ကံတရားနှင့် လျစ်လျူရှုခြင်း

မြန်မာနိုင်ငံမှာနှစ်ပေါင်းများစွာကြာအောင်ဘုန်းကြီးဝတ်ဖူးတဲ့ အနောက်တိုင်းသားတစ်ယောက်ရှိပါတယ်။ယခုဖြစ်ပေါ်နေသည့်အခြေအနေများနှင့်ပက်သတ်၍ ၎င်းသည်ကံတရား၏အကျိုးဆက်များကိုခံနေရခြင်းသာဖြစ်သည်ဟုဆိုကာ ပါဝင်ခြင်းမရှိဘဲ လျစ်လျူရှုထားခဲ့ပါတယ်။ ထိုအရာကို မခင်စုလှိုင်ကသတ္တိရှိရှိ ထုတ်ဖော်ပြောဆိုခဲ့ခြင်းအတွက်ကျေးဇူးတင်မိပါတယ်။

ထိုသို့ကြားသိခဲ့ရတဲ့အတွက်လည်း မြန်မာနိုင်ငံမှာရှိတဲ့အနောက်တိုင်းသားများကိုယ်စား မခင်စုလှိုင်ကိုကျွန်တော်တောင်းပန်ပါတယ်။ ဒီလွတ်လပ်ရေးအတွက်တိုက်ပွဲဝင်နေတဲ့ မြန်မာပြည်သူတွေကိုထောက်ပံ့နိုင်ဖို့ အစွမ်းကုန်ကြိုးစားပြီးကူညီပေးနေတဲ့ကျွန်တော့်လိုလူတွေအများကြီးရှိသေးတယ်ဆိုတာကိုလည်းပြောချင်ပါတယ်။အခုလိုမျိုး ကျွန်တော်တို့ကိုတရားအားထုတ်မှုတွေလုပ်ဆောင်နိုင်အောင်ကူညီပေးခဲ့တဲ့ မြန်မာပြည်သူတွေ လမ်းပေါ်မှာပစ်သတ်ခံနေရချိန် အိမ်ထဲနေရင်တောင်မလုံခြုံတဲ့အချိန်မှာ ကျွန်တော်တို့စိတ်အေးသက်သာစွာမနေဝံ့ပါဘူး။ ဒါကြောင့်ဒီကူညီမှုတွေကို ရပ်မှာမဟုတ်သလို ခဏတဖြုတ်တောင်အနားယူမှာမဟုတ်ပါဘူး။ မခင်စုလှိုင်ပြောတာတွေကို တရားကျင့်သူအသိုင်းအဝိုင်းက ကျယ်ကျယ်ပြန့်ပြန့်သိဖို့လိုပါတယ်။

သူမရေးထားတာက: "အရှင်က မြန်မာနိုင်ငံမှာလပေါင်းများစွာနေဖူးတယ်။ မြန်မာပြည်သူတွေရဲ့ ချစ်ခင်ကြင်နာမှု၊ကရုဏာတရားတွေနဲ့ပြုစုစောင့်ရှောက်တာကိုလည်းခံခဲ့ဖူးတယ်။

မှတ်မိသေးလားတော့မသိ..မလေးရှားကိုသွားတဲ့ခရီးစဉ်မှာ ရက်ရောလှတဲ့ဗမာဒါယကာ၊ဒါယိကာမတွေက နောက်ဆုံးပေါ်ဆမ်ဆောင်းဖုန်းကိုလှူဒါန်းခဲ့တာကို။ အဲ့လိုလှူနိုင်ဖို့အချင်းချင်းပိုက်ဆံကောက်ပြီးစုပေါင်းဝယ်ယူခဲ့ရတယ်။ အဲ့ဒါ အရှင်ကဖုန်းအဟောင်းလေးကိုပြင်ဖို့ဆိုင်လိုက်ရှာနေတယ်လို့သိရလို့ကျွန်မတို့လှူဒါန်းခဲ့တာပါ။ အဲ့ဒါကိုရတော့ အရှင့်မှာ ပျော်တပြုံးပြုံးဖြစ်နေပြီးဝမ်းသာနေခဲ့တာကို မှတ်မိပါသေးတယ်။ အီတလီကိုသွားခဲ့တုန်းကလည်း ကျွန်မအပါအဝင်အမျိုးသမီးလေးတွေဟာ ကိုယ်နဲ့မကျွမ်းဝင်တဲ့တိုင်းတစ်ပါးမှာအဆင်မပြေတာတွေရှိခဲ့တာတောင် အရှင့်အတွက်ဆွမ်း၊ဘောဇဉ်တွေအဆင်ပြေအောင်ဖန်တီးပေးခဲ့ပါတယ်။ မြန်မာနိုင်ငံမှာဘယ်နေရာသွားသွား အရှင့်လိုအပ်ချက်မှန်သမျှကိုပြည်သူတွေကဖြည့်ဆည်းပေးခဲ့ပါတယ်။

အခုလိုမျိုးမြန်မာပြည်သူတွေဒုက္ခရောက်နေချိန်မှာတော့ လုံးဝဥဿုံဥပေက္ခာပြုထားနိုင်ခြင်းအတွက် သိပ်ကိုကျေးဇူးတင်မိပါတယ်။ အရှင့်ဆီကကိုယ်တိုင်ကိုယ်ကျအကူအညီရဖို့မမျှော်လင့်ထားပါဘူး။နောက်ဆုံးမှာတော့ကိုယ့်အားကိုယ်ကိုးမှရမယ်ဆိုတဲ့အမှန်တရားကိုလည်းလက်ခံပြီးသားပါ။သို့သော်ကိုယ်ထိလက်ရောက်မကူညီရင်တောင် ကိုယ်ချင်းစာတရားလေး၊ ကြင်နာမှုလေးပြပေးနိုင်မယ်ဆိုရင်တောင် မိတ်ဆွေတစ်ယောက်အနေနဲ့လုံလောက်ပါလိမ့်မယ်။

အခုလိုမျိုးလျစ်လျူရှုထားနိုင်မှုအပေါ် ကံတရားရဲ့နိယာမကို အကြောင်းပြသည့်အတွက် ရယ်စရာဟုတောင်ထင်မိပါတယ်။ ဗုဒ္ဓတရားတော်တွေနဲ့ပက်သတ်ပြီးတော့ ကျွန်မအငြင်းမပွားလိုပါ။သို့သော် ဗုဒ္ဓအဆုံးအမတွေထဲမှာ 'ပေးသည်မှာထမင်းတစ်လုတ်၊ရေတမှုတ်ပင်ဖြစ်လင့်ကစား ထိုသူ့အပေါ်မှာကျေးဇူးရှိတယ်'ဆိုတဲ့ရိုးရှင်းတဲ့ အဆုံးအမလေးတစ်ခုရှိတယ်ဆိုတာကိုတော့ အရှင်သိအောင်ပြောပြချင်ပါတယ်။

ကျွန်မတို့ကိုယ့်ဘာသာကိုယ် အဆင်ပြေအောင်ကြိုးစားမှာပါ။ မြန်မာနိုင်ငံကြီး အရင်အခြေအနေအတိုင်းပြန်ဖြစ်သွားရင် သို့မဟုတ် ပိုကောင်းသွားရင်သာ အဲ့ဒီအချိန်ကျမှသာပြန်မလာပါနဲ့။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မတို့အပေါ်လျစ်လျူရှုထားနိုင်တဲ့ ကျေးဇူးမသိတတ်သူတွေကို ကျွန်မတို့ကြိုဆိုမှာမဟုတ်လို့ပါပဲ။အခုလိုလိုအပ်ချိန်မှာ ကူညီပေးသူတွေ၊စာနာပေးသူတွေကိုတော့ကျွန်မတို့အမြဲအမှတ်ရနေမှာပါ။"


ရွှေလမ်းကလေး ကိုကျေးဇူးအများကြီးတင်ပါတယ်။ တောင်းပန်ဖို့လည်းမလိုပါဘူး။ နိုင်ငံခြားသားတိုင်းဟာသူ့လိုမျိုးမဟုတ်ဘူးဆိုတာကို ကျွန်မတို့ကောင်းကောင်းသဘောပေါက်ပါတယ်။ တကယ်တော့ 'ရွှေလမ်းကလေး'လိုမျိုးအစွမ်းကုန်ကူညီပေးနေတဲ့သူတွေလည်းအများကြီးပါ။

အဆုံးသတ်မှာကိုယ်ကိုယ်တိုင်ကြိုးစားမှအောင်မြင်မယ်ဆိုတာကိုလည်းနားလည်ပြီးသားပါ။ဒီဟာက ကျွန်မတို့အများစုအတွက်လက်ခံဖို့ခက်ခဲတဲ့အမှန်တရားလိုဖြစ်နေခဲ့ပါတယ်။အခုလိုမျိုး ယုတ်မာရက်စက်မှုတွေကို မမျှော်မှန်းနိုင်တဲ့အထိကြုံလာရတဲ့အခါ အနီးအဝေးမှာရှိတဲ့မိတ်ဆွေမှန်သမျှကို ကျွန်မတို့ကြုံနေရတာတွေအပေါ် မျက်နှာလွှဲခဲပစ်မလုပ်စေချင်တာပါ။ လျစ်လျူရှုမထားစေချင်တာပါ။

ဒါပေမဲ့ အခုအချိန်မှာတော့ ကျွန်မတို့တွေဟာပြင်ပကိုသိပ်အားကိုးလို့မရဘူးဆိုတာလက်ခံလိုက်ပါပြီ။ ပြောရမယ်ဆိုရင် ဒါဟာကျွန်မတို့ရဲ့ လောကဓံကိုခံနိုင်ရည်ရှိမှုတွေ အမြော်အမြင်ရှိမှုတွေ တိုးတက်မြင့်မားလာအောင်အခွင့်အရေးပေးလိုက်သလိုပါပဲ။ ပိုပြီးအရေးကြီးတာကတော့ ငြိမ်းချမ်းနေတဲ့အချိန်တင်မကဘဲ အခုလိုမျိုးပျက်စီးယိုယွင်းနေတဲ့ခေတ်ကာလမှာတောင် တရားဓမ္မအားထုတ်ဖို့လိုတယ်ဆိုတာပါပဲ။ ဒီအခက်အခဲကြီးပြီးရင် ကျွန်မတို့အားလုံးပိုမိုကောင်းမွန်တဲ့လူသားတွေဖြစ်လာကြမှာပါ။

ကျွန်မအရင်ကပြောခဲ့သလိုပါပဲ အခုလိုကိုယ်ရောစိတ်ပါဆင်းရဲနေရချိန်မှာ ကိုယ်ချင်းစာတရား၊ကရုဏာတရားတွေလောက် ပေးနိုင်ရင်တောင် မိတ်ဆွေတစ်ယောက်အနေနဲ့လုံလောက်နေပါပြီ။

အခုလိုမျိုးနားလည်ပေးပြီးကိုယ်ချင်းစာပေးတဲ့အတွက် ထပ်ပြီးကျေးဇူးတင်ပါတယ်။ ဒီအရာကိုအမြဲတမ်းလည်းအမှတ်ရနေမှာပါ။ ဓမ္မက သင်နှင့်သင့်မိသားစုကို တွေ့ကြုံနိုင်တဲ့ဘေးအန္တရာယ်တွေကနေကာကွယ်စောင့်ရှောက်ပေးပါစေလို့ ဆုတောင်းပေးပါတယ်။

Shwe Lan Ga LayComment