အပိုင်း (၇၄) : အတိုက်အခိုက်ကြားက သတ္တိ

ငါးမိနစ်လောက်အချိန်လေးက သူ့အသက်ကိုကယ်နိုင်ခဲ့တယ်ဆိုပေမဲ့ Dr. Troyမှာ စိတ်မကောင်း ဖြစ်ရပါတယ်။

ဆေးပညာနဲ့ အသက်မွေးသူတွေကို ဖမ်းဆီးနေတဲ့နိုင်ငံမှာ Dr.Troy က လူနာတွေကို လျှို့ဝှက်စွာ ကုသပေးနေတဲ့ မြေအောက်ဆရာဝန်များကွန်ယက်မှ အဖွဲ့ဝင်ဖြစ်ပြီး ဖော်ပြလို့မရတဲ့ နေရာတွေမှာ ဆေးပစ္စည်းမလောက်မငှ ချို့ချို့တဲ့တဲ့နဲ့ လုပ်ကိုင်နေရပါတယ်။ ဒီနှစ်အစောပိုင်းတုန်းက အခြားဆရာဝန်တယောက်နဲ့ တာဝန်ချိန် အပြောင်းအလဲမတိုင်မီ လမ်းပိတ်လို့ နောက်ကျခဲ့ရာက မရောက်မီလေးမှာ စစ်သားတွေက လုပ်ဖော်ကိုင်ဖက် ဆရာဝန်ကို လက်နက်ကိုင်ဆောင်မှုနဲ့ ဖမ်းသွားပါတယ်။ ကိုင်တဲ့လက်နက်က.. ခွဲစိတ်ဓား။ အဲ့ဒီဆရာဝန်က အခုထိ ထောင်ထဲမှာမို့ Dr.Troy ဒီနေ့အထိတိုင် စိတ်မကောင်းဖြစ်နေရပါတယ်။

စစ်အုပ်စုက CDM ဆရာဝန်တွေကို လူမျိုးတုန်းသတ်ဖြတ်မှုနဲ့ စွပ်စွဲတာ မယုံနိုင်စရာပဲလို့ Troy က ပြောပါတယ်။ ဒီနေ့အထိ ဆေးဝန်ထမ်း ၆၀၀ ကျော် ဖမ်းဆီးခံထားရပြီး အပတ်တိုင်းလိုလို ဖမ်းဆီးခေါ်ဆောင်မှုတွေပိုများလာပါတယ်။ ဆရာဝန်တွေကို မတွေ့ရင် သူတို့မိသားစုဝင်တွေကို ခေါ်ဆောင်သွားကြတယ်။ တချို့နေရာတွေမှာ သတင်းပေးတွေက လူနာဟန်ဆောင် ထောင်ချောက်ဆင် ဖုန်းခေါ်ပြီး ဖမ်းတယ်။ စစ်အာဏာရှင်တွေရဲ့ ဖမ်းဆီးခြင်းခံရတာ ပေ့ါသေးသေးမဟုတ်ပါဘူး။ အချို့ဆရာဝန်တွေအကြောင်း လနဲ့ချီပြီး သတင်းမကြားတော့ဘူး။ ညှင်းပန်းနှိပ်စက်ခံရပြီး ရည်ရွယ်ချက်ရှိရှိ COVID ကူးစက်ခံပြီး တချို့လည်းအသက်ဆုံးရှုံးရတယ်။ "ကျွန်တော်တို့ အန္တရာယ်ကို သိတာပေ့ါ။ လုပ်ဖော်ကိုင်ဖက်တွေရဲ့အသက်ကို ကယ်ဖို့၊ ဆရာဝန်တယောက်အနေနဲ့ လူသားချင်းစာနာမှု တာဝန်တွေကို လိုအပ်တဲ့ ကြိုတင်ကာကွယ်မှုတွေနဲ့ အန္တရာယ်ကြားကပဲ လုပ်ရတာ။" သူ့နေရာမှာ အဖမ်းခံလိုက်ရတဲ့ ဆရာဝန်ရဲ့အခြေအနေကို မသိရလို့ စိတ်သောကရောက်နေတဲ့ Troy က လွတ်မြောက်ကျန်ရှိသူတယောက်အဖြစ် အပြစ်မကင်းသလိုခံစားနေရပါတယ်။

မြန်မာပြည် လက်ရှိအခြေအနေနဲ့ ကုသရေးပိုင်းမှာ ပြင်းထန်ဒဏ်ရာတွေကို သင့်တင့်အောင်ကုသဖို့ အလှမ်းဝေးနေပါတယ်။ ဆရာဝန်တွေ အချိန်မီ မရောက်နိုင်တဲ့အခါမှာ စွမ်းရည်အင်အားဖြည့်တင်းတဲ့အနေနဲ့ ဗမာပြည်သူတွေကို ဆေးပညာအခြေခံတချို့ကို လျှို့ဝှက်စွာ စတင်သင်ကြားပေးပါတယ်။ အခုချိန်ထိ စေတနာ့ဝန်ထမ်း ၁,၅၀၀ ကို သင်တန်းပို့ချပြီးပါပြီ။ "ပြည်သူတွေက သူတို့အချင်းချင်း စောင့်ရှောက်ဖို့ ယုံကြည်မှု ပိုရှိလာကြပြီလို့ ကျွန်တော်တို့ ပြန်ကြားရတယ်... ဘာကြောင့်လဲဆိုတော့ တယောက်ယောက် အရေးပေါ် အခြေအနေဖြစ်ရင် ဆေးရုံပြေးဖို့ မလုံခြုံဘူး၊ အပြင်ထွက်ဖို့ မလုံခြုံဘူး။ ဆေးရုံသွားတဲ့ လမ်းမှာတင် အပစ်ခံရနိုင်တယ်။"

ဒီလို သင်တန်းပေးဗျူဟာစခဲ့ဖို့ မတ်လ ၂၇ရက်နေ့မှာ ဖြစ်ခဲ့တဲ့ လှိုင်သာယာကို စစ်တပ်ဝိုင်းထားလိုက်တဲ့ အဖြစ်ဆိုးက ဖန်တီးပေးလိုက်တာပါ။ ဆရာဝန်တွေက အကြမ်းဖက်မှုတွေကို ကြိုတင်မှန်းထားပြီး ဆေးပစ္စည်းနဲ့ အထောက်အကူတွေကို နီးစပ်ရာဆေးခန်းတွေမှာ ပြင်ဆင်ထားပေမဲ့ စစ်တပ်က ဒဏ်ရာရသူတွေ လမ်းပြင်မထွက်အောင်—ဒါမှမဟုတ် ဆရာဝန်တွေ ဝင်လို့မရအောင် တားဆီးထားတော့ အချို့ ကုသနိုင်တဲ့ ဒဏ်ရာရသူတွေမှာ ရက်ပေါင်များစွာ ပိတ်မိနေလို့ ကုသခွင့်မရပဲ နောက်ဆုံးမှာ လက်လျှော့လိုက်ရတဲ့ အခြေအနေတွေ အများကြီးရှိပါတယ်။

COVID ကပ်ရောဂါ တတိယလှိုင်းမှာ Troy နဲ့ လုပ်ဖော်ကိုင်ဖက်တွေ ပူးပေါင်းလုပ်ရမယ့်ကိစ္စတွေ ရှိပါတယ်။ စစ်တပ်က အောက်စီဂျင်ပေးစက်တွေ တင်သွင်းနေတာကို တားမြစ်လိုက်လို့ အောက်စီဂျင်အိုးတွေက မှောင်ခိုဈေးကွက်မှာ တဟုန်ထိုးတက်နေပြီး အခြေအနေက ဆိုးရွားလွန်းပါတယ်။ အသက်ရှူဖို့ အတော်လေးရုန်းကန်ရတာမို့ ပြည်သူတွေ ကိုယ့်အားကိုယ်ကိုးဖို့ပဲ ရှိပါတော့တယ်။ "လက်ရှိမှာ ရောဂါကပြည်သူတွေကြား ထိန်းလို့မရအောင် ပျံ့နေပြီဆိုတာ လူတိုင်းသိပါတယ်"လို့ပြောတယ်။ "သူတို့က မကာကွယ်နိုင်ခဲ့ဘူးဆိုရင်တောင် ရောဂါသက်သာလို သက်သာငြား စပ်ဆေးဖော်ဆေးတွေကို ထိတ်လန့်တကြား သောက်နေကြတယ်။ နေ့တိုင်း လူနာတော်တော်များများ အိမ်မှာတင် ဆုံးပါးကြတယ်။ ကူးစက်မှုအသစ်တွေလည်း နေရာတိုင်း ပေါ်နေတယ်။ အပြင်ထွက် ဆန္ဒပြရင်း သေနတ်နဲ့ ပစ်သတ်ခံရနိုင်သလို အိမ်ထဲမှာနေရင်းလည်း COVID-19 နဲ့ အသက်ဆုံးနိုင်တယ်။"

အခြေအနေက ကြောက်စရာကောင်းနေသလောက် Troy က မျှော်လင့်ချက်အတွက် အကြောင်းပြချက်တွေ ရှိနေသေးတဲ့အကြောင်း ဒီနေ့ ဗမာပြည်သူတွေအများကြီးက လွတ်လပ်ရေးကို ဘယ်လောက်ထိ ဆာလောင်နေသလဲဆိုတဲ့အကြောင်း အနစ်နာခံမှုတွေ၊ အကောင်းမြင်မှုတွေကို သူ့ပုံစံအတိုင်း ပုံဖော်ထားပါတယ်။ “ကိစ္စတိုင်းမှာ မျှော်လင့်ချက် ရောင်ခြည်လေးတော့ ရှိတတ်ပါတယ်။ ဒီလောက် ဝမ်းနည်းစရာအခြေအနေမှာ နေရတာတောင်မှ ကျွန်တော်တို့ သမိုင်းမှာ တခါမှမကြုံဖူးတဲ့ စည်းလုံးမှုနဲ့ ရက်ရောမှု စေတနာတွေကို တွေ့ရတယ်။” ဒီလို ရဲရင်တဲ့ဆရာဝန်တွေဘက်က ဆန္ဒအလျောက် စွန့်စားပြီး ရပ်တည်ပေးကြတဲ့ ပြည်သူတွေအများကြီးကြောင့် လုပ်နိုင်တာမှန်သမျှ လုပ်သွားဖို့ စိတ်အားတက်ကြွနေတယ်လို့ Troy က ပြောပါတယ်။

အခုချိန်ထိ သူနဲ့သူ့လုပ်ဖော်ကိုင်ဖက်တွေရဲ့ ဆုံးရှုံးမှုအတိုင်းအတာကို သူ့အနေနဲ့ အသိအမှတ်ပြုရမှာဖြစ်ပြီး ဒီအခြေအနေတွေကို ရုန်းကန်လာတာ အခုဆို တနှစ်နီးပါးဖြစ်လာပြီ။ "စိတ်ရောလူပါ တကယ်ပင်ပန်းလွန်းအားကြီးနေတော့ ဆရာဝန်တွေအတွက် ဒီလိုအခြေအနေကို ကိုင်တွယ်ဖို့ အရမ်းခက်တယ်။ နေ့တိုင်း စိတ်ဒဏ်ရာရတယ်။ နောက်တကြိမ်ရပ်တည်ပြီး တိုက်ခိုက်ဖို့ တကယ်ခက်တယ်။ ဒီမှာပဲရပ်လိုက်ရင်လည်း လုပ်ထားသမျှ သဲထဲရေသွန် ဖြစ်ပြီ! ပေးဆပ်လိုက်ရတဲ့ အသက်ပေါင်းများစွာလည်း တခါတည်း ရေစုန်မျောသွားမှာ။" လူတွေအများကြီးက ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး အိပ်မက်အတွက် အသက်ပေးသွားခဲ့ကြပြီးပြီ။ အန္တရာယ်တွေမမှုပဲ စွန့်လွှတ်မှုနဲ့ ရှေ့ဆက်သွားနေကြတဲ့ ဆေးလောကမှ လူတွေကို ဂုဏ်ပြုလိုတဲ့ ဆန္ဒရှိတဲ့အကြောင်း ပြောပြပါတယ်။

စိတ်ဖိစီးမှုတွေ၊ စိတ်ဒဏ်ရာတွေကို ဖြေရှင်းဖို့ Troy က သူ့ရဲ့ မိုးကုတ်တရားကျင့်စဉ်တွေ ကြိုးစားဦးလှည့်ပေမဲ့ ဒီလိုအချိန်မှာတော့ တခြားသူတွေလိုပဲ သတိတရားမထားနိုင်ပဲ အာရုံစူးစိုက်ဖို့ မစွမ်းနိုင်ပါဘူး။ ဒါကြောင့် လုပ်ဖော်ကိုင်ဖက်ဆရာဝန်တွေရဲ့ ရဲဘော်ရဲဘက်စိတ်ဓတ်ကို အမှီပြုပြီး တွေ့ကြုံနေရတဲ့ အခက်အခဲတွေကို မျှဝေ အသိပေးပြီး စိတ်တည်ငြိမ်မှုရယူပါတယ်။ ဝင်လေထွက်လေကို ရှုမှတ်လို့မရတဲ့အခါတိုင်း ခန္ဓာကိုယ်အစိတ်အပိုင်းတွေဆီစိတ်ရောက်သွားပြီး တဖန် ဝင်လေထွက်လေကို ပြန်အားထုတ်ရပါတယ်။ ဒီလိုခက်ခဲနေတဲ့အချိန်တွေမှာ မိုးကုတ်နည်းက ကိုယ့်စိတ်ကိုယ် နားလည်စေတယ်။ "ဒီလို စိတ်ဒဏ်ရာဖြစ်ရတဲ့ အဖြစ်ဆိုးတွေနဲ့ ရင်ဆိုင်ပြီးတဲ့နောက်မှာ အတွေးတွေကို အာရုံစိုက်လာနိုင်တယ်။ ဒီခရီးကို အာရုံအပြည့်နဲ့ ရှေ့ဆက်နိုင်ပြီ။ ဒါက အရင်တုန်းက လေ့ကျင့်ထားတဲ့ တရားထိုင်တဲ့ အလေ့အထတွေကြောင့်လို့ ကျွန်တော်ထင်တယ်။"

ကမ္မဋ္ဌာန်းအားထုတ်ထားခြင်းက ဆေးကုတဲ့အခါမှာလည်း အထောက်အကူပြုတယ်။ ရောဂါရှာဖွေနိုင်စွမ်း၊ အခြေအနေကို ခွဲခြမ်းစိတ်ဖြာနိုင်စွမ်းနဲ့ ဆေးပညာဆိုင်ရာ လေ့ကျင့်မှုတွေနဲ့ ပြတ်ပြတ်သားသား ဆုံးဖြတ်နိုင်တဲ့စွမ်းရည်တွေက ကမ္မဋ္ဌာန်းအားထုတ်လို့ ထက်မြက်လာတာပါလို့ ပြောပြပါတယ်။

ဗုဒ္ဓဘာသာဝင်တဦးအနေနဲ့ ရန်သူတွေကို သူတို့တတွေ ဘယ်လောက်ထိတောင် ဆင်းရဲဒုက္ခရောက်ကြမလဲဆိုတဲ့အသိနဲ့ ကြိုးစားပြီး မေတ္တာပို့ပါတယ်။ ဘယ်လောက်ပဲ အပြင်မှာ ဘာတွေလုပ်လုပ် သူတို့စိတ်ထဲမှာ မိစ္ဆာအရိပ်မည်းကြီးက ထပ်ချပ်မကွာလိုက်နေမှာပါပဲ။ ရက်စက်ကြမ်းကြုတ်မှုတွေ ဆက်တိုက် ကျူးလွန်နေရင်တောင်မှ ကိုယ့်ကိုယ်ကိုယ် ညာပြီးရင်းညာ ကိုယ့်လုပ်ရပ် အမှန်တရားကို ကိုယ်တိုင် ဖုံးကွယ်ထားထားတဲ့အတွက် သူတို့စိတ်ထဲကအကြောက်တရားက သေချာပေါက်ကြီးထွားလာနေပါပြီ။ ဒါပေမဲ့ ခက်နေသေးတာက သူတို့က ရက်စက်ကြမ်းကြုတ်မှုတွေကို ကျူးလွန်မြဲ ကျူးလွန်ဆဲပါပဲ။

Troy ကတော့ ဆက်လျှောက်ရမယ့်လမ်းက ရှင်းပါတယ်။ "ကျွန်တော်တို့ အခုလက်မလျှော့နေသေးဘူး။ ဘယ်တော့မှလည်း မလျှော့ဘူး။ ကျွန်တော်တို့ တိုင်းပြည် စစ်မှန်တဲ့ ဒီမိုကရေစီ မရမချင်း ဘယ်တော့မှ လက်မလျှော့ဘူး။"

Shwe Lan Ga LayComment