​အရှင်သရဏ


ချက်ကိုစလိုဗက်ကီးယားနိုင်ငံသားအရှင်သရဏ၏ရဟန်းပြုဖြစ်ပုံဇာတ်ကြောင်း" မြန်မာနိုင်ငံမှာလူသိများထင်ရှားတဲ့အရှင်သရဏကို ရဟန်းဝတ်ဖို့စေ့ဆော်တိုက်တွန်းခဲ့တဲ့အရာနှစ်ခုရှိပါတယ်။ ပထမတစ်ခုက၁၉၇၈ခုနှစ်ကထွက်ရှိတဲ့နာမည်ကြီးကွန်ဖူးဂန္တဝင်'ရှောင်လင်ဂိုဏ်း၏၃၆ခုမြောက်အခန်း'ရုပ်ရှင်နှင့် အခြားတစ်ခုမှာ ချက်ခ်ဘာသာသို့ပြန်ဆိုရေးသားထားသော၁၉၄၃၊အဲလစ်ဘေလီ၏ဂန္တဝင် 'အဖြူရောင်မှော်စွမ်းအားကျမ်း(ဝါ)ကျင့်ကြံသူ၏လမ်းစဥ်'လို့သိကြတဲ့စာအုပ်ဖြစ်ပါတယ်။ရုပ်ရှင်ထဲကဘုန်းတော်ကြီးကအကြမ်းဖက်မှုတွေကို ငြိမ်းချမ်းစွာတုံ့ပြန်ခဲ့သည်ကိုလေးစားအားကျမိသည်ထက်ပင် ထိုစာအုပ်ကအရှင်သရဏအားမှော်စွမ်းအားနောက်ကိုလိုက်ရန်ပို၍ပင်လှုံ့ဆော်နိုင်ခဲ့သည်။ သို့သော်အရှင်သရဏအကယ်စင်စစ်ရယူပိုင်ဆိုင်လိုသည်မှာ စိတ်အာရုံကိုလှည့်စားရုံမှော်အစွမ်းမဟုတ်ဘဲ တကယ့်အစစ်အမှန်စိတ်စွမ်းအားများသာဖြစ်ပါတယ်။

အရှင်သရဏ၏ငယ်ဘဝအကြောင်းကိုပြောရမည်ဆိုလျှင်အရှင်သရဏသည်ချက်ခ်နိုင်ငံ ပီဆန်မြို့ရှိအလယ်အလတ်တန်းစားမိသားစုမှပေါက်ဖွားလာသူဖြစ်သည်။အရှင်သရဏသည် ကက်သလစ်ဘာသာကိုရှေးဦးစွာစိတ်ဝင်စားခဲ့သော်လည်းအထက်ဖော်ပြပါစာအုပ်က အရှင်သရဏအား​ မိမိအလိုရှိသောစိတ်စွမ်းအားများရရန် သက်သတ်လွတ်စားပြီးဗုဒ္ဓဘာသာဝင်ဘုန်းကြီးတစ်ပါးဖြစ်ခြင်းမှလွဲ၍အခြားမရှိဟုဆုံးဖြတ်ချက်ချစေသည်အထိ​ပြောင်းလဲခဲ့သည်။ထိုအချိန်မှစ၍ဆယ်ကျော်သက်အရွယ်ကပင်ဆရာတော်သည်အသားငါးစားခြင်းကိုရှောင်ကြဉ်၍ဗုဒ္ဓဘာသာသင်ကြားပေးနိုင်မည့်ဆရာကိုလိုက်လံရှာဖွေခဲ့သည်။သို့သော် ချက်ခ်နိုင်ငံတွင်ဗုဒ္ဓဘာသာကိုကျင့်သုံးသည့်တစ်ဦးတစ်ယောက်မျှကိုယ်ပိုင်အစွမ်းအစဖြင့်ရှာမတွေ့ခဲ့ချေ။

နောက်ဆုံးတွင်အရှင်သရဏသည်ထေရဝါဒဘုန်းကြီးတစ်ပါးနှင့်ချိတ်ဆက်ပေးနိုင်သည့် 'ဇန်း'ဘုန်းကြီးကျောင်းအားဆက်သွယ်နိုင်ခဲ့သည်။ထိုဘုန်းကြီးသည်အရှင်သရဏအားချက်ခ်နိုင်ငံရှိဗုဒ္ဓဘာသာသင်ကြားပေးနေသည့်ကျင့်ကြံသူများနှင့်ဆက်သွယ်ပေးသဖြင့် အရှင်သရဏ၏ဗုဒ္ဓဘာသာဝင်အသိုင်းအဝိုင်းမှာတဖြည်းဖြည်းကျယ်ပြန့်လာခဲ့သည်။အစောပိုင်းတွင်အရှင်သရဏသည် မြေလျှိုးမိုးပြန်နိုင်ခြင်း၊ကိုယ်ယောင်ဖျောက်နိုင်ခြင်းစသည့် ဈာန်စွမ်းအားများရရှိရန်ဗုဒ္ဓဘာသာကိုလိုက်စားခဲ့သော်လည်း နောက်ပိုင်းတွင်ဗုဒ္ဓဘာသာကိုထဲထဲဝင်ဝင်သိလာသည့်အခါအကောင်းဆုံးသောစွမ်းရည်သတ္တိဆိုသည်မှာ လောဘ၊ဒေါသ၊မောဟတို့မှလွတ်မြောက်ခြင်းပင်ဖြစ်ကြောင်းသဘောပေါက်ယုံကြည်ခဲ့သည်။

ဒီအချိန်တွင်အရှင်သရဏသည်ချက်ချင်းပင်ဘုန်းကြီးဝတ်ချင်သော်လည်း ဗုဒ္ဓဘာသာသင်ကြားပေးသည့်ဆရာများကကျောင်းပြီးအောင်တက်ရန်အကြံပေးသဖြင့်ကျောင်းဆက်တက်ခဲ့သည်။ ထိုတွင်ဆရာတော်၏ဘဝမှာတဆစ်ချိုးပြောင်းလဲခဲ့ပြန်သည်။ကျောင်းတွင်အရှင်သရဏသည် အမျိုးသမီးလေးတစ်ဦးနှင့်ချစ်ကျွမ်းဝင်ခဲ့သည့်အပြင် ဝင်ငွေကောင်းသော အိမ်တိုင်ရာရောက်တီဗီရောင်းရသည့်အချိန်ပိုင်းအလုပ်လည်းရှာတွေ့ခဲ့သည်။ထို့ပြင်ဆရာတော်၏ဖခင်ကလည်း အင်္ဂလန်ရှိအောက်စဖို့ဒ် သို့ ကိန်းဘရစ်ချ်တွင်ဆက်လက်ပညာသင်ရန်တိုက်တွန်းခဲ့သည်။သို့သော်ဆရာတော်က ၎င်းအရာများပြီးပြည့်စုံအောင်လှုပ်ရှားရုန်းကန်ရင်းဖြင့်ပင်နောက်ဆုံးသေဆုံးသွားရမည်ကိုဆင်ခြင်မိသဖြင့် ၎င်းကြိုးစားအားထုတ်မှုမျိုးကိုအသိဉာဏ်ပညာမှန်ရဖို့ နှင့် ထာဝရငြိမ်းချမ်းမှုကိုလိုက်ရှာဖို့ အသုံးမချသင့်ပေဘူးလားလို့စဉ်းစားမိခဲ့သည်။

သို့သော်အရှင်သရဏသည်လူဝတ်ကြောင်ဘဝကိုလက်တွေ့စွန့်ခွာရန်ခက်ခဲနေသဖြင့် နတ်သိကြားများကိုဆုတောင်းခဲ့ရသည်ဟုဆိုသည်။ဆုတောင်းပြည့်သွားသည်ဟုပင်ဆိုရလောက်အောင်ဆရာတော်တို့၏နှစ်ယောက်အိပ် လေမွေ့ရာကြီးမှာပေါက်သွားခဲ့သည်။ထို့ကြောင့် ချစ်သူအမျိုးသမီး သူမ၏မိခင်အိမ်သို့သွားအိပ်ရသည်ကိုအခွင့်ကောင်းယူကာ ဆရာတော်သည်သူငယ်ချင်းတစ်ယောက်နှင့်သီရိလင်္ကာနိုင်ငံသို့သွားရန်စီစဉ်ခဲ့သည်။သို့သော်ချစ်သူအမျိုးသမီးကလက်လွှတ်မပေးချင်သောကြောင့် ဆရာတော်ကို ဗုဒ္ဓဘာသာဝင်တစ်ယောက်၏ဘဝအကြောင်းသိနိုင်ရန် သုံးလတာမျှသာ အချိန်ပေးမည်ဟုပြောခဲ့သည်။ သီရိလင်္ကာနိုင်ငံသို့ရောက်ပြီးများမကြာမီမှာပင် ဆရာတော်သည်ဗုဒ္ဓဘာသာမှာမိမိလိုက်ရှာနေခဲ့သည့်အရာဖြစ်ကြောင်းတထစ်ချယုံကြည်ကာ ချစ်သူအမျိုးသမီးနှင့်အဆက်အသွယ်ဖြတ်ခဲ့ပြီး ဘုန်းကြီးဝတ်ရန်ဖခင်ထံမှခွင့်ပြုချက်စာကိုတောင်းခံခဲ့သည်။ထို့နောက်ဆရာတော်သည် 'ဗုဒ္ဓနှင့်ပါဠိ'တက္ကသိုလ်တွင်ပညာသင်ကာကိုရင်ဝတ်ခဲ့သည်။ ဘွဲ့တစ်ခုရအပြီး လေးနှစ်အကြာ၂၀၁၂ခုနှစ်တွင်အရှင်သရဏသည် ပဉ္စင်းခံရန်မြန်မာနိုင်ငံသို့လာရန်ဆုံးဖြတ်ခဲ့ပြီးနောက် မြန်မာဘာသာကိုကြိုးကြိုးစားစားလေ့လာသင်ယူခဲ့သည်။ ထို့နောက်အွန်လိုင်းတွင်မြန်မာဘာသာစကားလေ့ကျင့်နိုင်ရန် ဖေ့စ်ဘွတ်အသုံးပြုခဲ့သည်။

​အရှင်သရဏသည်ဖေ့စ်ဘွတ်ပေါ်တွင် တဖြည်းဖြည်းလူသိများထင်ရှားလာပြီး တရားထိုင်ခြင်းနှင့်ဗုဒ္ဓဘာသာနှင့်ပက်သတ်သည့်မေးခွန်းများကိုဖေ့စ်ဘွတ်မှတဆင့်ဖြေကြားပေးခဲ့သည်။ထိုအထိအဆင်ပြေနေသော်လည်းမနှစ်ကဆရာတော်သည်ဘုန်းကြီးများငွေကိုင်ခြင်းနှင့်ပက်သတ်သည့်မေးခွန်းနှင့်စပ်လျှင်း၍ ၎င်းသည်ဝိနည်းချိုးဖောက်နိုင်သဖြင့် ကပ္ပိယတို့အားဘုန်းကြီးများအားဝတ္ထုငွေတိုက်ရိုက်မလှူကြရန်အကြံပေးသည့်အပြင် ၎င်းနှင့်ပက်သတ်၍ဗုဒ္ဓအဆုံးအမကိုအတိအကျလိုက်နာကြသည့်ဘုန်းတော်ကြီးကျောင်းများကိုပါစာရင်းပြုစု၍ပြခဲ့သည်။ ထို့ပြင်၎င်းကိုချိုးဖောက်သူတို့မှာ ရှင်ဒေဝဒတ်ထက်ပင်ဆိုးရွား၍ဘုန်းကြီးမဖြစ်သင့်ကြောင်းအထိ မဆင်ခြင်ဘဲပြောကြားမိသကဲ့သို့ဖြစ်သွားခဲ့သည်။ထိုသို့ဖြေကြားချက်သည်လူမှုကွန်ယက်ပေါ်တွင်ဂယက်ရိုက်စေခဲ့သဖြင့် သံဃာအစည်းအရုံးသို့ခေါ်ယူစစ်ဆေးခြင်းခံခဲ့ရသည်။ ဆရာတော်ကစာပေအထောက်အထားခိုင်ခိုင်လုံလုံနှင့်ပြန်လည်ရှင်းပြနိုင်ခဲ့သဖြင့် နောက်နောင်တွင်မြတ်စွာဘုရား၏တရားတော်တို့အားဟောပြသည့်အခါတိတိကျကျ ဆင်ဆင်ခြင်ခြင်ဟောပြောနေသ၍ဓမ္မအားဆက်လက်သင်ကြားခွင့်ပေးခဲ့သည်။

ယခုအဖြစ်အပျက်သည်အရှင်သရဏအတွက်စိတ်မချမ်းမြေ့ဖွယ်ဖြစ်သော်လည်း ၎င်းသည်ဆရာတော်အားဝိနည်းလေးစားလိုက်နာသောဘုန်းကြီးကျောင်းများနှင့်အဆက်အသွယ်ပေးခဲ့သည်။ယခုအခါဆရာတော်သည်ထိုကျောင်းများနှင့်ပူးပေါင်း၍ကပ္ပိယများနှင့်စာသင်သားတို့အား ဗုဒ္ဓ၏ဝိနည်းနှင့်ပက်သတ်၍မည်မျှပင်အလေးပေးခဲ့ကြောင်းနှင့် ဝိနည်း၏အရေးကြီးပုံကိုသင်ကြားပေးလျက်ရှိသည်။ထို့ပြင်ဆရာတော်သည် ဝိနည်းကိုပိုမိုလေးစားလိုက်နာစေရန်အလို့ငှာ အစိုးရက သံဃာတော်များအားပြန်လည်မွမ်းမံဖွဲ့စည်းရေးကို ထိထိရောက်ရောက်ဆောင်ရွက်ရန်မျှော်လင့်နေလေသည်။