အကြမ်းမဖက်ရေးအတွက်နောက်ထပ်တွန်းအား

ကျွန်ုပ်တို့ Operation Hanoi Hannah ဟနွိုင်းဟန်နာစစ်ဆင်ရေးကို ယခုစတင် ကူညီပံ့ပိုးနိုင်ပြီ ဖြစ်၍ အထူးဝမ်းမြောက်ရသည်။ ဤတက်ကြွလှုပ်ရှားသူ အုပ်စုကလေးသည် ဤအရေးအခင်းကို အကြမ်းမဖက်သောနည်းဖြင့် ဖြေရှင်းနိုင်မည့်နည်းလမ်းတစ်ခုကို ရှာဖွေရန် ကတိကဝတ်ပြုအခိုင်အမာ ဆုံးဖြတ်ထားသည်။ လနှင့်ချီ၍ပြုထားသောသုတေသနနှင့် ကိုယ်ပိုင်လေ့လာမှုများဖြင့် သူတို့၏ လှုပ်ရှားမှုများထဲမှတစ်ခုအား ဗီယက်နမ်စစ်ပွဲ၏ အထင်ကရ ဟနွိုင်းဟန်နာစစ်ဆင်ရေးပုံစံ နမူနာယူ၍ စတင်ခဲ့သည်။ သူတို့ကအောက်ပါအတိုင်းရေးသားသည်မှာ -

ဟနွိုင်းဟန်နာသည် ဗီယက်နမ်စစ်အတွင်း ရေဒီယိုဟနွိုင်း၏ ဝါဒဖြန့်ချိမှုများကြောင့် အမေရိကန်စစ်သားများအကြား နာမည်ကျော်ကြားခဲ့သူ အမျိုးသမီးတစ်ဦး၏အမည်ဖြစ်သည်။ သူမ၏အသံလွှင့်ရန်စာသားများကို မြောက်ဗီယက်နမ်စစ်တပ်မှ ရေးသားပေးခဲ့ခြင်းဖြစ်ပြီး အမေရိကန်စစ်သားများအား ကြောက်ရွံ့ထိတ်လန့်စေခြင်း၊ မိမိလုပ်ရပ်များအပေါ် ရှက်စိတ်နှင့် အသိတရားများရလာစေခြင်းများ ဖြစ်ပေါ်စေပြီး နောက်ဆုံးတာဝန်များမှ စွန့်ခွာထွက်သွားစေရန် ရည်ရွယ်သည်။ ဤစစ်ဆင်ရေးသည် အမေရိကန်စစ်သားအမြောက်အများအား စိတ်ယိုင်စေပြီး စစ်ပြေးခြင်း၊ ၎င်းတို့၏ အထက်အရာရှိများ နေထိုင်ရာစခန်းများထဲသို့ လက်ပစ်ဗုံးများပစ်၍ လုပ်ကြံသတ်ဖြတ်ခြင်းများပြုလုပ်ခဲ့ကြသည်။

သူမသည် လပ်တလောကျဆုံးသွားသော သို့မဟုတ် အဖမ်းခံရသော အမေရိကန်စစ်သားများ နာမည်စာရင်းကို ရွတ်ပြခြင်းနှင့် မိမိတို့မွေးရပ်မြေ လွမ်းဆွတ်လာအောင် အမေရိကန်နိုင်ငံမှ နာမည်ကြီး စစ်ဆန့်ကျင်ရေး သီချင်းများအားဖွင့်ခြင်း စသည်တို့ကို နေ့စဉ်သုံးကြိမ် အသံလွှင့်  ပြုလုပ်ခဲ့သည်။ အမေရိကန် GIs ဂျီအိုင်များအား ဗီယက်နမ်စစ်ပွဲတွင် အမေရိကန် ပါဝင်ပတ်သက်မှုသည် မတရားသော၊ လူ့ကျင့်ဝတ်နှင့်မလျှော်ညီသော လုပ်ရပ်ဖြစ်သည်ကို နားလည်သဘောပေါက်လာစေရန် ကြိုးစားခြင်း ဖြစ်သည်။ သူမသည် "အမေရိကန်တွေက ရန်သူထက် သူတို့အချင်းချင်း ပြောတာကို ပိုယုံကြည်တယ် ဟုယူဆ၍ စစ်ဆန့်ကျင် အမေရိကန်များ၏ ပြောဆိုချက်များကို အသံဖမ်း၍ ရေဒီယိုမှ ထုတ်လွှင့်ခြင်းများလည်း ပြုလုပ်ခဲ့သည်။  ဤမက်ဆေ့ခ်ျ message များသည် အားလုံးအထဲတွင် အထိရောက်ဆုံး ဖြစ်သည်ဟု ထင်ကြောင်း သူမကပြောခဲ့သည်။

ဤအုပ်စုကလေး၏ ၀က်ဘ်ဆိုက် website တွင် အရည်အသွေးမြင့်အသံဖိုင်များဖြင့် တပ်စွန့်ခွာနည်းဗျူဟာအမျိုးမျိုးနှင့် အခြားလမ်းညွှန်ချက်မက်ဆေ့ခ်ျ message များ ကမ်းလှမ်းထားသည်။ ၎င်းတို့အားလုံးကို အခမဲ့ကူးယူ ဒေါင်းလုပ် download ၍ ထိရောက်နိုင်မည့် မည်သည့်နေရာများတွင်မဆို အသုံးပြုနိုင်သည်။ အံ့သြဖွယ်ပင် အချို့ဆန္ဒပြသူများ ဤအသံဖိုင်များကိုယူ၍ စစ်သားများ ကင်းလှည့်လေ့ရှိသော နေရာများတွင် လျှို့ဝှက်စပီကာများ ထား၍ထုတ်လွှင့်နေကြသည်။ အောက်တွင် ဥပမာတစ်ခုကို ဖော်ပြထားပါသည်။

လူသားခြင်းစာနာရန်နှင့် သတ်ဖြတ်မှုများကိုရပ်တန့်ရန် လျှို့ဝှက်စပီကာ hidden speaker များဖြင့် ထောင့်စုံမှ အဆက်မပြတ်အသံလွှင့်နေစေရန်ဖြစ်သည်။ ထိုအသံများကြားလျှင် စစ်သားများ ရုတ်ရုတ်သဲသဲ ဤလျှို့ဝှက်စပီကာများကို ရှာဖွေရန်ကြိုးပမ်းကြသည်။ ၎င်းစပီကာများသည် လိုအပ်ချက်အရ  တစ်ကြိမ်သာအသုံးပြုရန်  one-time use ဖြစ်သည်။ အကယ်၍ စနစ်တကျလျှို့ဝှက်ထားနိုင်၍ သူတို့ရှာမတွေ့ပါက ဤထုတ်လွှင့်ချက်များကိုတစ်နာရီ၊ နှစ်နာရီ ဆက်တိုက်ကြားနေရမည်ဖြစ်သည်။ ရှာဖွေတွေ့ရှိသွားလျှင်မူ သိမ်းယူဖျက်ဆီးခြင်းခံရပေမည်။

ကျွန်ုပ်တို့သည် စပီကာများရနိုင်သမျှစုဆောင်း၍ စစ်သားများဦးတည်တားဂက် target ထား တပ်စွန့်ခွာရေးလမ်းညွှန်မက်ဆေ့ခ်ျများ ထုတ်လွှင့်ပေးနေသည့် ဤအုပ်စုကလေး၏ လှုပ်ရှားမှုအား ထောက်ပံ့ရန်ကြိုးစားနေသည်။ စစ်သားတဦး အမြင်မှန်ရခြင်းသည်  အပြစ်မဲ့သောအရပ်သားများအား  ပစ်ခတ်နေသော လက်နက်ကိုင်အကြမ်းဖက်သမားတဦး လျှော့ပါးသွားခြင်းဖြစ်သည်။ စစ်ကောင်စီ၏ လူသတ်စက်ယန္တရားကို လမ်းများပေါ်မှ ဖယ်ရှားပြီး စစ်တပ်၏ အာဏာလုသန္နိဌာန်ကို ထပ်မံ အားနည်းသွားစေနိုင်သည့် အထူးထိရောက်သော နည်းလမ်းတစ်ခု ဖြစ်လာနိုင်ပါသည်။

ဤအကြောင်းကြောင့် ကျွန်ုပ်တို့ နောက်ထပ်အသံဖိုင်များ ပြုလုပ်နိုင်ရန်နှင့် စပီကာများ ထပ်မံဝယ်ယူ၍နေရာအနှံ့အပြားတွင် ထုတ်လွှင့်နိုင်ရန် မိတ်ဆွေများ၏ ပံ့ပိုးမှုကို တောင်းခံပါသည်။