အဲ့ဒါကရုပ်ရှင်တွေထဲကလိုမဟုတ်ဘူး.....

ကျွန်တော်တို့တတွေ မြန်မာနိုင်ငံမှာဖြစ်ပျက်နေတာတွေနဲ့ပက်သတ်ပြီး လူတွေဘယ်လိုနားလည်ရင်ဆိုင်နေလဲဆိုတာကိုနားလည်ဖို့ အလွန့်ကိုအရေးကြီးပါတယ်။ ကျွန်တော်တို့တတွေဟာ တစ်ခါတရံမှာ သတင်းကိစ္စကြီးတွေမှာနစ်မြုပ်သွားပြီး လူတွေရဲ့စိတ်ခံစားချက်တွေ၊လူ့အကြောင်းတွေကိုမေ့နေတတ်ပါတယ်။မျှော်မှန်းလို့မရနိုင်တဲ့ရှုပ်ထွေးတဲ့အခြေအနေတွေကို သူသူကိုယ်ကိုယ်တွေ့ကြုံနေရတဲ့အခါမှာ လူတွေအကြောင်းမျက်ခြည်ပြတ်သွားတတ်ပါတယ်။

ဒါနဲ့ပက်သတ်ပြီး ဒီတစ်ပတ်အတွင်းလွှင့်မဲ့ အသံလွှင့်အပိုင်းကနေ ထုတ်ယူထားတဲ့အပိုင်းတိုလေးကိုဝေမျှချင်ပါတယ်။ဒီအပိုင်းလေးမှာ လူငယ်လေးတစ်ယောက်ရဲ့ လမ်းပေါ်မှာပျံဝဲနေတဲ့ကျည်ဆန်တွေနဲ့သေနတ်သံတွေကို ပထမဆုံးကြုံတွေ့လိုက်ရမှုအပေါ် ဖြစ်ပေါ်ခဲ့တဲ့ခံစားချက်တွေကို ရှင်းရှင်းလင်းလင်းတွေ့ရမှာဖြစ်ပါတယ်။ သူ့ရဲ့ အားငယ်ခဲ့မှုအပေါ်ရိုးသားပွင့်လင်းစွာပြောပြခြင်းကြောင့် လွတ်လပ်ရေးအတွက်အရာအားလုံးစွန့်လွှတ်ပြီးတိုက်ပွဲဝင်နေရတာဟာဘာနဲ့တူလဲဆိုတာကို အရင်ကမစဉ်းစားဖူးတဲ့အမြင်မျိုးနဲ့မြင်လာပါတယ်။ဒါ့ကြောင့်လည်း ဒီလိုလူငယ်လေးတွေကို ကိုယ်တတ်နိုင်တဲ့ဖက်ကထောက်ပံ့ဖို့ အလွန်လိုတယ်ဆိုတဲ့အတွေးတွေလည်းပေါ်လာပါတယ်။

အရာအားလုံးက လျှင်လျှင်မြန်မြန်ပဲဖြစ်ပျက်နေခဲ့တာ။ လူတွေကထွက်ပြေးနေပြီး နေရာတိုင်းမှာလည်းအသံကျယ်ကြီးတွေနဲ့ အရာရာဟာအုတ်အော်သောင်းနင်းဖြစ်နေခဲ့တယ်။
— Coco

"အဲ့ဒါကိုပထမဆုံးကြားခဲ့တုန်းက 'ဒိုင်း!ဒိုင်း!ဒိုင်း!ဒိုင်း! ဆိုပြီးကြားရတာ၊ ပွင့်ပွင့်လင်းလင်းပြောရရင် အဲဒီ့တုန်းက ဘောင်းဘီထဲသေးထွက်ကျတော့မဲ့ဆဲဆဲပဲ။ ကျွန်တော်ထွက်ပြေးဖို့ကြံသေးတယ်၊ဒါပေမဲ့ခြေထောက်တွေမသယ်နိုင်တော့လို့ ထွက်မပြေးတော့ဘဲထိုင်ပဲထိုင်ချလိုက်တယ်။အဲ့ဒီမှာဒူးထောက်ထိုင်လိုက်ပြီး အသက်ပုံမှန်ရှူဖို့ကြိုးစားတယ်။ပြီးတော့အဲ့ဒါက ရုပ်ရှင်တွေထဲကလိုမဟုတ်ဘူး၊ရုပ်ရှင်တွေထဲမှာက အရာအားလုံးကနှေးသွားတာ။ အပြင်မှာကအရာအားလုံးက လျှင်လျှင်မြန်မြန်ပဲဖြစ်ပျက်နေခဲ့တာ။ လူတွေကထွက်ပြေးနေပြီး နေရာတိုင်းမှာလည်းအသံကျယ်ကြီးတွေနဲ့ အရာရာဟာအုတ်အော်သောင်းနင်းဖြစ်နေခဲ့တယ်။ဒါနဲ့ဒူးထောက်နေပြီးကျွန်တော်စဉ်းစားတယ် 'ဟုတ်ပြီ၊ဖြစ်တာကဖြစ်နေပြီ။အခုငါတို့အပစ်ခံနေရတယ်၊ဘာနဲ့ဆိုတာလည်းမသိဘူး၊ ဒါဆိုငါဘာဆက်လုပ်မလဲ'

ကျွန်တော့်ဘေးကိုကြည့်လိုက်တော့ ကျွန်တော့်အသက်တစ်ဝက်လောက်ပဲရှိဦးမဲ့ကလေးတွေကိုတွေ့တယ်၊တချို့ဆိုမိန်းကလေးတွေ။သူတို့ကတကယ့်ကိုငယ်ငယ်လေးတွေ၊ ၁၅နှစ် ၁၆နှစ်လောက်ပဲရှိဦးမဲ့ညီလေး၊ညီမလေးတွေ။ သူတို့အားလုံးကရင်ဆိုင်ရမဲ့အန္တရာယ်ကိုအဆင်သင့်ဖြစ်နေကြတယ်။"


Shwe Lan Ga LayComment