ကဗျာဆရာတစ်ယောက်၏ ကဗျာမဆန်သော ခရီးကြမ်း

ကိုထူးသည် ကဗျာတွေကို ခုံမင်သည်။ အမှန်တရားကို လေးစားယုံကြည်သည်။ စာပေရဲ့ အနှစ်သာရကို အမြဲရှာဖွေပြီး မိမိကိုယ်တိုင်ရဲ့ ဘ၀ကို စာပေဖြင့်တည်ဆောက်ရန် လမ်းကြောင်းကိုလည်း ရွေးချယ်ထားခဲ့သည်။


သို့သော် ဘ၀က ရိုးရှင်းသယောင်ယောင်ဖြင့် ဆန်းသည်။ သေချာပြီဟု ထင်ထားသမျှ အကုန် ပျောက်လေပြီ။ စစ်တပ်က တရားမ၀င် အာဏာသိမ်းသည်။ စာအုပ်တိုက်တော်တော်များများ ပိတ်သွားသည်။ ပြည်သူအများစုလည်း စတင်သပိတ်မှောက်တော့သည်။ ကိုထူးကို စာအုပ်ထုတ်ပေးမည့် စာအုပ်တိုက်ပိုင်ရှင်ကား ဆန္ဒပြပွဲရောက်နေပြီဖြစ်သည်။ ကိုထူး၏ စာပေအသိများကလည်း လက်ရှိအခြေအနေကို ကောင်းကောင်းသဘောပေါက်စေသည်။ ထို့ကြောင့် ကျောင်းသားသပိတ်များတွင် ပါ၀င်လှုပ်ရှားရင်း မြန်မာစစ်တပ်၏ အကြမ်းဖက်များ စတင်ချိန်တွင် အခြေအနေကို သေချာသုံးသပ်နေခဲ့သည်။ လမ်းစရိတ်အတွက် ရရာအလုပ်ကို နှစ်လခန့် ရုန်းကန်ရင်း လွတ်မြောက်နယ်မြေသို့ ခြေဆန့်ရင်း ကဗျာရေးသောလက်များကို လက်နက်ကိုင်သောလက်များအဖြစ် ပြောင်းလဲခဲ့သည်။ ဆေးတပ်တွင် ၀င်ရောက်စစ်မှုထမ်းပြီး သေနတ်တဖက် ဆေးထိုးအပ်တဖက်ဖြင့် ရှေ့တန်းသို့ အကြိမ်ကြိမ်ရောက်ခဲ့ရသည်။ သို့သော် နယ်မြေခံအဖွဲ့၏ စီမံဆောင်ရွတ်မှုနှင့် ရည်ရွယ်ချက်ကို တဖြည်းဖြည်း သိမြင်လာပြီး လက်နက်ကိုင်တော်လှန်ရေးသည် ကိုထူးအတွက် ဝေဝါးသော အိမ်မက်တခု ဖြစ်လာခဲ့သည်။ တနေ့ ကိုထူး၏ လက်နက်ကိုင်သောလက်ကို အရှိန်ပြင်းပြင်း ပုတ်ချခံရသည် နေ့ရက်တွေရောက်လာခဲ့သည်။ အထက်ပါအကြောင်းအရာများကို တော်လှန်ခြင်းများနှင့် ခေတ်သစ်မြန်မာပြည် podcast တွင် နားဆင်နိုင်ပြီ ဖြစ်ပါသည်။