လွတ်လပ်သောမြန်မာ့ရေဒီယို၊ မန္တလေးမှ တိုက်ရိုက်ထုတ်လွှင့်နေ

လွတ်လပ်သောလူ့အဖွဲ့အစည်းတစ်ခုလုံး ပြိုကွဲသွားသောအခါ ပုံမှန်နဂိုအခြေအနေများ တစ်ခုပြီးတစ်ခုစွန့်ခွာသွားကြသည်ကို ကျွန်ုပ်တို့စတင်ခံစားရသည်။ ၎င်းတို့တွင် ဘဏ်များပိတ်သိမ်းမှု၊ စားနပ်ရိက္ခာရှားပါးမှု၊ ဆေးဘက်ဆိုင်ရာပစ္စည်းများမရှိမှု၊ အခြေခံလူ့အခွင့်အရေးဆုံးရှုံးမှု၊ ခရီးသွားလာခွင့်ပိတ်ပင်ကန့်သတ်မှု စသည်တို့ဖြစ်သည်။ ဤကြမ်းတမ်းသော အကူးအပြောင်းကာလ သရုပ်ပေါ်လာသည့် နောက်တစ်နည်းမှာ အတည်ပြုပြီး မှန်ကန်တိကျသော မီဒီယာ ထုတ်လွှင့်မှုမှန်သမျှကို ဆင်ဆာဖြတ်တောက်ခြင်း ဖြစ်သည်။ ဤအချက်များကို ကျွန်ုပ်တို့ မြန်မာနိုင်ငံတွင် တွေ့နေရပြီ ဖြစ်သည်။ ယခင်တစ်ချိန်က စည်ပင်တိုးတက်ထွန်းကားနေသော ပုံနှိပ်ဂျာနယ်များနှင့် သတင်းမီဒီယာများ ယခုအခါတွင် “တရားဝင်” လွတ်လပ်သော သတင်းပညာရယ်ဟု မရှိတော့ပဲ စစ်ကောင်စီ၏ မီဒီယာများမှ  အလိမ်အညာများသာ ကျန်ရှိတော့သည်။ ဖေဖော်ဝါရီ ၁ ရက်မှစ၍ သတင်းထောက်များအား ပုံမှန်ဒုက္ခပေးနှောင့်ယှက်ခြင်း၊ ဖမ်းဆီးခြင်း၊ ခြိမ်းခြောက်ခြင်း၊ နှိပ်စက်ညှဉ်းပန်းခြင်း၊ ပြန်ပေးဆွဲခြင်းများအပြင် သတ်ဖြတ်ခြင်းများပါ ပြုလုပ်လာသည်။

စစ်အာဏာလုကောင်စီသည် သူတို့၏ အရှက်ကင်းမဲ့သောရက်စက်ကြမ်းကြုတ်မှုများကို ပြင်ပနယ်ပယ်များသို့ ရောက်ရှိသွားမည်ကို အထူးစိုးရိမ်သဖြင့်  ထွက်ပြေးတိမ်းရှောင်လာသော မြန်မာသတင်းထောက်များကို  ဖမ်းဆီးရန်ထိုင်းအာဏာပိုင်များကိုတွန်းအားပေးသည် ။ စစ်အုပ်စုသည် ပြည်သူများ အင်တာနက်သုံးစွဲရန် အခက်အခဲဖြစ်စေခြင်း၊ ကျော်ကြားထင်ရှားသော လူမှုရေးလွှမ်းမိုးသူများ၏ နေအိမ်များကို ၀င်ရောက်စီးနင်းခြင်းများအပြင် ဆိုရှယ်မီဒီယာတွင် ပိုစ့်တင်သူများကိုပင် အပြစ်ဒဏ်ပေးခြင်းများပြုလုပ်လာသည်။

ဤအခြေအနေမျိုးတွင်  Taw Hlan Hlaing FM ၏လှုပ်ရှားမှုများကို အထူးပင်အသိအမှတ်ပြုရမည်။ သတင်းအချက်အလက်များထုတ်လွှင့်ခြင်းအား ထိန်းချုပ်ဖိနှိပ်ရန် ကြိုးပမ်းမှုများကို တွန်းလှန်ရန် စေတနာ့ဝန်ထမ်းအချို့သည် ဤပလက်ဖောင်းကို တည်ဆောက်ပြီး သတင်းနှင့် အတွေးအမြင် ဖလှယ်ခြင်းများ ဆက်လက်တည်ရှိရန် ကြိုးစားနေကြသည်။  သတင်းဆက်သွယ်ရေးများ ဤအဆိုးရွားဆုံးကာလများ၌ပင် ဆက်လက်ဖြစ်ပေါ်တည်ရှိနေရန် ဖြစ်သည်။

ဤတော်လှန်ရေး၏ အရေးကြီးသောအပိုင်းမှာ လွတ်လပ်စွာပြောရေးဆိုခွင့် တနည်းနည်းဖြင့် ဆက်လက်ရှင်သန်နေမှဖြစ်မည်ဟု ကျွန်ုပ်တို့အခိုင်အမာယုံကြည်သည်။ ထို့ကြောင့် Taw Hlan Hlaing FM ၏မစ်ရှင်ကိုထောက်ပံ့ရန် သင်၏လှူဒါန်းမှု၏တစ်စိတ်တစ်ပိုင်းကိုအသုံးပြုခဲ့သည်။ ၎င်းတို့သည် အင်္ဂလိပ်ဘာသာဖြင့်ထုတ်လွှင့်ခြင်းမပြုသေးသော်လည်း မြန်မာဘာသာသာမက ကချင်၊ ရှမ်း ဘာသာစသည့် တိုင်းပြည်အတွင်းရှိမတူကွဲပြားသော လူမှုအသိုင်းအဝိုင်းများပါ ပါဝင်လာအောင် အလေးထား၍ အစီအစဉ်များပြုလုပ်ထားသည်။ ဤသို့ပြုလုပ်ခြင်းဖြင့် စစ်ကောင်စီ၏ သတင်းမီဒီယာများ မရရှိစေရန် ကြိုးစားနေသော (ယခုအချိုန်ထိ မအောင်မြင်သေး) ထိုတိုင်းရင်းသား အရပ်ဒေသများတိုင် သတင်းများရောက်ရှိစေရန်ဖြစ်သည်။

မိတ်ဆွေ၏လှူဒါန်းမှုက ဒီအွန်လိုင်းရေဒီယိုလုပ်ငန်း ဆက်လက်ရှင်သန်ရုံမက ဒီထက်ပိုမို ကျယ်ပြန့်တိုးတက်ဆောင်ရွက်နိုင်ရန် အခွင့်အလမ်းကိုပါပေးနိုင်သည်။ အဓိကလိုအပ်နေသောပစ္စည်းကိရိယာများ လက်ဝယ်ရရှိရုံမက သူတို့၏ သတင်းထောက်များကို လိုအပ်သည့်နေရာများသို့ပင် ထိုးဖေါက်ကျယ်ပြန့်စွာ ပို့ပေးနိုင်ရန်ဖြစ်သည်။

သူတို့၏ အဓိကမျှော်မှန်းချက်မှာ FM transmitter အက်ဖ်အမ်ထုတ်လွှင့်စက် အကြီးစားတစ်လုံး ၀ယ်ယူနိုင်ရန်ဖြစ်သည်။ သို့မှသာ သူတို့၏သတင်းထုတ်လွှင့်ချက်များကို နိုင်ငံအတွင်းသို့ ပိုမိုကျယ်ပြန့်စွာရောက်ရှိနိုင်မည်။ ကျေးဇူးပြု၍ သူတို့၏အလုပ်ကိုပံ့ပိုးရန် သင်တတ်နိုင်သမျှ ထည့်ဝင်ရန်စဉ်းစားပေးစေလိုပါသည်။