အပိုင်း (၆၅) : မြန်မာပြည်သို့ မေတ္တာစာလွှာများ : ဓမ္မ၏ အရသာ


ကျနော်တို့ ထုတ်လွှင့်ဆဲ “မြန်မာပြည်သို့ မေတ္တာစာလွှာများ” အခန်းဆက်ရဲ့ စတုတ္ထမြောက်အပိုင်း ဖြစ်ပါတယ်။

အမြဲနားဆင်နေကျ သောတရှင်တွေ သိတဲ့အတိုင်းပါပဲ၊ ဒီအသံလွှင့်အစီအစဉ်ရဲ့ မူလရည်ရွယ်ချက်က မြန်မာပြည်မှာ တရားအားထုတ်ခြင်းနဲ့ ဗုဒ္ဓကျင့်စဉ်တွေအတွက် အာရုံစိုက်ပြီး စတင်ခဲ့တာပါ။ ဒါပေမဲ့လည်း အာဏာသိမ်းလိုက်ပြီးနောက်မှာ ဒီတာဝန်တရပ်လုံး လက်ရှိအရေးပေါ်ကိစ္စဘက်ကို ပြောင်းလိုက်ရပါတယ်။

ဒီအခန်းဆက်တွေက လက်ရှိမြန်မာပြည် အခြေအနေတွေကနေ လွတ်ရာလွတ်ကြောင်း နားဆင်ဖို့သင့်တယ်ဆိုပြီး ဖြစ်သလို ရည်ရွယ်ပြီး စီစဉ်ထားတာမဟုတ်ပါဘူး။ အထူးသဖြင့် လွတ်လပ်ပြီး လုံခြုံတဲ့နေရာကနေ အခုနားဆင်နေတဲ့ သောတရှင်တွေအတွက် ဖြစ်ပါတယ်။ အဲ့ဒါထက် ဒီအသံလွှင့်ပွဲတွေက သောတရှင်တွေရဲ့ နှလုံးသားက ရွှေနိုင်ငံအပေါ် ခိုင်ခိုင်မြဲမြဲ အမြစ်တွယ်နေဖို့ အထောက်အပံ့ဖြစ်ဖို့ ရည်ရွယ်ထားတာပါ။ နောက်ဆုံးဖြစ်ပေါ်နေတဲ့ ပြောင်းလဲမှုတွေကို ရင်ဆိုင်ဖို့ ရည်ရွယ်ချက်နဲ့  အားသစ်လောင်းဖို့ ဖြစ်ပါတယ်။

ဒီနေ့အပိုင်းလေးကို နှလုံးသားရှုထောင့်ကနေ တင်ဆက်ထားတာပါ။ ဓမ္မခရီးအတွက် မြန်မာပြည်ကို ရောက်လာခဲ့တဲ့ နိုင်ငံခြားသားသုံးဦးကို ဖိတ်ခေါ်ကြိုဆိုထားပါတယ်။ ရွှေနိုင်ငံတော်ကြီး အမှောင်နေ့ရက်တွေဆီ မရောက်သေးမီက အကြောင်းအရာတွေကို အလေးထား ပြန်ပြောင်းပြောဆိုထားတာပါ။ ဒါကြောင့် ဒီနေ့အပိုင်းလေးက နည်းနည်းတော့ အတိတ်ကို လွမ်းဆွတ်စရာလေး ဖြစ်ပါမယ်။ ဧည့်သည်တော်များကတော့—ရဟန်းတော်တပါး၊ ဆရာလေးတပါးနဲ့ ယောဂီတဦးတို့ ဖြစ်ပါတယ်။ သူတို့အပေါ် မြန်မာပြည်က ဘယ်လောက်လွှမ်းမိုးလဲ၊ သူတို့ရဲ့ တရားလမ်းကြောင်းပေါ် ဘယ်လို အထောက်အကူတွေ ရခဲ့သလဲ၊ ပြီးတော့ တိုင်းပြည်နဲ့ ပြည်သူက သူတို့အပေါ် မှာ ဘယ်လောက်ထိ နက်ရှိုင်းတဲ့ ကျေးဇူးတရားတွေ ရှိနေသလဲ ဆိုတာတွေ ပြောပြထားတာပါ။ သူတို့ရဲ့ စကားလုံးတွေ သုံးသပ်ချက်တွေက ဘယ်နေရာမှာမဆို တရားကျင့်ကြံကြသူတိုင်းအတွက် တန်ဖိုးကြီးလှပါတယ်။ 

ပထမဧည့်သည်တော်က အင်္ဂလန်နိုင်ငံမှ ဗုဒ္ဓဘာသာ သီလရှင် ဆရာလေးစန္ဒ ဖြစ်ပါတယ်။ သူမ (၁၅)နှစ် အရွယ်မှာ ခံစားမိတာလေးက “ဆရာလေးဘာလို့ ဒီမှာရှိနေတာလဲ၊ ဘဝဆိုတာ ဘာလဲ၊ လောကကြီးမှာ ဘာလို့ ဒုက္ခတွေများလိုက်တာလဲ ဆိုတာတွေရဲ့ အဓိပ္ပါယ်ကိုရှာဖို့ လိုအပ်နေပြီဆိုတဲ့ အသိက အလွန်အမင်း ကြီးစိုးနေခဲ့ပါတယ်။ နောက်ပြီး ဒုက္ခရဲ့အကြောင်းအရင်းမှန်က ဘာလဲ၊ ပြီးတော့ အကြောင်းပြချက် အထူးတလည်မရှိဘဲ ဒီဒုက္ခကို အကူအညီမဲ့စွာ ခံစားရမှာလား ဒါမှမဟုတ် ဆရာလေးတို့ ဒီဒုက္ခနဲ့ ပတ်သက်ပြီး တခုခုလုပ်နိုင်တာရှိမလား၊ နှလုံးသားတွေကို ပြောင်းလဲဖို့နဲ့  တုံ့ပြန်တဲ့ ကရုဏာတရားကို ရှာဖွေဖို့ပေါ့”။ ဒီမေးခွန်းတွေက လေးနှစ်ကြာပြီးနောက်မှာ ဆရာလေးကို ဆရာကြီးဦးဂိုအင်ကာ ဝိပဿနာ (၁၀)ရက်စခန်းများရှိရာ အိန္ဒိယဆီသို့ လမ်းကြောင်းတည်ပေးလိုက်ပါတယ်။ နက်နဲလှတဲ့ အတွေ့အကြုံတွေကြောင့် ဘဝတခုလုံးစာအတွက်ပဲလို့ သိရှိခဲ့ပါတယ်။ တကယ်ပါပဲ၊ (၁၀)နှစ်ကြာပြီးနောက် မြန်မာပြည်မြောက်ပိုင်းမှာ ဆံချပြီး သီလရှင်ဝတ်ဖို့ ပြင်ဆင်နေပါပြီ။ ဥပဇ္ဈာယ်ဆရာတော်မှာ သဲဖြူတောရ ဆရာတော် ဖြစ်ပါတယ်။ ဆရာကြီး ဦးဂိုအင်ကာ လမ်းစဉ်ဖြင့် တရားပြတဲ့ ဘုန်းတော်ကြီးတပါးလည်း ဖြစ်ပါတယ်။ ဆရာတော်က နက်နဲတဲ့ သမာဓိစွမ်းအားကို ပိုင်ဆိုင်ထားတယ်လို့လည်း နာမည်ကြီးပါတယ်။ ဆရာတော်က အခြေခံအားကောင်းလှတဲ့အတွက် သမာဓိကို လျင်လျင်မြန်မြန် ထူထောင်နိုင်တဲ့အကြောင်း ဆရာလေးစန္ဒ တွေ့ရှိထားပါတယ်။ အမှန်ပါပဲ။ မြင့်မြတ်တဲ့ဘဝ၊ နဂိုမူရင်း စင်ကြယ်ပြီးသား သီလ၊ ကိုယ်ကျင့်တရား၊ မြင့်မြတ်တဲ့ပါရမီနဲ့ အပြုအမူတွေကြောင့် ဖြစ်ပါတယ်။ ရာသီဥတုနဲ့ အစားအသောက် ခက်ခဲပေမဲ့ တွေ့ကြုံရတာအားလုံးက “မြတ်စွာဘုရားလက်ထက်ကို ပြန်ရောက်သွားသလိုပါပဲ”တဲ့။ ဆရာလေးအနေနဲ့ တရားသမားဘဝမှာ ဗမာတရားပြဆရာတွေ၊ ဒကာဒကာမတွေနဲ့ ကျယ်ပြန့်တဲ့ သာသနာ့အသိုင်းအဝိုင်းက ရရှိခဲ့တဲ့ အရာအားလုံးကို အခုပြန်ပြောပြတဲ့အခါ အခုအချိန်က ဆရာလေးအနေနဲ့ ပြန်လည်ပေးဆပ်ဖို့ အကောင်းဆုံးအချိန်လို့ ခံစားရကြောင်း ပြောပါတယ်။ အဆုံးမှာတော့ တရားကျင့်ကြံအားထုတ်သူတွေကို သတိပေးထားတာက “တရားထိုင်ခုံ(ကူရှင်)ပေါ်မှာ ကျင့်ထားသမျှတွေအားလုံးကို မိမိတို့ဘဝရဲ့ဘက်ပေါင်းစုံမှာ ဘယ်လိုအသုံးချမလဲဆိုတာ လေ့လာမှရတော့မယ်လို့ လုံးဝ ယုံကြည်ပါတယ်”လို့ မိန့်ကြားပါတယ်။  

နောက်ဧည့်သည်တော်တပါးက ဘိက္ခုရာဟုလာ ဖြစ်ပါတယ်။ လက်ရှိ မလေးရှားမှာ အားထုတ်နေတဲ့ မက္ကဆီကန်ရဟန်းတော် ဖြစ်ပါတယ်။ ဦးဇင်းလောင်းလျာရဲ့ ပထမဆုံး ဝိပဿနာ စခန်းကတော့ ဂျပန်မှာ ဖြစ်ပါတယ်။ ဆရာကြီး ဦးဂိုအင်ကာ လမ်းစဉ်အတိုင်း ဆရာလေးစန္ဒနဲ့အတူ အားထုတ်ဖြစ်ခဲ့တဲ့ ဘဝတဆစ်ချိုး အတွေ့အကြုံလည်း ဖြစ်ပါတယ်။ အကျိုးဆက်အနေနဲ့က ဇနီးဟောင်းနဲ့အတူ မြန်မာပြည်ကို အလည်ပတ်ထွက်ခဲ့ကြပြီး အဲ့ဒီက မူရင်းတရားဓမ္မ ကျင့်ကြံအားထုတ်နည်းပေါင်းများစွာကို လေ့လာခဲ့ကြပြီး သာသနာ့ဘောင်သို့ ဝင်ရောက်ဖို့ ဆန္ဒဖြစ်လာခဲ့ကြပါတယ်။ တရားစခန်းတွေမှာ နေထိုင်တာထက် ဘုန်းတော်ကြီးကျောင်းတွေမှာ နေထိုင်ဖို့ ရွေးချယ်ထားမှုက သူ့အဖို့ နက်နက်နဲနဲလေ့လာနိုင်တဲ့ အတွေ့အကြုံတွေ ရနေတာပါပဲ။ “တာဝန်ဝတ္တရားနဲ့ လွတ်လပ်မှုကို အတိုင်းအတာတခုအထိ ခံစားရတယ်။ ခင်ဗျားဘာလုပ်နေလဲ၊ တရားထိုင်နေလား မထိုင်ဘူးလား၊ ဘယ်သူမှစောင့်ကြည့်နေတာ မဟုတ်ဘူး။ တရားပြဆရာတွေက ခင်ဗျားကို တာဝန်ပေးထားပါတယ်၊ ဒါက မိမိစိတ်အတွက် မိမိမှာသာတာဝန်ရှိတယ်”။ အရှင်ရာဟုလာ သာသနာ့ဘောင်ကို ဝင်ရောက်ဖို့ မဆုံးဖြတ်မီ ယာယီရဟန်းခံဖို့ မြန်မာပြည်ကို နှစ်စဉ်နှစ်တိုင်းလာရောက်ကာ ဘုန်းကြီးကျောင်းပေါင်းစုံကို သွားရောက်ခဲ့ပြီး တရားပြဆရာတွေထံမှာလည်း လေ့လာခဲ့ပါတယ်။ အဲ့ဒီလိုလုပ်နေရင်း သိလာရတာက မြန်မာပြည်မှာ တရားဓမ္မနဲ့ ပတ်သက်တဲ့အတွေ့အကြုံက ကျင့်စဉ်တခုတည်းအတွက် ကန့်သတ်ထားတာမဟုတ်ဘဲ နာမည်အကြီးဆုံး စာပေတတ်ကျွမ်းတဲ့ ဆရာတော်ကြီးတွေထံမှ ပရိယတ္တိ သင်ယူဖို့ ကိုယ့်ကိုယ်ကိုယ် မြုပ်နှံခဲ့ပါတယ်။ ဒါကလည်း သူ့အတွက် တရားအားထုတ်တဲ့အခါ ကြီးမားတဲ့အကျိုးကျေးဇူးတောင် ဖြစ်ခဲ့ပါတယ်။ ဦးဇင်းမိန့်တာက “ဘဝမှာ တွေ့ကြုံရခဲ့တဲ့ အရေးကြီးဆုံးသောအရာက ဗမာပြည်က လက်ဆောင်လေးပါ။ ဆရာပေါင်းများစွာဆီက လေ့လာခဲ့ရတယ်၊ လူအများကြီးရဲ့ သဒ္ဓါတရားထက်သန်တဲ့ အထောက်အပံ့ကိုလည်း ဝမ်းမြောက်ဝမ်းသာ ခံယူခဲ့ရတယ်။ ဒါကြောင့် စကားလုံးတွေနဲ့ ဖော်မပြနိုင်အောင်ပါပဲ။ တန်ဖိုးဖြတ်မရပါဘူး။ ဦးဇင်းရဲ့ဘဝမှာ အကြီးမားဆုံးသော ရတနာ၊ ရည်စူးထားတဲ့ အရာတခု၊ ရည်မှန်းထားတာတွေ ဖြည့်ဆည်းနိုင်မယ်လို့ မျှော်လင့်ပါတယ်။ တရားဓမ္မနဲ့ သဒ္ဓါတရားထက်သန်ကြတဲ့ ဒီပြည်သူအားလုံးအပေါ် တာဝန်ထမ်းဆောင်ပေးပါမယ်။” အရှင်ရာဟုလာက အကျပ်အတည်းကို သူနားလည်ထားတဲ့အတိုင်း ဗုဒ္ဓဘာသာရှုထောင့်ကနေ မှတ်ချက်ပေးပါတယ်၊ “ဦးဇင်းတို့ ပထမဆုံး လုပ်ကိုလုပ်ရမယ့်အရာက ကိုယ့်ရဲ့တပ်မက်မှု-လောဘ၊ မနှစ်သက်မုန်းတီးမှု-ဒေါသနဲ့  မသိနားမလည်မှု-မောဟအတွက် ကိုယ်တိုင်တာဝန်ယူရမယ်။ အဲ့ဒါက ပထမဆုံးလုပ်သင့်တဲ့အရာပဲ။ ဘာကြောင့်လဲဆိုတော့ အဲ့ဒါတွေက ဦးဇင်းတို့ နှလုံးသားမှာ ရှင်သန်ဆဲ မို့ပါ”။  

နောက်ဆုံးအနေနဲ့ ဇန်နဝါရီ ၂၀၂၀ မှာ Breno Liberato နဲ့ မှတ်တမ်းတင်ထားခဲ့တဲ့အသံကို နားဆင်ရမှာပါ။ တခြားဧည့်သည်တော် ၂ပါးလိုပဲ သူ့ရဲ့ဝိပဿနာစခန်းကို ဆရာကြီး ဦးဂိုအင်ကာ လမ်းစဉ်အတိုင်း ပြသပေးတဲ့ ဘရာဇီးနေအိမ်အနီးရှိ ရိပ်သာတခုမှာ စတင်ခဲ့ပါတယ်။ ဒီအင်တာဗျူးက အာဏာသိမ်းပြီးနောက်ပိုင်း အခြားလွှင့်ခဲ့တာတွေနဲ့ တော်တော်လေး ကွဲပါတယ်။ COVID မတိုင်ခင်နဲ့ အာဏာမသိမ်းခင် တနှစ်တိတိက လူချင်းတွေ့ဆုံပြီး ဆွေးနွေးခဲ့ကြပါတယ်။ ဒါဆို စကားဝိုင်းက လုပ်ထားတာ သိပ်မကြာသေးခင်ကဆိုပေမဲ့ ဆက်တိုက်ဖြစ်ပွားနေတဲ့ အဖြစ်အပျက်တွေကြောင့် ရာစုနှစ်တောင် ကွာရသလို ခံစားရပါတယ်။ အခု ဒီစကားဝိုင်းကို နားဆင်ကြည့်ရင် ကြည်နူးရသလို ဝမ်းနည်းစရာလည်း ကောင်းပါတယ်။ လောကကြီးမှာ ပြန်မရနိုင်တော့တဲ့ ပြန်မလာနိုင်တော့တဲ့ အလင်းတန်းလေး တောက်ပခဲ့သလိုပါဘဲ။ Breno က မြန်မာပြည်ကို ရောက်တဲ့အကြောင်း၊ သူသွားဖို့ မျှော်လင့်ထားတဲ့ ဘုန်းကြီးကျောင်းနဲ့ ရိပ်သာတွေမှာ တရားတက်လမ်းအတွက် အစီအစဉ်တွေကို စိတ်လှုပ်ရှားပြီး ရွှင်လန်းတက်ကြွစွာ ပြောပြခဲ့ပါတယ်။ တချိန်တည်းမှာပဲ စကားတွေက လက်ရှိအခန်းဆက်နဲ့ အံဝင်ဂွင်ကျဖြစ်နေပြီ၊ သူ့အသင်းအဖွဲ့, ခြုံပြောရင်, ဗမာပြည်သူတွေဆီက အကျိုးထူးတွေ ခံစားခဲ့ရတဲ့ ဧည့်သည်တယောက်ရဲ့ နက်နဲတဲ့တန်ဖိုးထားမှုကို နားဆင်ရမှာပါ။ ဆရာလေးစန္ဒနဲ့ အရှင်ရာဟုလာတို့လိုပဲ Breno ကလည်း သူရဲ့အစောပိုင်း တရားအတွေ့အကြုံတွေကြောင့် အတော်လေး စိတ်လှုပ်ရှားခံစားခဲ့ရပါတယ်။ ထို့အတူပဲ၊ Breno လည်း ကမ္ဘာပတ်ပြီး သတိပဋ္ဌာန် လှုပ်ရှားမှုမှာ ပါဝင်ဖို့ စိတ်အားထက်သန်ခဲ့သူပါ။ ချမ်းမြေ့မြိုင်မှာ မေတ္တာသင်တန်းကို အရင် ကြိုးစားကြည့်သင့်တယ် ပြီးမှ ဆရာတော် ဦးတေဇနိယျရဲ့ စိတ္တာနုပဿနာကို လေ့လာမယ်လို့ သူ့ကို အထူးတလည် နှိုးဆော်နေသလို ခံစားမိခဲ့ပါတယ်။ ဒါက Breno အတွက် အရေးကြီးဆုံး နှိုးဆော်မှု ဖြစ်ခဲ့ပါတယ်။ သူပြောပြတာက “တခါတလေမှာ ကျနော်တို့ တရားထိုင်ဖို့ နှိုးဆော်စိတ်ကလေး ရှိနေတယ်။ ဘာကြောင့်လဲ တကယ်မသိပါဘူး။ အသိစိတ်မှာ တရားအားထုတ်ဖို့ဖြစ်လာရင် ဇဝေဇဝါတွေ အများကြီး ဖြစ်လာတတ်တယ်။ ဒါပေမဲ့ မကြာခဏဆိုသလိုပဲ လိုချင်နေတယ်လို့ ထင်တဲ့အရာကို ရှင်းရှင်းလင်းလင်းကြီး မြင်နေရတဲ့ အတွေ့အကြုံလည်း ရှိပါတယ်။ မိမိရဲ့ပင်ကိုဗီဇ၊ ဝမ်းတွင်းအသိနဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုကနေ စပါတယ်။ ပြီးတော့ ဒါ ကျနော် ကြိုးစားနေတဲ့အရာပါဘဲ။ ဆိတ်ငြိမ်ဖို့ဖြစ်လာနေတဲ့အခါ အလိုလိုသိနေတဲ့စိတ်နောက်ကို လိုက်သွားရုံလေးပါဘဲ။ အဲ့အသိမျိုးက ရှင်းရှင်းကြီး ပေါ်လာတာပါဘဲ။ ပြီးတော့ ဒါက လုပ်ကြည့်ဖို့ အရမ်းကောင်းတဲ့အရာလို့ ကျနော်ထင်ပါတယ်။”

Shwe Lan Ga LayComment