မိခင်မေတ္တာ၏လှုံ့ဆော်မှု

မိခင်ဖြစ်ရခြင်းသည် မည်သည့်အခါမျှ မလွယ်ကူသော်လည်း အကြမ်းဖက်စစ်အာဏာရှင်၏ ရက်စက်စွာ ဖိနှိပ်မှုအောက်၌ မိခင်တစ်ဦးဖြစ်ရခြင်းသည် ပို၍ပင်ခက်ခဲပါသည်။ ပြီးခဲ့သည့် သုံးလတာကာလအတွင်း xxxx သည် ခက်ခဲသောရွေးချယ်မှုတစ်ခုကို နေ့စဉ်နေ့တိုင်း ရင်ဆိုင်နေရပါသည်။ စစ်အာဏာရှင်ကို အရှုံးပေး၍ ယနေ့မိသားစု၏ အသက်လုံခြုံရေးနှင့် စားဝတ်နေရေး သို့မဟုတ် သူမ၏သားလေး အကြောက်တရားမဲ့ကြီးပြင်းလာနိုင်ရေးနှင့် တောက်ပသောအနာဂတ်အတွက် CDM မှာ ဆက်လက်ပါဝင်ရေးတို့ ဖြစ်ပါသည်။

 အစိုးရတက္ကသိုလ်တစ်ခု၏ အင်္ဂလိပ်စာဌာနတွင် ကထိကအဖြစ်ထမ်းဆောင်နေရင်း xxxx သည် မဲမသမာမှုကို အကြောင်းပြ၍ ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားသောအစိုးရအား အာဏာလုစစ်ကောင်စီမှ ဖြုတ်ချသည့် ဖေဖော်ဝါရီလပထမပတ်တွင်ပင် ဆေး၀န်ထမ်းများဦးဆောင်သော CDM လှုပ်ရှားမှုနောက်သို့ လိုက်ခဲ့သည်။

"ရွေးကောက်ပွဲအတွင်းမှာ ကျမဒေသအတွက် ရွေးကောက်ပွဲလေ့လာသူအဖြစ် ပါဝင်ထမ်းဆောင်ခဲ့ပါတယ်။ အဲဒါကြောင့် စစ်တပ်ရဲ့ဒီအကြောင်းပြချက်ကို လက်ခံဖို့ ကျမအတွက်အထူးခက်ခဲပါတယ်။" xxxx သည် စစ်ကောင်စီ၏ တရားမ၀င်အာဏာသိမ်းမှုကို ဆန့်ကျင်ရန်နှင့် သူမ၏သားအတွက် ပိုမိုကောင်းမွန်သော အနာဂတ်အတွက် တိုက်ပွဲဝင်ရန် CDM တွင်ပါဝင်ခဲ့သည်။ 

အစဦး၌ xxxx ၏ကျောင်းရှိဆရာ ၄၉ ဦးအနက် ၉ ဦး မှလွဲ၍ အားလုံးလှုပ်ရှားမှုတွင် ပါဝင်ခဲ့ကြသည်။ သူမကရှင်းပြသည်မှာ - “သုံးလအကြာမှာ ဘာ၀င်ငွေမှမရှိတဲ့အပြင်  ဘက်စုံကခြိမ်းခြောက် ဖိအားပေးလာလို့ တချို့ဆရာတွေ အလုပ်ပြန်ဝင်ရုံကလွဲလို့ တခြားရွေးချယ်စရာမရှိတော့ဘူးလို့ ခံစားလာကြပါတယ်။”   xxxx က သူမ၏ဌာနမှ ဆရာ ၃၀ ခန့် သပိတ်မှောက်မှုတွင် ဆက်လက် ပါဝင်နေသေးသည်ဟု ခန့်မှန်းသည်။  

Xxxx ကဲ့သို့ အခြားသောဆရာများတွင်လည်း အလားတူ အခက်အခဲများကို ရင်ဆိုင်နေရသော မိခင်များရှိသည်။ သူမက အစိုးရ၀န်ထမ်းအချို့ ၎င်းတို့၏မိသားစုများကို ဦးစားပေး၍ လှုပ်ရှားမှုတွင်ပါ၀င်ရန် ငြင်းဆန်ခြင်း သို့မဟုတ် နောက်ပိုင်းအလုပ်ပြန်ဆင်းကြခြင်းတို့ကို နားလည်နိုင်ပါသည်ဟုပြောသည်။ "ကျမအသိတစ်ယောက် လပ်တလောပဲ ကလေးမွေးဖွားခဲ့ပါတယ်၊ သူ့အတွက် စွန့်ရမှာတွေအများကြီး ရှိတယ်ဆိုတာကို ကျမစာနာမိပါတယ် ... "

သူမ၏သူငယ်ချင်းတစ်ဦးလည်း မကြာသေးမီက အလုပ်ပြန်ဆင်းခဲ့သည်။ ၎င်း၏ခင်ပွန်းသည် စစ်အရာရှိ ဖြစ်သောကြောင့် စစ်တပ်မိသားစုများအား “ တပ်စည်းမျဉ်းအတိုင်းနေရန်” ထပ်မံဖိအားပေးမှုကြောင့်ဟု ယူဆသည်။ မိသားစုလုံခြုံရေးအတွက် အလွန်စိတ်ပူသောကြောင့် ထမင်းမစားနိုင် ညလည်းမအိပ်နိုင်သည့် ဆရာမတစ်ဦးကိုလည်း သိသည်။ “ကျမတို့အနိုင်ရတဲ့အခါ NUG (National Unity Government) အစိုးရက ကျမကိုအလုပ်ဖြုတ်ရင်တောင် စိတ်မပူပါဘူး။  ဘာလို့လဲဆိုတော့အနည်းဆုံး NUG က ကျမတို့ကို သေနတ်နဲ့ပစ်သတ်မှာ မဟုတ်လို့ပါလို့ အဲဒီဆရာမက ပြောပါတယ်။”

၀န်ထမ်းများအားဖိအားပေးရာတွင် အခြားသူများကိုအလုပ်ပြန်ဝင်ရန် ဖျောင်းဖျစေခြင်း စသည့် ပျော့ပျောင်းသော နည်းဗျူဟာများမှစ၍ ပုဒ်မ ၅၀၅ (က) ဖြင့်တရားစွဲဆိုမည်ဟု စစ်တပ်က ဆန္ဒပြ၀န်ထမ်းများအား တိုက်ရိုက်ခြိမ်းခြောက်ခြင်းများအထိပြုလုပ်လာသည်။ နေ့စဉ် အမည်စာရင်းကို စစ်ဆေးရင်း သူ့ အလှည့်ဘယ်တော့ရောက်မလဲကို တွေးပူနေသည်။

(ရာဇသတ်ကြီးဥပဒေပုဒ်မ  ၅၀၅ (က) သည် မည်သူမဆို က) အများပြည်သူကိုသော်လည်းကောင်း၊ အများပြည်သူ၏သီးခြားလူစုကိုသော်လည်းကောင်း ကြောက်လန့်ခြင်းဖြစ်စေခြင်း သို့မဟုတ် ဖြစ်စေရန်အကြံရှိလျှင် ခ)ကောလဟလကိုဖြစ်စေ၊ သတင်းမှားကိုဖြစ်စေ ထုတ်ပြန်ကြေငြာလျှင် သို့မဟုတ် ကြေငြာရန်အကြံရှိလျှင် ဂ) အစိုးရ၀န်ထမ်းများနှင့် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ပြစ်မှုကျူးလွန်ခြင်းအားလှုံ့ဆော်လျှင် သို့မဟုတ် လှုံ့ဆော်ရန်အကြံရှိလျှင် ရာဇဝတ်မှုမြောက်သည်)။

ပုဒ်မ ၅၀၅ (က) ခြိမ်းခြောက်မှုသည် အမှန်တကယ်ပင် ကြောက်စရာကောင်းသည်။ ၅၀၅ (က) စွဲချက်တင်ခံထားရသူများကို အိမ်တွင်းဝင်ရောက်ဖမ်းဆီးမှုများ အမြောက်အမြားဖြစ်ပွားခဲ့ပြီး ဖမ်းဆီးလိုသူ ကိုရှာမတွေ့လျှင် အသက်မပြည့်သေးသည့် လူငယ်များအပါအဝင် မိသားစုဝင်များကိုလည်း ၎င်းတို့အစား ဖမ်းဆီးခဲ့သည်။ ဖမ်းဆီးခံရသူများကို စစ်ကြောမေးမြန်းခြင်း၊ ညှင်းပန်းနှိပ်စက်ခြင်းနှင့် လိင်ပိုင်းဆိုင်ရာ  စော်ကားကျူးလွန်ခြင်းများလည်းခံရသည် ဟူသောသတင်းများစွာလည်းထွက်ပေါ်လာခဲ့သည်။ 

xxxx သည် သူမ၊ သူမ၏အစ်မများနှင့် အမျိုးသမီးလုပ်ဖော်ကိုင်ဖက်များ ဖမ်းဆီးခံရလျှင် ဘာဖြစ်မည်ကို အမြဲတမ်းစိုးရိမ်ကြောင့်ကြနေသည်။ “ ထိန်းသိမ်းခံထားရတဲ့အမျိုးသမီးတွေကို နှိပ်စက်ညှဉ်းပန်းတာကို ကျမလုံးဝလက်မခံနိုင်ဘူး။ စစ်ကြောမေးမြန်းရေးလုပ်တဲ့အချိန်မှာ အမျိုးသမီးတစ်ဦးရဲ့ အရှက်နဲ့ ဂုဏ်သိက္ခာကို ထိခိုက်အောင် လုပ်တာမျိုးလုံးဝမဖြစ်သင့်ဘူး။ " xxxx ကသူမနှင့် သူမ၏အစ်မများ

တစ်ဦးဦး ဖမ်းဆီးခံရလျှင်၊ အသတ်ခံရလျှင် တစ်ဦး၏ သားသမီးများကို ကျန်မည်သူက စောင့်ရှောက်မည်ဟု

“ ပြက်လုံး” လုပ်ပြောနေကြသည်။ 

ဤအန္တရာယ်များနှင့် စိုးရိမ်ဖွယ်များစွာရှိနေသော်လည်း xxxx နှင့်သူမ၏ခင်ပွန်း (စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း၀န်ကြီးဌာန၀န်ထမ်းဟောင်း) သည် CDM တွင်ဆက်လက်ပါ၀င်နေသည်။ သူမနှင့် သူမ၏ခင်ပွန်း၏ လစာများဖြတ်တောက်ခံရသော အချိန်မှစ၍ သူမ၏မိသားစုသည် ဆွေမျိုးသားချင်းများနှင့် အလှူရှင်များ၏ ထောက်ပံ့မှုအကူအညီအနဲငယ်ဖြင့် ရပ်တည်နေကြသည်။

“ကျမအဆက်အသွယ်ရခဲ့တဲ့ အလှူရှင်အဖွဲ့အစည်းတွေကို တကယ်ပဲကျေးဇူးတင်ပါတယ်။ ဝေးလံတဲ့ အရပ်ကနေပြီး ကျမတို့မိသားစုကိုထောက်ပံ့ပေးနေတဲ့အလှူရှင်တွေကို အထူးကျေးဇူးတင်ပါတယ်လို့လဲ ပြောပါရစေ။ ရသမျှထေက်ပံ့မှုအားလုံးဟာ အဓိကကျမသားလေး အတွက်ပါပဲ။ ကျမတို့ လူကြီးတွေကတော့ ဘာနဲ့မဆိုဖြစ်အောင်နေနိုင်ပါတယ်။”

ဘက်စုံမှ ဖိအားမျိူးစုံဖြင့် ပေးနေသော်လည်း ဆက်လက်တိုက်ပွဲဝင်နေကြသော ၀န်ထမ်းများစွာရှိနေသည်။ အချို့မှာ အထောက်အပံ့အတွက်အကူအညီတောင်းခံရန် မိသားစုမရှိသော တကောင်ကြွက်များဖြစ်ကြပြီး အချို့မှာမူ မိသားစုကိုတစ်ဦးတည်း လုပ်ကျွေးနေသူများဖြစ်ကြသည်။ သင်၏လှူဒါန်းငွေ သည် မြန်မာနိုင်ငံရှိ သူတို့၏လွတ်လပ်မှုနှင့် အနာဂတ်မျိုးဆက်သစ်များ၏ လွတ်လပ်မှုအတွက် သတ္တိရှိရှိတောင်းဆိုနေကြသော ဤအမျိုးသားများနှင့်အမျိုးသမီးများ ရှင်သန်ရပ်တည်ရေးအတွက် အထူးအရေးပါ ပါသည်။