သတ္တိရှိရှိလုပ်ဆောင်ခြင်း

အလှူရှင်တို့၏အလှူငွေများကို အဓိကအခရာကြသော စေတနာ့ဝန်ထမ်းများအားလွဲပြောင်းပေးလိုက်ပြီး သူတို့မှတဆင့် မြေပြင်တွင်လှုပ်ရှားနေသော တဦးချင်း သို့မဟုတ် အဖွဲ့အစည်းများနှင့် ချိတ်ဆက် ဆောင်ရွက်ကြရသည်။ ယခင်ပို့စ်တွင် သူတို့မြေပြင်၌ ရန်ပုံငွေများကို မည်သို့အသုံးပြုနေသည်နှင့် ရန်ပုံငွေများ မည်မျှအရေးတကြီးလိုအပ်နေသည်တို့ကို သူတို့ပြောပြသည့်အတိုင်း မျှဝေခဲ့ပါသည်။ ကျွန်တော်တို့၏ စေတနာ့ဝန်ထမ်းတဦး အငတ်ဘေးကြုံနေသည့် လှိုင်သာယာမှ ရပ်ကွက်များအား ထောက်ပံ့ရန်ကြိုးစားနေပုံ နှင့် အခြားနေရာများတွင်လည်း ဆန်ကိုအရေးတကြီး လိုအပ်နေပုံ တို့ကို မျှဝေခဲ့ပါသည်။

အောက်ဖေါ်ပြပါသည် အမှန်တရားဖက်မှရပ်တည်၍ CDM တွင်ပါ၀င်ရန် အလုပ်မှထွက်ပြေးတိမ်းရှောင် နေရသော ရဲအရာရှိတစ်ဦး အကြောင်းဖြစ်ပါသည်။ အဆိုပါအရာရှိသည် ပြီးခဲ့သည့်လက ထောက်ပံ့ကြေးငွေ ကမ်းလှမ်းချက်ကို ငြင်းဆိုခဲ့သည်။ သို့သော် လှုပ်ရှားမှုကျယ်ပြန့်လာသည်နှင့်အမျှ သူသည် သပိတ်မှောက်မှုကို ဆက်လက်ပြုလုပ်နိုင်ရန် အကူအညီလိုအပ်လာသည်။ 

ကျေးဇူးပြု၍ ဤလူမှုအသိုင်းအဝိုင်းများကို ကျွန်တော်တို့ဆက်လက်ထောက်ပံ့နိုင်ရန်အတွက် အလှူထည့်ဝင်ရန် စဉ်းစားပေးကြပါ။ 

အမေကကျွန်တော့ကိုအမြဲအားပေးတယ်။ အမေကခေါင်းအုံးအောက်မှာဓါးထားပြီးအိပ်တယ်။အရေးကြုံရင်ကာကွယ်ဘို့။ အမေလည်းကြောက်တယ်ဆိုတာကျွန်တော်သိပါတယ်။

“ကျွန်တော်အခုဘဲ CDM မှာပါ၀င်နေတဲ့ ရန်ကုန်ရဲအရာရှိတစ်ဦးနဲ့ စကားပြောခဲ့ပါတယ်။ သူကကျွန်တော့်ကိုမတ်လအစောပိုင်းကခေါ် ပြီး သူလှုပ်ရှားမှုမှာပါ၀င်တယ်လို့ပြောပေမယ့် အဲ့ဒီတုန်းက ထောက်ပံ့ငွေကမ်းလှမ်းတဲ့အခါ သူကငြင်းဆိုခဲ့ပါတယ်။ မလိုဘူးလို့ပြောပါတယ်။

ဒီနေ့သူပြန်ခေါ် ပြီး အထောက်အပံ့ရနိုင်ပါဦးမလားလို့ မေးပါတယ်။ စကားပြောကြရင်း ကျွန်တော်က

သူ့အကြောင်းကို ရှယ်လို့ရမလားလို့ မေးတော့ ရပါတယ်တဲ့။”

“ပထမတော့ မလိုပါဘူး၊ ဒါပေမဲ့နောက်ပိုင်း လိုအပ်တဲ့သူငယ်ချင်းတွေကို ကူညီဖို့ ကျွန်တော်စုထားတဲ့ ငွေတွေကိုသုံးရတယ်။ အမေကလဲသူ့စုငွေထဲက တပ်နိုင်သလောက် ကျွန်တော့်ကိုပို့ပါတယ်။ ဒါပေမယ့် အမေလည်း အခုအချိုန် တခြားလူတွေလိုပဲ ငွေကြေးအခက်အခဲတွေ ကြုံနေရတယ်။ ကျွန်တော့် သူငယ်ချင်းတချို့ကလည်း အကူအညီလိုတော့ နောက်ဆုံး ကျွန်တော့်ရွှေဆွဲကြိုး၊ လက်ပတ်နာရီ နဲ့ လက်စွပ်လို အဖိုးတန်ပစ္စည်းအားလုံးကို တချို့ရောင်း၊ တချို့အပေါင်ဆိုင်ပို့လုပ်ရတော့တယ်။

အရင်က ဗဟန်းရဲစခန်းမှာအလုပ်လုပ်ခဲ့တယ်။ အဲဒီတုံးက xxxxxx သံရုံးကိုစောင့်ဘို့တာဝန်ယူရပါတယ်။ မတ်လ ၁ ရက်နေ့မှာ တဖွဲ့ထဲက သူငယ်ချင်း ၆ ယောက်နဲ့အတူ CDM မှာလုပ်ဖို့ဆုံးဖြတ်ခဲ့တယ်။ အမေ့ကိုပြောပြီး သူ့ခွင့်ပြုချက်ကို အရင်ယူခဲ့ပါတယ်။ အမေက ကျွန်တော့်ကို CDM လုပ်ပြီး ပြည်သူတွေနဲ့အတူရပ်တည်သင့်တယ်လို့ပြောတယ်။ CRPH ကလည်း ကြေငြာချက်ထုတ်လိုက်ပြီ။

ပထမတော့ ကျွန်တော်တို့အတူတူထွက်ပြေးကြတယ်။ နောက်တော့ အတူတူနေရင် အားလုံးတတွဲထဲ ဖမ်းမိသွားမှာစိုးရိမ်လာလို့  လူစုခွဲလိုက်တယ်။ အကုန်လုံးကို လွယ်လွယ်နဲ့ ဖမ်းလို့မရအောင်လို့၊ သိတယ်မဟုတ်လား။ သူတို့အခုဘယ်ရောက်နေလဲဆိုတာ ကျွန်တော်လည်းမသိဘူး။ ကျွန်တော် xxxxx မြို့နယ်မှာလွန်ခဲ့တဲ့တစ်လကတည်းက ပုန်းနေတာ။

ကျွန်တော့်သူငယ်ချင်း တယောက်ကဖုန်းဆက်တယ်၊ သူကတပ်ထဲမှာရှိနေဆဲပါ။ အင်မတန်ယုံကြည် စိတ်ချရတဲ့သူတယောက်ပါ၊ လုံးဝပါးစပ်လုံသူပါ။ သူကကျွန်တော်တို့ကို ဖမ်းဖို့ ဝရမ်းထုတ်ထားပြီ လို့ပြောတယ်။ ကျွန်တော် ကြောက်လို့ အခုနေတဲ့ ဒီအခန်းကကိုမထွက်ရဲဘူး။  သူတို့က ကျွန်တော်တို့ကိုမဖမ်းနိုင်ရင် ကျွန်တော်တို့မိဘတွေကိုဖမ်းမယ်လို့လဲပြောတယ်။ 

အမေကပြောတယ်။ သူတို့အိမ်ကိုလာရှာပြီး ကျွန်တော်နဲ့အဆက်အသွယ်ရှိလားလို့မေးတယ်။ ကျွန်တော် အမေ့အတွက်အရမ်းစိတ်ပူတယ်။ အမေက “သားအမေ့အတွက်စိတ်မပူနဲ့။ အမေကိုယ့်ကိုယ်ကို စောင့်ရှောက်နိုင်တယ်။ CDM ကိုသာအနိုင်ရတဲ့အထိဆက်လုပ်ပါ”။ ကျွန်တော့်ကိုအမြဲအားပေးတယ်။ အမေကခေါင်းအုံးအောက်မှာဓါးထားပြီးအိပ်တယ်၊ အရေးကြုံရင်ကာကွယ်ဘို့။  အမေလည်း ကြောက်တယ်ဆိုတာ ကျွန်တော်သိပါတယ်။ အမေ့ရဲ့လုံခြုံမှုကို ကျွန်တော်စဉ်းစားမိတိုင်း စိတ်သောကရောက်ရသည်။ အဲဒါစိတ်အပူဆုံးဘဲ။

ဘာပဲဖြစ်ဖြစ် စမိမှတော့ဆုံးတဲ့အထိ၊ နောက်ဆုံးအောင်မြင်တဲ့အထိ ဆက်လုပ်ရမယ်။ နိုင်ကိုနိုင်မှဖြစ်မယ်။ အနိုင်ရတဲ့အထိ CDM ကိုဆက်လုပ်သွားမယ် ''