အပိုင်း#၄၆: ပုံမှန်လမ်းကြောင်းကနေသွေဖီခြင်း: ရှေ့တန်းကဆရာဝန်တစ်ယောက်


Cocoရဲ့အသက်မွေးဝမ်းကျောင်းလမ်းကြောင်းက အခုလိုမျိုးအဆုံးသတ်ရမှာမဟုတ်ဘူး။အသက်၃၀ကျော်ရုံပဲရှိသေးတဲ့Cocoဟာ ဖခင်ဖြစ်သူခြေရာနင်းပြီး လူပျိုဘဝတစ်လျှောက်လုံး ဆရာဝန်တစ်ယောက်ဖြစ်ဖို့ လေ့လာလေ့ကျင့်ရင်းနဲ့ကုန်ဆုံးခဲ့တယ်။အခုလည်းပဲ ယူကေ သို့မဟုတ် သြစတြေးလျမှာဆက်လက်ပညာသင်ဖို့ စီစဥ်နေပြီးဆေးပညာဘွဲ့တစ်ခုထပ်ရဖို့သေချာသလောက်ရှိနေခဲ့တယ်။သူကတော့မထူးဆန်းသလိုတဲ့တိုးပဲပြောပါတယ်"အာရှတိုက်သားတွေရဲ့ထုံးစံပါပဲ ဒါကမိသားစုတိုင်းဖြစ်စေချင်တဲ့ဆန္ဒလိုပဲ၊ ပြီးတော့ကျွန်တော်က သားသမီးတွေထဲမှာပထမဆုံးမွေးတဲ့အကြီးဆုံးဖြစ်နေတာလည်းပါမယ်၊ ကျွန်တော့်အပေါ်ထားတဲ့မျှော်လင့်ချက်တွေ၊အိပ်မက်တွေအများကြီးရှိသလို ဖိအားတွေလည်းအများကြီးရှိခဲ့တယ်။"

ဒါပေမဲ့ ဖေဖော်ဝါရီလ ၁ရက်နေ့မှာတော့Cocoနဲ့အတူ တခြားလူအများကြီးရဲ့"အိပ်မက်တွေအားလုံးလေလွင့်ပျောက်ကွယ်သွားခဲ့တယ်"

ငယ်စဉ်တောင်ကျေးကလေးဘဝတစ်လျှောက်မှာ Cocoဟာ ဖခင်ဖြစ်သူက ဆင်းရဲနွမ်းပါးတဲ့ရပ်ကွက်တွေမှာ ရွှေ့ပြောင်းဆေးခန်းတွေဖွင့်ရင်လိုက်ပါခဲ့ပြီး ဖခင်ဖြစ်သူရဲ့ ဘယ်သူမှမကုနိုင်လောက်တဲ့ရောဂါတွေပျောက်အောင်ကုသပေးနိုင်တာတွေ၊ လူနာတွေနဲ့သူ့မိသားစုဝင်တွေကိုဆေးကုသမှုခံယူဖို့အစွမ်းရှိသ၍တိုက်တွန်းတဲ့ 'စနောက်တတ်တဲ့ပရော်ဖက်ဆာ'တစ်ယောက်ဘဝကိုနေထိုင်နေတာတွေကိုတွေ့ခွင့်ရခဲ့တယ်။

အခုအချိန်မှာတော့ မြန်မာလူမျိုးအားလုံးနီးပါးလိုပဲ Cocoရဲ့ဖြောင့်ဖြူးနေတဲ့အသက်မွေးဝမ်းကျောင်းလမ်းကြောင်းဟာအဆုံးသတ်သွားတယ်မဆိုနိုင်ရင်တောင် အနည်းဆုံးတော့ရပ်တန့်သွားခဲ့တယ်။နောက် မြန်မာလူမျိုးအားလုံးနီးပါးလိုပဲ လွတ်လပ်ခွင့်တွေရုတ်တရက်ဆုံးရှုံးသွားတဲ့အပေါ်ဘယ်လိုတုံ့ပြန်ရမလဲမသိဖြစ်နေခဲ့တယ်။အာဏာသိမ်းခံရပြီးတစ်ပတ်လောက်ကြာတဲ့အထိ တဖြည်းဖြည်းကြီးထွားလာတဲ့ဆန္ဒပြမှုတွေကို အွန်လိုင်းပေါ်မှသာနေ့စဉ်နေတိုင်းစောင့်ကြည့်ခဲ့သော်လည်း ကိုယ်တိုင်ဆန္ဒထွက်ပြရန်မူ တွန့်ဆုတ်နေခဲ့သည်။"ကျွန်တော် Generation Zတွေမမြင်ဖူး၊မကြားဖူးတာတွေကိုမြင်ခဲ့ကြားခဲ့ဖူးတယ်"သူကပြောတယ်"ဒါကြောင့် အမှန်အတိုင်းပြောရရင် ကျွန်တော်လမ်းပေါ်ထွက်ပြီးဆန္ဒပြဖို့ကြောက်နေခဲ့တာ"

ဒါပေမဲ့ သူငယ်ချင်းတစ်ယောက်ရဲ့တိုက်တွန်းအားပေးမှုကြောင့်ရော၊ကိုယ့်ကိုယ်ကို ဟန်ဆောင်နေတဲ့အရေခြုံထားသူတစ်ယောက်လိုထင်လာတာကြောင့်ရော အဲ့ဒီအကြောင်းတွေကြောင့်ပဲ Cocoဟာစွန့်စွန့်စားစားလမ်းပေါ်ထွက်ဆန္ဒပြဖို့ဆုံးဖြတ်ဖြစ်ခဲ့တယ်။ ထို့နောက်မှာတော့ လက်လှမ်းမီသလောက်ကာကွယ်ရေးပစ္စည်းမှန်သမျှပြင်ဆင်ပြီးဝတ်ဆင်လိုက်တာမှာ သူ့ကိုယ်သူ 'ပါဝါရိန်းဂျား'နဲ့တောင်တူတယ်လို့ခံစားရတယ့်အထိပင်ဖြစ်ပါတယ်။ ထိုသို့ပြင်ဆင်ပြီးဆန္ဒပြချိန်မှာတော့ ရုတ်တရက်သေနတ်ပစ်ဖောက်သံတွေ ကျယ်လောင်စွာထွက်လာခဲ့တယ်။အဲ့ဒီအခါမှာဖြစ်သွားတဲ့ပုံစံကို Cocoကပြန်ပြောပြပါတယ်။

"အဲ့ဒါကိုပထမဆုံးကြားခဲ့တုန်းက 'ဒိုင်း!ဒိုင်း!ဒိုင်း!ဒိုင်း! ဆိုပြီးကြားရတာ၊ ပွင့်ပွင့်လင်းလင်းလင်းပြောရရင် အဲဒီ့တုန်းက ဘောင်းဘီထဲသေးထွက်ကျတော့မဲ့ဆဲဆဲပဲ။ ကျွန်တော်ထွက်ပြေးဖို့ကြံသေးတယ်၊ဒါပေမဲ့ခြေထောက်တွေမသယ်နိုင်တော့လို့ ထွက်မပြေးတော့ဘဲထိုင်ပဲထိုင်ချလိုက်တယ်။အဲ့ဒီမှာဒူးထောက်ထိုင်လိုက်ပြီး အသက်ပုံမှန်ရှူဖို့ကြိုးစားတယ်။ပြီးတော့အဲ့ဒါက ရုပ်ရှင်တွေထဲကလိုမဟုတ်ဘူး၊ရုပ်ရှင်တွေထဲမှာက အရာအားလုံးကနှေးသွားတာ။ အပြင်မှာကအရာအားလုံးက လျှင်လျှင်မြန်မြန်ပဲဖြစ်ပျက်နေခဲ့တာ။ လူတွေကထွက်ပြေးနေပြီး နေရာတိုင်းမှာလည်းအသံကျယ်ကြီးတွေနဲ့ အရာရာဟာအုတ်အော်သောင်းနင်းဖြစ်နေခဲ့တယ်။ဒါနဲ့ဒူးထောက်နေပြီးကျွန်တော်စဉ်းစားတယ် 'ဟုတ်ပြီ၊ဖြစ်တာကဖြစ်နေပြီ။အခုငါတို့အပစ်ခံနေရတယ်၊ဘာနဲ့ဆိုတာလည်းမသိဘူး၊ ဒါဆိုငါဘာဆက်လုပ်မလဲ'

ထို့နောက်မှာတော့Cocoဟာသူ့ထက်ငယ်ရွယ်တဲ့မိန်းကလေး၊ယောက်ျားလေးတွေကိုတွေ့လိုက်တယ်၊တချို့ဆို၁၅နှစ်တောင်မကျော်လောက်ပါဘူး။သူတို့လေးတွေက သေနိုင်တဲ့အန္တရာယ်ကိုကြုံနေရတာတောင်မျက်နှာပေါ်မှာသတ္တိကတော့အထင်းသားဗျ။အဲ့ဒါကိုမြင်လိုက်ရတော့ Cocoဟာတနည်းတဖုံပြန်ပြီးစိတ်ကိုစုစည်းနိုင်ခဲ့တယ်။ဖြိုခွင်းနှိမ်နင်းမှုပြီးသွားချိန်မှာတော့ လူငယ်ကလေးတွေကသူတို့ကိုယ်တိုင်လည်းကြောက်ခဲ့ကြောင်း၊ဒေါသထွက်ခံပြင်းခဲ့ကြောင်းတွေပြောပြီးသူ့ကိုနှစ်သိမ့်ပေးခဲ့ကြတယ်။ဒီလိုခံစားချက်တွေဆိုတာဖြစ်လေ့ဖြစ်ထရှိတယ်လို့လည်းပြောခဲ့ကြသေးတယ်။ဒါပေမဲ့သူတို့ရဲ့အဓိကပန်းတိုင်ကဒီမိုကရေစီပြန်ရဖို့ဖြစ်ပြီး ဒီလိုတုန်လှုပ်ချောက်ခြားနေခြင်းဟာ ပန်းတိုင်ရောက်ဖို့အထောက်အကူမဖြစ်ဘူးဆိုတာကိုလည်းကောင်းကောင်းနားလည်နေခဲ့တယ်။ Cocoကတော့ပြောတယ်"သူတို့ကနိုင်ချင်တာ..ဒါပေမဲ့ဒီတိုက်ပွဲပဲနိုင်ချင်တာမဟုတ်ဘူး၊အဲ့ဒီလိုနည်းနဲ့သူတို့ဟာစိတ်တည်ငြိမ်အောင်ထိန်းထားနိုင်တာ"ပြီးတော့သူဆက်ပြောတယ်"သူတို့ကသေရမှာမကြောက်ကြဘူး၊အချည်းနှီး အလကားသက်သက်သေသွားရမှာကိုသာကြောက်တာ"

ဒါနဲ့Cocoဟာ ဒီလှုပ်ရှားမှုကိုထိထိရောက်ရောက်ဘယ်လိုကူညီနိုင်မလဲဆိုတာ ဆင်ခြင်သုံးသပ်လိုက်တဲ့အခါမှာ သူတတ်ထားတဲ့ပညာတွေက သိသာတဲ့အဖြေတစ်ခုကိုပေးခဲ့တယ်၊အဲ့ဒါဟာ ဆေးလောကနဲ့ဆိုင်တဲ့အကူအညီတစ်ခုခုဖြစ်ရမယ်။ မမျှော်လင့်ထားတာကတော့ COVID ဖြစ်တုန်းကနိုင်ငံတစ်ဝှမ်းမှာရှိတဲ့ဆရာဝန်အချင်းချင်းဆက်သွယ်ရာမှာ အသုံးပြုခဲ့ရတဲ့ကွန်ယက်တွေက ဒီအချိန်မှာအသုံးကျလာတာပါပဲ။ဒီကွန်ယက်တွေသုံးပြီး အခုလိုခေတ်ဆိုးကြီးမှာ ဆရာဝန်တွေကဘယ်လိုကူညီပေးနိုင်မလဲဆိုတာတွေဆွေးနွေးခဲ့ကြတယ်။

စစချင်းမှာတော့ ဆရာဝန်တွေကဆေးကုသမှုပေးနိုင်တဲ့ယာယီစခန်းတွေဆောက်ပြီး လူနာတင်ကားတွေကိုလည်းရှေ့တန်းနောက်နားလေးမှာတင်နေရာချထားခဲ့တယ်။သူတို့ကျမ်းသစ္စာကျိန်ဆိုထားတဲ့အတိုင်း အယုတ်အလတ်မရွေးဆန္ဒပြသူတွေကိုရော စစ်သားတွေကိုပါ ထိခိုက်ဒဏ်ရာရရင်ကုသပေးဖို့အဆင်သင့်ဖြစ်နေခဲ့တာပေါ့။ တစ်ဖက်မှာတော့ စစ်တပ်ဟာ မေတ္တာနဲ့အခကြေးငွေမယူဘဲကူညီပေးနေတဲ့ဆေးအကူတွေကိုပစ်မှတ်ထားပြီးတိုက်ခိုက်ခဲ့တယ်။တချို့တွေသေတဲ့အထိရိုက်နှက်ခံရပြီး တချို့ဆိုစနိုက်ပါနဲ့ခေါင်းကိုချိန်ရွယ်ပြီးပစ်သတ်ခံခဲ့ရတယ်။Cocoက ဆရာဝန်၊သူနာပြုတွေက ရုံးမတက်လှုပ်ရှားမှု(CDM)မှာရှေ့ဆုံးကဦးဆောင်ခဲ့တဲ့သူတွေဖြစ်လို့စစ်သားတွေကအငြိုးထားနေတာလို့ ရှင်းပြပါတယ်။နောက်ဆက်တွဲရလဒ်အနေနဲ့ ဆရာဝန်တွေဟာ Cocoစကားယူပြောရရင် "ပုံမှန်လမ်းကြောင်းကနေသွေဖီ"ဖို့လိုခဲ့တယ်။လူနာတင်ကားတွေ၊ကြက်ခြေနီတွေ၊ဆေးစခန်းတွေဆိုပြီးလုပ်နေလို့မရတော့ဘူး၊ ခွဲခန်းသုံးဝတ်စုံ(Scrubs)တွေတောင်မဝတ်နိုင်တော့ဘူး။အရေးပေါ်လိုအပ်နေတဲ့ကုသမှုတွေကို လျှို့လျှို့ဝှက်ဝှက်နဲ့ သို့မဟုတ် အတတ်နိုင်ဆုံးလုံခြုံတဲ့အချိန်မှာမှ ကုသပေးခဲ့ရတယ်။ဆေးရုံတွေကိုစောင့်ကြည့်ပြီး စစ်သားတွေအနီးနားမှာမရှိဘူးဆိုမှတိတ်တဆိတ်သွားပြီး ဆေးကုရတယ်။ဒါပေမဲ့ စစ်သားတွေရှိနေပြီဆိုရင်တော့ တခြားနည်းလမ်းတွေရှာရတယ်။Cocoအပါအဝင်တခြားဆရာဝန်တွေဟာ ဆိုးရွားလွန်းတဲ့ထိခိုက်ဒဏ်ရာတွေကို အရင်ကကြုံဖူးပေမဲ့လည်း အခုကြုံနေရတာတွေကိုတော့ဘယ်အရာမှမမှီပေ။လက်ပြတ်ခြေပြတ်တွေ၊ မျက်နှာတစ်ခုလုံးပဲ့ထွက်တော့မတတ်ခေါင်းထိလာတာတွေ၊ စစ်မြေပြင်လိုအခြေအနေတွေနဲ့ ပစ်ခတ်မှုတွေ၊မီးလောင်မှုတွေကြားမှာဆေးကုရတာတွေ အားလုံးဟာအနိဌာရုံတွေဖြစ်လို့နေခဲ့တယ်။

ဒါတွေအားလုံးကြုံရတဲ့အခါမှာတော့ ဆရာဝန်တချို့ဆိုရင် ဆေးကုတဲ့လက်နဲ့ သေနတ်ကိုင်တဲ့လက် ဘယ်ဟာကလူ့အသက်တွေကိုပိုကယ်နိုင်မလဲလို့တောင်စဉ်းစားမိကြတယ်။ဒါဟာအကြမ်းမဖက်လှုပ်ရှားမှုရဲ့အားနည်းချက်ကို မီးမောင်းထိုးပြလိုက်သလိုပါပဲ။Cocoကအရင်ကဘယ်လိုထင်လဲဆိုတော့ နိုင်ငံတကာက ရိုဟင်ဂျာအရေးကနေစပြီး မြန်မာနိုင်ငံအပေါ် ရန်လိုသူတွေလို့မကောင်းမြင်နေတဲ့ အစွဲကို ချေဖျက်ချင်တဲ့စိတ်ကြောင့် အကြမ်းမဖက်လှုပ်ရှားမှုလုပ်ဖို့လိုတယ်လို့ စဉ်းစားခဲ့တယ်။Cocoကတော့" ဒီလုပ်ကြံဇာတ်လမ်းကြီးကို အမှန်တကယ်ယုံခဲ့မိလောက်အောင် တုံးအခဲ့မှုအတွက် တောင်းပန်လို့တောင်မလုံလောက်ပါဘူး။အဲ့ဒါဟာ စစ်တပ်ကတော်တော်ဆိုးဆိုးရွားရွားပုံဖော်ထားတဲ့ တစ်ဖောက်စောင်းနင်းလုပ်ကြံဇာတ်လမ်းကြီးပဲ။ အဲ့ဒီလိုစစ်တပ်ရဲ့လုပ်ကြံဇာတ်လမ်းကို ယုံခဲ့မိတဲ့အတွက်လည်း အင်မတန်အားနာရပြီးစိတ်မကောင်းဖြစ်မိပါတယ်" လို့အသိအမှတ်ပြုပြောဆိုခဲ့ပါတယ်။

အခုအချိန်မှာတော့ နိုင်ငံတကာကဝင်ပါဖို့အရိပ်အယောင်မရှိတော့သလိုဖြစ်နေပြီး တပ်မတော်ကလည်းပိုပြီးယုတ်မာရက်စက်လာတာနဲ့အမျှ လူတွေဘယ်လောက်ထိအကြမ်းမဖက်လှုပ်ရှားမှုကိုတောင့်ခံနိုင်မလဲဆိုတာ Cocoလည်းမသေချာတော့ပါဘူး။ Cocoဟာ စစ်တပ်ရဲ့ဓလေ့ထုံးစံတွေနဲ့သမိုင်းကြောင်းကို လုံးဝမသိသူတစ်ယောက်တော့မဟုတ်ပါ၊သူကယနေ့တွေ့နေရတဲ့ ဖက်ဆစ်ဆန်တဲ့အပြုအမူတွေဟာ ဒုတိယကမ္ဘာစစ်ကြီးတုန်းက တိုဂျိုရဲ့ အင်ပါယာစစ်တပ်(Tojo's Imperial Army)အောက်မှာ စစ်တပ်ခေါင်းဆောင်အများစုကသင်ယူခဲ့ရခြင်းကြောင့်ဖြစ်တယ်လို့ မှတ်ချက်ပေးပါတယ်။အဲ့ဒီအချိန်ကစပြီး စစ်တပ်မှာ အမိန့်တွေကိုမေးခွန်းပြန်မထုတ်ဘဲတသွေမသိမ်းလိုက်နာခြင်းအပါအဝင် ရက်စက်ကြမ်းကြုတ်မှုနှင့် စည်းကမ်းလိုက်နာမှုတွေဟာ သူကောင်းပြုစရာအရည်အချင်းတွေဖြစ်လာခဲ့တယ်။ ဒါကြောင့် တချို့စစ်သားတွေက ပြည်သူ့အကျိုးအတွက် ဆန္ဒပြသူတွေကိုသတ်နေရခြင်းသာဖြစ်တယ်လို့ အမှန်တကယ်ယုံကြည်နေကြတယ်ဟုCocoကယူဆထားပါတယ်။

ဒါနဲ့ပက်သတ်ပြီးCocoက သူ့အတွေ့အကြုံကိုပြန်ပြောပြပါတယ်။တစ်ခါကစစ်သားတစ်ယောက်ကသူ့ကိုဒီလိုပြောခဲ့တယ်"မင်းနောက်တစ်ခါ ထပ်မိုက်ရင် ငါမင်းကိုပစ်မှာနော်။ အခုဒါကိုလုပ်နေရတယ်ဆိုတာ မင်းတို့ကောင်းဖို့အတွက်ကွ။ မင်းတို့အသိစိတ်ပြန်ဝင်လာဖို့ဆို ပစ်လိုက်ဖို့လည်းဝန်မလေးဘူး။ဒီလိုလုပ်ဖို့ ငါ ရခိုင်ကနေတောင်လာခဲ့ရတာ"

Shwe Lan Ga LayComment