အသုံးချပြီး မိတ်ဆွေတဦးနှင့် သီရိလင်္ကာခရီးစဉ်ကို စီစဉ်ခဲ့ပါသည်။ သို့သော်လည်း ချစ်သူမိန်းကလေးက လုံးဝအပြီးသတ် ပြတ်စဲရန် ထွက်သွားခဲ့ခြင်း မဟုတ်ခဲ့ဘဲ သူ့ကို ဆုံးရှုံးရမည်ကို စိုးရိမ်တာကြောင့် ဗုဒ္ဓဘာသာဝင်ဘဝဖြင့် အလားလာရှိမရှိ ရှာဖွေဖို့ အချိန်(၃)လ ခွင့်ပြုဖို့ သဘောတူခဲ့ပါသည်။ ဒါကြောင့် ဦးသရဏသည် သီရိလင်္ကာသို့ ထွက်လာခဲ့ပြီး သူတကယ်စင်စစ် ရှာဖွေနေခဲ့သော အရာကို တွေ့ရှိခဲ့ပါသည်။ ထို့နောက် ချစ်သူဆက်ဆံရေးကို ရပ်စဲခဲ့ပြီး ဖခင်ထံမှ ရေးသားထားသော သင်္ကန်းဝတ်ရန် သဘောတူခွင့်ပြုစာဖြင့် ရှင်သာမဏေ အဖြစ်ခံယူပြီး ဗုဒ္ဓနှင့်ပါဠိဘာသာတက္ကသိုလ်၌ စာသင်သား ဖြစ်လာခဲ့ပါသည်။ (၄) နှစ်ကြာပြီး ၂၀၁၂ ခုနှစ်တွင် ဘွဲ့ရရှိခဲ့ပြီးနောက် ရဟန်းခံရန် ဗမာပြည်သို့ ထွက်ခွါဖို့ ဆုံးဖြတ်ခဲ့ပါသည်။ ဗမာစာကို လေ့လာဖို့ ကိုယ့်ကိုယ်ကိုယ် မြုပ်နှံထားခဲ့ပြီး Facebook မှတဆင့် ဘာသာစကားအသစ် ကျွမ်းကျင်လာစေဖို့ လေ့ကျင့်ခဲ့ပါသည်။

အဲ့ဒီနောက် စကားလမ်းကြောင်းအသစ်ပြောင်းသွားပြီး Facebook မှတဆင့် ဗမာစာ လေ့လာဖို့ ဆုံးဖြတ်ချက်က အပြစ်အနာအဆာကင်းတယ်လို့ ထင်ရပေမဲ့ အဲ့ဒီကမှတဆင့် မလိုလားတဲ့ အကျိုးဆက်တွေ ပေါ်ထွက်လာတဲ့ အကြောင်းကို အချိန်ပေး ဆွေးနွေးထားပါသည်။ နောက်တော့ ဆဲလ်ဖုန်းမျှပင်မရှိ၊ မသုံးနိုင်ခဲ့သော မြန်မာပြည်၏ အဓိက ဆက်သွယ်ရေးကွန်ယက်သဖွယ် အရှိန်မြှင့်လာတဲ့ Facebook မှတဆင့် ဆရာတော်၏ စာမျက်နှာကို စောင့်ကြည့်သူ အမြောက်အမြား တိုးပွားလာခဲ့ပါသည်။ အမြော်အမြင်ရှိပြီး နည်းပညာ ကျွမ်းကျင်လိမ္မာသော ဆရာတော်သည် လူမှုကွန်ယက်ကို အသုံးချပြီး တရားအားထုတ်ခြင်း၊ ဗုဒ္ဓဘာသာလေ့လာမှုနှင့် ဆိုင်ရာမေးခွန်းများကို ဖြေကြားပေးခဲ့ပါသည်။ အဲ့ဒီထိ အခြေနေကောင်းဆဲ။

ဒါပေမဲ့ မနှစ်က လူမှုကွန်ယက်တွင် ဒကာ ဒကာမများမှ မေးသော ရဟန်းတော်များ ငွေကြေးကိုင်တွယ်မှုနှင့်ပတ်သက်သည့် မေးခွန်းတခုကို ဖြေကြားရာ ရဟန်းတော်များ၏ လက်ထဲသို့ ပိုက်ဆံ မလှူသင့်ကြောင်း၊ ဤသည်မှာ ရဟန်းတော်များ၏သီလ ကျိုးပေါက်ပျက်စီးရာ ဖြစ်ကြောင်း ဖြေကြားလိုက်ပြီး၊ ထိုမှတဆင့် မြတ်စွာဘုရား၏ အဆုံးအမကို မဖောက်မပြား ကြိုးကြိုးစားစား လိုက်နာကြသော ဘုန်းတော်ကြီးကျောင်းများ စာရင်းကို ပြုလုပ်ခဲ့ပါသည်။ “ပါဠိစာပေထဲမှ အကြောင်းအရာတခုအရ ပိုက်ဆံကိုင်သော ရဟန်းသည် အချည်းနှီးဖြစ်ကြောင်း” မှတ်ချက်ပြုပြီး “သူသည် ရဟန်းမဟုတ်၊ သူသည် မြတ်စွာဘုရား၏ ဝမ်းကွဲညီတော်၊ သံဃာသင်းကွဲအောင်ပြုသူ ဒေဝဒတ်ထက်ပင်ဆိုးကြောင်း” တဲ့တိုးတုံ့ပြန်လိုက်သည်။ ဗမာရဟန်း အများစုမှာ ထိုသို့ ပိုက်ဆံကိုင်ခြင်းအမှု ကျူးလွန်နေကြကြောင်း ဦးသရဏ ယုံကြည်ပါသည်။ ဒီလို ထိလွယ်ရှလွယ်သော အကြောင်းအရာက ဆရာတော့်ကို အနည်းစုဘက်တွင် လိုလိုလားလား ပြတ်ပြတ်သားသား ရပ်တည်စေခဲ့သည်။ ဆရာတော်၏ မှတ်ချက်များကြောင့် အတော်လေး အုတ်အော်သောင်းနင်း ဖြစ်ခဲ့ပြီး အကျိုးဆက် အနေနှင့် သာသနာ့ရေးရာတရားရုံးတွင် ရုံးတက် ရင်ဆိုင်သည်အထိ ဖြစ်ခဲ့ရပါသည်။ မိမိ၏ ပြောဆိုချက်များ မှန်ကန်ကြောင်း ထောက်ပြရန် သင့်လျော်သော ပါဠိစာပေများကို ကိုးကားပြီး ဆရာတော်မှ ချေပချက် တင်သွင်းခဲ့ပါသည်။ အဆုံး၌ ဆရာတော်သည် မြတ်စွာဘုရား၏ အဆုံးအမများကို မှန်ကန်တိကျစွာ ကိုးကားပြီး အလေးဂရုပြုကာ ဟောပြောနိုင်သရွေ့ ဆက်လက် ဟောပြောပို့ချရန် ခွင့်ပြုချက် ရရှိခဲ့ပါသည်။

ဒီလို အတွေ့အကြုံမျိုးသည် သေချာပေါက် ကျော်ဖြတ်ဖို့ရာ မလွယ်ကူခဲ့စဉ်မှာပဲ ဆရာတော့်ကို ဝိနည်းစည်းကမ်း အတိအကျ လိုက်နာသည့် အစဉ်အလာရှိသော ဘုန်းကြီးကျောင်းများနှင့် ချိတ်ဆက်မိစေခဲ့သည်။ အဲ့ဒီမှတဆင့် ဆရာတော်သည် မြတ်စွာဘုရား၏ အဆုံးအမများထဲမှ ဝိနည်းစည်းကမ်းများ၏ အရေးပါမှုနှင့် လေးနက်မှုများအကြောင်းကို ရဟန်းရှင်လူများအတွက် ပို၍ကောင်းမွန်သော ပညာပေးနိုင်စေရန် ထိုဘုန်းတော်ကြီးကျောင်းများနှင့် နီးကပ်စွာ ပူးပေါင်း ရွက်ဆောင်နေပါသည်။ ရှေ့လျှောက်တွင် ဤဝိနည်းစည်းကမ်းကို လွယ်ကူစွာ လိုက်နာနိုင်သော သံဃာရေးရာ ပြုပြင်ပြောင်းလဲမှု၌ အစိုးရအနေဖြင့် ပိုပြီးတက်ကြွသော အခန်းကဏ္ဍမှ ပါဝင်ဖို့လည်း ဆရာတော်မှ မျှော်လင့်ပါသည်။

နောက်တော့ Zach နှင့် Joah တို့သည် သူတို့မိတ်ဆွေရင်း(ဆရာတော်)၏ တွေ့ဆုံမေးမြန်းခန်းအကြောင်း ဆွေးနွေးထားပါသည်။ ဆရာတော် သင်္ကန်းဝတ်ဖြစ်ဖို့ ဦးတည်စေခဲ့သော အခြေအနေများကို ကြားရသည်မှာ ဝမ်းသာကျေနပ်ကြောင်း ပြောထားပါသည်။ မြန်မာပြည်၌ Facebook ၏ အရေးပါသော အခန်းကဏ္ဍနှင့် လူမှုကွန်ယက်ကို အသုံးပြုကာ ဗမာရဟန်းအများစု ပိုက်ဆံကိုင်ခြင်းအကြောင်း၌ ဦးသရဏ၏ ပြင်းပြင်းထန်ထန် ဝေဖန်မှုများသည် အွန်လိုင်းပေါ်တွင် ပျံ့နှံ့သွားပြီး အများ၏တုန့်ပြန်မှုနဲ့ ဆွေးနွေးချက်များသည် မလိုလားအပ်သည့် ဆိုးရွားသည့် အခြေနေထိ ဖြစ်ရပုံများကို Joah က ဆွေးနွေးထားပါသည်။  နိုင်ငံခြားသားတဦးအနေဖြင့် ပွင့်လင်းရိုးရှင်းစွာ ကိုင်တွယ်ရန် ခက်ခဲသော ဗမာ့ယဉ်ကျေးမှု၊ သာသနာရေးစံသတ်မှတ်ချက်များနဲ့ ပတ်သက်ပြီး အစတွင် ဇာတ်ရေမလည်ခဲ့သည့်အားလျှော်စွာ ဆရာတော်၏ ဆုံးဖြတ်ချက်မှ ဆက်လက် ဖြစ်ပေါ်လာသည့် အကျိုးဆက်များ အကြောင်းကို နှစ်ဦးသား လေ့လာစူးစမ်းထားပါသည်။  နောက်ပိုင်း ဖြစ်ရပ်များက ကနဦး အကြောင်းရာနှင့် ကွဲလွဲနေသော်လည်း မတိကျမှုများ အားလုံး ပပျောက်သွားဖို့ မလွယ်ကူပါ။ ပိုက်ဆံကိုင်သော ရဟန်းများအကြောင်း အငြင်းပွားဖွယ်ကိစ္စကို ဆွေးနွေးပြီးနောက် Joah နှင့် Zach တို့သည် ဦးသရဏ၏ တိုးတက်ရာ တိုးတက်ကြောင်းများ၊ မြန်မာနိုင်ငံတွင် ဝိနည်းနှင့်ပတ်သက်ပြီး ကောင်းမွန်စွာ ထိန်းသိမ်းထားနိုင်မှုမှာ သေချာစေဖို့ ဆရာတော်မှ အလေးအနက်ထားကြောင်းနှင့် ဘုန်းတော်ကြီး အဖွဲ့များနှင့် ဆရာတော်၏ လတ်တလော တွဲဖက်လုပ်ဆောင်ချက်များအပေါ် စိတ်ဝင်တစား ဆွေးနွေးထားပါသည်။ နောက်ဆုံးအနေဖြင့် Zach က ဤဝိနည်းစည်းကမ်းကို လိုက်နာနိုင်ဖို့ရန် တာဝန်အရှိဆုံးမှာ သံဃာ့အဖွဲ့အစည်းလား သို့မဟုတ် အရပ်ဖက်အဖွဲ့အစည်းလား ဟူ၍လည်း မေးခွန်းထုတ်ထားပါသည်။  


Shwe Lan Ga Lay