ကရင်လူမျိုး - သဟဇာတဖြစ်မှု နဲ့ ဟာသအမြင်
မြန်မာအာဏာသိမ်းမှုက များစွာသောနိုင်ငံခြားသားတွေရဲ့ စိတ်ဝင်စားမှုနဲ့ အာရုံစိုက်မှုကို ဆောင်ကြဉ်းခဲ့ပါတယ်။ ထိုသူတို့အထဲကတချို့က မြန်မာပြည်နဲ့မြန်မာ့ယဉ်ကျေးမှုအကြောင်းကို တချို့တလေသိထားပြီးသူများဖြစ်ပါတယ်။ Free Burma Rangersရဲ့ တည်ထောင်သူဖြစ်တဲ့ David Eubank ဟာ မြန်မာပြည်ရဲ့ တိုင်းရင်းသားတွေကြားမှာ နှစ်ပေါင်းများစွာနေထိုင်ခဲ့သူဖြစ်ပါတယ်။ အောက်မှာဖော်ပြထားတဲ့ စကားစုလေးက Davidက သူ ကရင်ကျေးရွာတွေမှာ နေထိုင်ခဲ့တဲ့အချိန်တွေအကြောင်းကို မျှဝေထားခြင်းဖြစ်ပါတယ်။
“ကျွန်တော်တို့ ကရင်လူမျိုးတွေနဲ့ အချိန်အများကြီးဖြတ်သန်းရပါတယ်။ ကရင်လူမျိုးတွေအကြောင်း စကားတလုံးထဲနဲ့ ဖော်ပြရမယ်ဆိုရင် 'သဟဇာတဖြစ်မှု'ဆိုတဲ့ စကားလုံးကို ကျွန်တော်ရွေးဖြစ်မယ်ထင်တယ်။
သူတို့ကြားမှာ သဘောထားမတိုက်ဆိုင်မှုတွေရှိလည်းပဲ ညှိနှိုင်းကျေအေးနိုင်မယ့်အချက်တွေကို သူတို့ကြိုးစားရှာဖွေကြတယ်။ တချို့တန်ဖိုးထားမှုတွေအပေါ် ညှိနှိုင်းကျေအေးတတ်ကြပေမယ့်၊ သူတို့ရှင်သန်တဲ့ မူဝါဒတွေနဲ့ ကျင့်ဝတ်တွေဖြစ်တဲ့ ဖြောင့်မတ်မှု၊ ချစ်ခြင်းမေတ္တာ၊ သတ္တိ၊ သာတူညီမျှမှု အပေါ်တော့ သူတို့အလျှော့ပေးကျေအေးမပေးကြဘူး။ ဘေးကင်းလုံခြုံမှု၊ ပညာရေး၊ အဆင်ချောမွေ့မှုနဲ့ လှုပ်ရှားသွားလာမှုပုံစံတွေအပေါ်တော့ အဲ့လောက်မဖြစ်ကြဘူး။ ကျွန်တော်တို့ဆိုရင် တခြားအရာတွေထက် အဲဒါတွေတချို့ကို တန်ဖိုးထားကြတယ်။ ဒါပေမယ့် ကရင်လူမျိုးတွေကတော့ အမြဲတမ်း သဟဇာတဖြစ်မှုအတွက်သာ ရှင်သန်ကြတယ်။
သဟဇာတနဲ့ အများဆန္ဒ ဆိုတာ သူတို့လုပ်တဲ့ပုံစံပဲ။ ဒါတွေကပဲ ကရင်လူမျိုးတွေရဲ့ ထူးခြားတဲ့လက္ခဏာဖြစ်လိမ့်မယ်။ ပြီးတော့ တချိန်လုံး ရယ်မော၊ ပြုံးပျော်နေကြတာရောပဲပေါ့။ တခါက ကျွန်တော် ပြင်သစ်အမျိုးသားတယောက်နဲ့ အဖြစ်ကို သွားသတိရတယ်။ သူက Foreign Legionတိုက်ခိုက်ရေးသမားဟောင်းတဦးပါ။ ပြီးတော့သူက ကရင်တွေကို ဗော်လန်တီယာ တိုက်ခိုက်ရေးသမားတယောက်အဖြစ် ကူညီပေးခဲ့တယ်။ နောက်တော့ သူ့ကိုယ်ပိုင်စီးပွားရေးကို စတင်ခဲ့တယ်။ သူပြောတာက ကရင်တွေဟာ အရာရာတိုင်းကို ရယ်ပွဲဖွဲ့ကြတယ်တဲ့။ စိတ်ထိခိုက်စရာတခုဖြစ်နေရင်တောင် ရယ်စရာအဖြစ်ပြောင်းကြတာတဲ့။ တကယ်လဲ အမှန်ပဲဗျ။ ထိုင်းနိုင်ငံ မဲဆောက်မှာ သူ့စားသောက်ဆိုင် မီးလောင်သွားတုန်းက သူပြောတယ် 'ဘာဖြစ်လာမလဲဆိုတော့... ကရင်တယောက် ဒီနေ့လာလိမ့်မယ်၊ ပြာကျသွားတဲ့ ကျွန်တော့်စားသောက်ဆိုင်ကိုကြည့်လိမ့်မယ်။ စကားကောင်းတလုံးနှလုံးလောက်ပြောလိမ့်မယ်၊ ပြီးရင်တော့ သူတို့စပြီး ရယ်ပွဲဖွဲ့ကြလိမ့်မယ်'တဲ့ဗျ။ သေချာသလောက်ပဲ၊ တနာရီလောက်အကြာမှာ ကရင်ခေါင်းဆောင်တွေထဲက တယောက် ပေါက်ချလာတယ်။
‘မင်းရဲ့စားသောက်ဆိုင် ပြာကျသွားတာ ငါတအားစိတ်မကောင်းပါဘူး။ ဟားဟား။’
ဒီတော့ ပြင်သစ်လူလည်း အရမ်းစိတ်ဆိုးသွားတယ်။ 'ဒါကျုပ်စားသောက်ဆိုင်ဗျ။ တကယ်လို့ ခင်ဗျားအမေသေသွားလို့ ကျွန်တော်က ခင်ဗျာအမေဆုံးသွားလား၊ ဟားဟား၊ ဆိုခင်ဗျားဘယ်လိုနေမလဲ''။ အဲဒီနောက် ကရင်ခေါင်းဆောင်က 'ဘာပြောတယ်၊ ငါ့အမေဆုံးတယ်? ဟားဟား' တဲ့။
ဒါပေမယ့် သူတို့ ဆုံးရှုံးမှုတွေအပေါ်မှာလည်း ငိုကြွေးကြပါတယ်။ တခါက မှတ်မိနေသေးတယ်။ ကျွန်တော်တို့တတွေ စစ်ဘေးရှောင်ပြည်သူတချို့ကို ကူညီပေးနေခဲ့တုန်းကဖြစ်ပါတယ်။ မြန်မာစစ်တပ်က လိုက်လာတော့ သူတို့သယ်နိုင်သလောက်သယ်ပြီး မသေရုံတမယ်ပြေးကြတာပေါ့။ ကျွန်တော်က ကလေးတချို့ကို သူတို့တောင်းပလုံးတွေနဲ့အတူ ချီပိုးလာပေးတာပေါ့။ တောထဲကိုပြေးကြတာ၊ အဲဒီမှာသဲသောင်ပြင်အလယ်မှာရှိတဲ့ မြစ်ကြီးတစင်းကို ဖြတ်ရတယ်။ သဲသောင်အထိရောက်အောင် တဖြတ် ကူးဖြတ်ကြပြီး အဖွဲ့နဲ့အတူ သဲသောင်ပြင်အလယ်မှာ ကျွန်တော်နားနေတာပေါ့။ အဲဒီနောက်မှာ ရွာသားတွေက မြစ်ကမ်း၂ဖက်လုံးက သစ်တောတန်းထဲကို ဝင်ချသွားကြတယ်။ တကယ်ကြီးတဲ့ မုန်တိုင်းဝင်တိုက်ခတ်သွားတာ။ သစ်ပင်တွေလည်း လဲကျလာတာပေါ့။ အဲဒီမှာ သင်းအုပ်ဆရာတယောက်၊ သူ့နာမည်အဓိပ္ပာယ်က 'ဗမာကို နိုင်' တဲ့။ သူက ရယ်ရတဲ့လူတဦီးပါ။ သူက သူ့မိသားစုပစ္စည်းအားလုံး ဖြစ်တဲ့ ပန်းကန်ခွက်ယောက်၊ ဓားမ၊ အမဲလိုက်ပြောင်းရှည်သေနတ်၊ ပလတ်စတစ်ခြင်းအနည်းငယ်၊ ဆန်၊ ဆား၊ ငါးမျှားကိရိယာတွေထည့်ထားတာက တောင်း၄တောင်း၊ သူ့အသက်ကယ်ပစ္စည်းပစ္စယတွေက တောင်းတချို့၊ အဲဒါတွေအားလုံးကို သစ်ပင်ကြီးတပင်ဘေးမှာ သူကချထားတာ။ ပေ ၇၀၀လောက်မြင့်တဲ့ အဲဒီသစ်ပင်ကြီးတွေက ရုတ်တရက်လဲကျလာတော့ မိသားစုတွေလည်း ထပြေးကြတာပေါ့။ သူတို့ပစ္စည်းတွေအားလုံးတော့ တစစီကြေမွကုန်တယ်။ အဲဒီသစ်ပင်ကြီးက အချင်းပေ၂၀လောက်တောင်ရှိတဲ့ သစ်နီပင်လို အပင်ကြီး။ ထိခိုက်ဒဏ်ရာအပြင် သူတို့တွေရွှဲရွှဲစိုနေကြတာပေါ့။
တွေးကြည့်ပေါ့ဗျာ၊ ခင်ဗျားမှာဒီပိုင်ဆိုင်မှုလေးတွေပဲရှိတာကို အခုတော့ အဲဒီပိုင်ဆိုင်မှုအားလုံး သစ်ပင်အောက်မှာ မြုပ်ကုန်ပြီ။ 'ဘုရားသခင်က ကျုပ်ကို မုန့်းနေတာ' တို့၊ 'ဘုရားသခင်ဆိုတာ မရှိပါဘူး'တို့ ဆင်ခြေမတက်ဘဲ သူကဘေးဘီကိုကြည့်၊ ရယ်မောပြီး 'ကြည့်ပါဦး၊ ဘုရားသခင်က ကျုပ်ကို ထင်းတွေပေးတယ်ဗျ'တဲ့။
ဒါမျိုးက သိပ်ကို ကရင်ပီသတာမျိုးပေါ့။ ကရင်အိမ်တအိမ်ကို ကျွန်တော်ရောက်တုန်းက ကျွန်တော့်ကလေးတယောက်က ပန်းကန်တချပ်ခွဲလိုက်တယ်။ အဲဒီမှာ သူတို့က 'ကြည့်ဦီး၊ အခု ငါတို့ ပန်းကန်၂ချပ်ရပြီဟေ့'တဲ့။