Fire
ယခု Video တွင် စိတ်မချမ်းမြေ့စရာများပါဝင်ပါသည်။ အသက် ၈၀ ဝန်းကျင်ခန့်ရှိပြီ ဖြစ်သော အဘွားအိုသည်။ မီးလောင်ကျခဲ့သော နေရာတွင် ငိုကျွေးနေပါသည်။ ငိုကြွေးနေရသည့် အကြောင်းအရင်းများမှာ အခြားသက်ကြီးရွယ်အိုများကဲ့သို သဘာဝတရားကြောင့်မဟုတ်သလို သားသမီးများကြောင့်လည်းမဟုတ် ရောဂါကြောင့်လည်း မဟုတ်ပေ။ အခုလို ငိုကြွေးနေရသည်မှာ မိမိ၏နေအိမ်ကို မြန်မာစစ်တပ်က မီးရှို့သွားခြင်းကြောင့် ဖြစ်သည်။
ဒေါ်မေ သည် တော်ရုံတန်ရုံ စိတ်ဓာတ်ပြိုလဲတတ်သူမဟုတ်ပေ။ တစ်ဦးတည်းသော သမီးကိုလည်း မိမိ၏ ခင်ပွန်းမရှိပဲ အရွယ်ရောက် ပညာတတ်ဖြစ်အောင် ကျွေးမွေးနိုင်ခဲ့သည့် လူတစ်ယောက်ဖြစ်ပါသည်။ ရပ်ရွာအတွက် ကိစ္စများမှာလည်း အားတတ်သရောပါဝင်သူ တစ်ယောက်လည်းဖြစ်သည့်အတွက် တစ်ရွာလုံးမှ ချစ်ခင်သည့် လူတစ်ယောက်ဖြစ်ခဲ့ပါသည်။ သမီးအရွယ်ရောက် အိမ်ထောက်ကျသောအခါ ခင်ပွန်းဖြစ်သူ၏ ရွာသို့ လိုက်သွားသဖြင့် ဒေါ်မေ မှာ XXX ကျေးရွာတွင် တစ်ယောက်ထဲ ကျန်ခဲ့ရပါသည်။ သိုရာတွင် လူချစ်လူခင်ပေါများသော လူဖြစ်သောကြောင့် အစစအရာရာ အဆင်ပြေခဲ့ပါသည်။
ဒေါ်မေ၏ ကံဆိုးမိုးမှောင် ကျမှုသည့် စစ်အာဏာသိမ်းပြီး နောက်ပိုင်းမှ စတင်ခဲ့ပါသည်။ စစ်တပ်သည် ပထမ တစ်ကြိမ် ရွာကို ဝင်ရာတွင် တွေ့သမျှအိမ် မီးရှို့ဖျက်ဆီးခဲ့သည့်အတွက်ကြောင့် ဒေါ်မေ၏ အိမ်လည်းပါဝင်သွားခဲ့ပါသည်။ ထိုသတင်းကို ကြားသိရသော ရွာအနီးတဝိုက်မှ ဘုန်းတော်ကြီးများသည် ဒေါ်မေ၏ ဒုက္ခများကို စာနာကာ မိ၏ဆွမ်း အလှူငွေများကို အသုံးချပြီး ယာယီအိမ် တည်ဆောက်ပေးခဲ့ပါသည်။
သို့ရာတွင် မြန်မာစစ်တပ်၏ လမ်းကြောင်းသည် ဒေါ်မေ တို့ နေထိုင်သည့်ရွာကို နောက်တစ်ခေါက်ဝင်သဖြင့် ယာယီအိမ်ကိုလည်း နောက်ထပ်တစ်ခါဖျက်ဆီးသွားခဲ့ပါသည်။ ထိုအဖြစ်အပျက်များအတွက် ဘုန်းကြီးများ မှ မြေပြင်တာဝန်ရှိသူ တစ်ဦးနှင့် ဆက်သွယ်ကာ ဒေါ်မေ့ အတွက် ယာယီအိမ်ထပ်မံ ဆောက်ရန်အတွက် ကူညီပေးမည်ဟု့ ပြောသော်လည်း ဒေါ်မေ မှာ စိတ်ဓာတ်ဒဏ်ရာ ရသွားသဖြင့် “မိမိအား အိမ်မဆောက်ပေးပါနှင့် သူများတွေနဲ့ အတူတူ စစ်ဘေးရှောင်စခန်းမှာပဲ နေပါတော့မည်” ဟု့ ပြောခဲ့ပါသည်။ စိတ်ဓာတ်ခိုင်မာ သူတပါးကို ကူညီတတ်သော ဒေါ်မေ မှာ ယခုဆိုလျင် စိတ်ဓာတ်ကျလိုနေခဲ့ပါသည်။ ယခုအဖြစ်အပျက်များသည် ဝက်လတ်မြို့ပေါ်တွင် တကယ်ဖြစ်ပျက်ခဲ့ခြင်းဖြစ်ပါသည်။ နာမည်နှင့် ရွာ ကို တခြား အမည်များသုံးနှုန်းထားပါသည်။