ကွန်ပြူတာပညာရေးကိုကျေးရွာသို့ယူဆောင်လာခြင်း

ကျွန်တော်တို့ရဲ့ ရန်ပုံငွေ တစ်စိတ်တစ်ပိုင်းကို ပုန်းရှောင်နေရင်း ကွန်ပျူတာပညာရေးကို သူမရွာမှာ စေတနာ့၀န်ထမ်းဖြန့်ဝေပေးနေတဲ့ CDM လုပ်သားတဦးကို ထောက်ပံ့နေပါတယ်။  အောက်မှာ သူမ အကြောင်းကိုဖတ်ရှုနိုင်ပါတယ်။


“ လစဉ်ထောက်ပံ့ပေးနေတဲ့ CDM IT နည်းပြဆရာမတစ်ယောက်က တစ်နေ့ကျွန်တော်တို့ကို စိတ်လှုပ်ရှားစွာဖုန်းဆက်ပြီး သူမရဲ့ မွေးရပ်ဇာတိမှာ အခြေခံကွန်ပျူတာသင်တန်းကို စတင်သင်ကြားနေပြီ ဆိုတာပြောပါတယ်။ အာဏာသိမ်းမှုမတိုင်မီက သူမက အသက်မွေး၀မ်းကျောင်းကောလိပ်တစ်ခုမှာ ဆရာမ လုပ်ခဲ့တယ်။ နောက်ပိုင်း CDM မှာပါဝင်လာတဲ့အခါ ၀န်ထမ်းအိမ်ရာက တိမ်းရှောင်ထွက်ပြေးရတယ်။ ကိုယ်ပိုင်ပစ္စည်းအားလုံး ထားခဲ့ရပြီး  တစ်လကျော်လမ်းပေါ်မှာ ကျွန်တော်တို့ရဲ့ အလှူငွေအနည်းငယ်နဲ့ အသက်ဆက်ရှင်ခဲ့တယ်။ ရက်သတ္တပတ်များစွာ လှည့်လည်တိမ်းရှောင်နေပြီး နောက်ဆုံးမိမိမွေးရပ်မြေ တောမြို့လေးကို ပြန်လာပြီး တိတ်တဆိတ်နေထိုင်ဖို့ ဆုံးဖြတ်လိုက်တယ်။  

သူမက ဇာတိမြို့ငယ်လေးကိုကြည့်ပြီး ကလေးတွေအိမ်နေရင်း ပညာဆက်သင်နိုင်ဖို့  ဘယ်လိုကူညီရမလဲ ဆိုတာစဉ်းစားတယ်။ အင်တာနက်နဲ့ ခေတ်မီနည်းပညာများရဲ့ ကျေးဇူးကြောင့် အလွယ်တကူ ပညာသင်ယူ နိုင်တဲ့ ခေတ်ဖြစ်တာကြောင့် သူမရဲ့ ကျွမ်းကျင်မှုကို အသုံးပြုပြီး ကလေးနှစ်ယောက် ကို အခြေခံကွန်ပျူတာ ပညာသင်ပေးဖို့ ဆုံးဖြတ်လိုက်တယ်။ အင်တာနက်ကို သုံးတတ်ရင် မိမိကြိုက်တဲ့ ဘယ်ဘာသာရပ်မဆို သင်ယူနိုင်တယ်။ ဆက်သွယ်ရေးအခက်အခဲများစွာ ကြုံတွေ့နေတဲ့ကာလမှာပင် ဒီမြို့ငယ်လေးက ကလေးနှစ် ယောက် ကွန်ပျူတာနဲ့အင်တာနက်ကို အသုံးပြုနိုင်တဲ့အတွက် အလွန်ကံကောင်းကြပါတယ်။ 

ကလေးနှစ်ယောက်ကို စသင်ပြီးနောက် သူမ ပိုစိတ်အားထက်သန်လာတယ်။ ကျွန်တော်တို့က အခြေခံ ကွန်ပျူတာကို သင်ယူချင်တဲ့တခြားကလေးများရှိသေးသလားလို့မေးတော့ သူမက “ ကျမတို့မြို့က အရမ်းငယ်ပြီး မိသားစုတော်တော်များများက အစိုးရ၀န်ထမ်းတွေ။ ကွန်ပျူတာ၀ယ်နိုင်ပြီး အိမ်မှာ wi-fi ရှိတဲ့ မိသားစုကနဲနဲဘဲရှိတယ်တဲ့။ ကျွန်တော်တို့က သူမ ကလေးတွေကိုသင်ဖို့ ဘာတွေလိုအပ်သလဲလို့မေးတော့ အဖြေကရှင်းပါတယ် - Broadband connection နဲ့ လက်ပ်တော့ပ် laptop တွေတဲ့။ 

ဒါနဲ့ ကျွန်တော်တို့ နီးစပ်တဲ့ မိတ်ဆွေတွေဆီက အလှူခံပြီး သူမအိမ်မှာ wi-fi နဲ့ တပတ်ရစ် လက်ပ်တော့ပ် တချို့ ၀ယ်ပြီးပို့ပေးခဲ့တယ်။ တခြားမိတ်ဆွေများကလဲ ရက်ရောစွာ သူတို့မသုံးတော့ပေမဲ့ ကောင်းသေးတဲ့ လက်ပ်တော့ပ်တွေ လှူဒါန်းကြပါတယ်။  ဒီလှူဒါန်းမှုဟာ ရပ်ရွာရှိကလေးများအတွက် သာမက CDM ၀န်ထမ်းများရဲ့ စိတ်ကျန်းမာရေးကိုပါ အကျိုးသက်ရောက်စေပါတယ်။ 

CDM ၀န်ထမ်းတော်တော်များများဟာ  ဒီခက်ခဲကြပ်တည်းတဲ့ ကာလမှာ သူတို့ရဲ့ ရပ်ရွာကို ပြန်ပြီး အကျိုးပြုလိုကြတယ်။  ကျွန်တော်တို့ CDM ဝန်ထမ်းများနဲ့ သူတို့ရပ်ရွာလူထုကို တတ်နိုင်သမျှ အကူအညီပေးနိုင်ဖို့ရန် စီစဉ်နေပါတယ်။ ဒါဟာလဲ မိတ်ဆွေတို့ရဲ့ စုပေါင်းပံ့ပိုးမှုဖြင့်သာ ပြုလုပ်နိုင်တာပါ။ မိတ်ဆွေများလဲ ရပ်ရွာအသိုင်းအဝိုင်းတွေကို အကူအညီပေးနိုင်လိမ့်မယ်လို့ ကျွန်တော်တို့မျှော်လင့်ပါတယ်။”

Shwe Lan Ga LayComment