ပေးကမ်းခြင်း၏အန္တရာယ်များ

မကြာသေးမီက တင်ခဲ့သည့်  စေတနာ့ ၀ န်ထမ်း၏မှတ်တမ်း ကရန်ကုန်မြို့၏ ဆင်းရဲနွမ်းပါးသော ရပ်ကွက်များတွင် ကြုံတွေ့နေရသည့် ညှင်းပန်းနှိပ်စက်မှုများနှင့် လာရောက်လှူချင်သော အလှူရှင်များ၏ အခက်အခဲများကိုဖော်ပြထားပါသည်။ လှူဒါန်းရံပုံငွေတချို့ကို လက်ခံရယူပြီး ထိုဆင်းရဲနွမ်းပါးသည့် ရပ်ကွက်များတွင် အထောက်အပံ့များကို (အထူးဂရုထား၍) ဖြန့်ဝေရန် နည်းလမ်းများ ရှာဖွေနေသည့် နောက်စေတနာ့ဝန်ထမ်းတစ်ဦးထံမှ ယနေ့ ကျွန်တော်တို့ ကြားသိရပါသည်။

အလှူရှင်များ၏ လှူဒါန်းငွေသည် မြန်မာနိုင်ငံတွင် များစွာအရာရောက်သော်လည်း အန္တရာယ်များမရှိဟု မဆိုနိုင်ပါ။ စစ်တပ်က စားနပ်ရိက္ခာဖြတ်ခြင်း၊ ဆေးကုသခွင့်ကိုငြင်းပယ်ခြင်း နည်းလမ်းနှစ်ခုဖြင့် ပြည်သူများလုံးဝအရှုံးပေးသွားသည့်အထိ ခြေမှုန်းသွားရန်ကြိုးစားနေသည်။ အလှူရှင်များအား ချိန်းခြောက်ဖမ်းဆီးခြင်း၊ အလှူအထောက်အပံ့ပစ္စည်းများ အဓမ္မသိမ်းယူ၍ တပ်မတော် ထောက်ခံသူများနဲ့ သတင်းပေးများအားဝေမျှခြင်း၊ မြို့နယ်တခုလုံးကို ပိတ်ဆို့၍ စစ်အပ်ချုပ်ရေးကို မတရားအသင်းကြေညာခြင်းများဖြင့် ကြိုးစားနေသည်။ ၎င်းနည်းများအားလုံးသည် ယခင်က ကျင့်သုံးခဲ့သော စာအုပ်ဟောင်းကြီးထဲက အတိုင်းပင်ဖြစ်သည်။ ၂၀၀၈  ခု နာဂစ်မုန်တိုင်း မြစ်ဝကျွန်းပေါ်ဒေသ မွှေနှောက်ဖျက်ဆီးသွားချိန်  စစ်တပ်မှ တစ်ခုတည်းသောလုပ်ဆောင်ချက်မှာ စစ်သားများအားလမ်းများပေါ်တွင်စောင့်၍  ဒေသခံအလှူရှင်များ မုန်တိုင်းဒဏ် အဆိုးရွားဆုံး ခံလိုက်ရသည့်ရပ်ရွာများသို့ သွားရောက်မကူညီနိုင်ရန် ပိတ်ဆို့တားစီးခြင်းနှင့် နိုင်ငံတကာ အဖွဲ့အစည်းများမှ လှူဒါန်းသောအရေးပေါ် အကူအညီပစ္စည်းများအား မတရားသိမ်းပိုက်ခြင်းတို့ ဖြစ်သည်။

အလှူရှင်များ၏လှူဒါန်းမှုများသည် ယခုအချိန်တွင် မည်မျှတန်ဖိုးရှိကြောင်းနှင့် စေတနာ့ဝန်ထမ်းများ၏ သတ္တိရှိစွာဖြင့် အထောက်အပံ့များ လိုအပ်သောသူများလက်သို့ အမြန်ဆုံး ရောက်ရှိရန် ဆောင်ရွက်နေမှုများ အလှူရှင်များသိသာရန် ဖေါ်ပြလိုက်ခြင်းဖြစ်ပါသည်။ ဆက်လက်ပြီး ယခုလိုအပ်နေသောအချိန်တွင် ထောက်ပံ့ပေးပါရန်။

ဒီလိုဝမ်းနည်းစရာတွေဘယ်တော့များမှအဆုံးသတ်ပါ့မလဲ။

"ရိုးရိုးရှင်းရှင်းပေးကမ်းခြင်းလုပ်ရပ် ...... ။

...... အခုတော့ ဘာမှရိုးရှင်းတာမရှိတော့ဘူး။ ဆင်းရဲပေမဲ့ အလှူဒါနရက်ရောမှုမှာ မြန်မာပြည်ဟာ ကမ္ဘာသိပါ။ ဒါပေမဲ့ ဒီနေ့စစ်အာဏာရှင်လက်အောက်မှာ သူတစ်ပါးကိုငွေ၊ နေစရာနဲ့စားစရာ ပေးရင်အန္တရာယ်ကို ဖိတ်ခေါ်သလို ဖြစ်နေပါပြီ။ ပြီးခဲ့တဲ့ရက်အနည်းငယ်က အိမ်နီးချင်းရပ်ကွက်တခုက ဆန်ရောင်းသူတဦး ဆန်တစ်ကီလိုဝယ်ရင် သူကကီလိုဝက် ထပ်ဆောင်းလှူဒါန်းပြီး ကူညီနေတယ်။ ရပ်ကွက်သူရပ်ကွက်သားတွေ ဝမ်းသာအားရဖြစ်နေတုံး ညနေပိုင်းမှာစစ်တပ်ကသိသွားပြီး ဆိုင်ရှင်ကိုလာဖမ်းဆီးသွားကြတယ်။ နောက်ဥပမာတစ်ခုက လူငယ်တချို့ အရမ်းဆင်းရဲတဲ့ ဒေသတွေကိုသွားပြီး ဒေသခံတွေကို အစားအသောက်တွေ ဝေကြတယ်။ မကြာခင် ဒေသခံအာဏာပိုင်တွေ ရောက်လာပြီး အကုန်လုံးသိမ်းသွားတယ်။ လှူချင်ရင်ပစ္စည်းတွေကို သက်ဆိုင်ရာအစိုးရဌာနတွေကိုပေး သူတို့ကမှ တဆင့်လှူရမယ်လို့ပြောတယ်။ ဘယ်နည်းနဲ့မှ သူတို့လက်ထဲကိုထည့်လို့မဖြစ်နိုင်ဘူး။ အကုန်အခိုးခံရမှာ။

အများလိုဘဲ ကျွန်တော်လဲ လိုအပ်နေသူတွေကိုကူညီဖို့ကြိုးစားနေပေမဲ့ ကိုယ့်အန္တရာယ်အပြင် အခြားအခက်အခဲတွေလဲ အများကြီးကြုံနေရပါတယ်။ ကိုယ့်ကိုယ်ကိုသာမက အလှူလက်ခံသူတွေပါ ဘေးကင်းဘို့အတွက် အချိန်အများကြီးယူပြီး စီစဉ်ရပါတယ်။ အထူးသဖြင့် အဆင်းရဲဆုံးဒေသတွေကို အထောက်အပံ့တွေရောက်ဖို့ ပိုပြီးခက်ခဲပါတယ်။ အကြောင်းအမျိုးမျိုးတွေထဲမှာ အဲဒီဒေသတွေမှာ စစ်တပ်အင်အားအများဆုံးရှိနေတာလဲပါပါတယ်။

မကြာသေးခင်က ဆင်းရဲတဲ့ရပ်ကွက်တခုကို ဆန်လှူဘို့ ကျွန်တော်တို့ ၃ ရက်စီစဉ်ရတယ်။ လုပ်ငန်းမစခင် နှစ်ရက်အလိုမှာ တစ်မြို့လုံး စစ်တပ်ကစစ်ဆေးရေးဂိတ် check-points တွေ နေရာအနှံ့မှာလုပ်လိုက်လို့ ကျွန်တော်တို့ အလုပ်အတွက်ပိုပြီး အန္တရာယ်ကြီးသွားတယ်။ အချင်းချင်းဆွေးနွေးပြီးတော့ အရင်အစီအစဥ်အတိုင်း ဆက်လုပ်ဘို့ ဆုံးဖြတ်လိုက်တယ်။ အားလုံးကို အစကပြန်စပြန်ညှိနှိုင်းရမယ်ဆိုရင် အချိန်တွေ အများကြီးထပ်ကြာသွားလိမ့်မယ်။ အရမ်းကံကောင်းချင်တော့ အဲဒီနေ့က စစ်သားနဲ့ရဲတွေ လမ်းမကြီးတွေထက် ရပ်ကွက်တွေထဲ ပိုအာရုံစိုက်ပြီး ဂိတ်တွေမှာ အစောင့်တယောက်မှ မရှိဘူးဖြစ်သွားတယ်။

အဲဒီနေ့က ဆန်တွေကို ကြိုတင်စီစဉ်ထားတဲ့ပွိုင့်တွေမှာ ချပေးနိုင်ခဲ့တယ်။ အဲဒီကမှတဆင့် ရပ်ကွက်တွေကို ရောက်သွားပါလိမ့်မယ်။ ကျွန်တော်တို့နဲ့ တိုက်ရိုက်ဆက်သွယ်မှုမှာ လူကိုယ်တိုင်တွေ့ဆုံပြီး စိတ်ချယုံကြည်ရတဲ့သူ ၆ ယောက် ၇ယောက်ဘဲပါပါတယ်။ အဲဒီယုံကြည်မှုနဲ့တောင်မှ ကြောက်စိတ်က ရှိနေသေးတယ်။

သူတို့ဆီက ကြားရတာတွေက တကယ့်ကို ရင်နာဘို့ကောင်းပါတယ်။ လူတွေ ပိုက်ဆံမရှိလို့ ဆန်ကိုအိပ်နဲ့မဝယ်နိုင်ဘဲ ခွက်နဲ့ဝယ်နေရတယ်။ အများစုက ဒီဆန်ကိုကြာကြာစားနိုင်အောင် ကြိုပြီး ဆန်ပြုတ်လုပ်သောက်နေကြတယ်။ စားဝတ်နေရေးနဲ့ ငွေကြေးအခက်အခဲအပြင် ကြားရတာတွေက ပြီးခဲ့တဲ့ ဆန္ဒပြပွဲမှာ ဒဏ်ရာရတဲ့သူတွေ၊ ရိုက်နှက်သတ်ဖြတ်ခံရသူတွေ၊ အိမ်တွေကထွက်ပြေးတိမ်းရှောင်နေရသူတွေ၊ ဒီလိုဝမ်းနည်းစရာတွေ ဘယ်တော့များမှ အဆုံးသတ်ပါ့မလဲ။

၅နာရီ ၆ နာရီအတွင်းမှာ ကျွန်တော်တို့ လုပ်စရာရှိတာတွေ ပြီးအောင်လုပ်နိုင်ခဲ့ပြီး အိမ်ကိုပြန်လာခဲ့ကြတယ်။ အပြန်လမ်းမှာ နောက်တနေရာရပ်ဘို့ရှိပေမဲ့ အဲဒီရပ်ကွက်မှာ စစ်သားတွေ အများကြီးရောက်နေလို့ မရပ်နိုင်တော့ဘဲ အိမ်ကိုဘဲပြန်ခဲ့ကြတယ်။ အိမ်ကို အန္တရယ်မရှိ ပြန်ရောက်နိုင်ခဲ့ကြပါတယ်။

နောက်တော့ လိုအပ်တဲ့သူတွေဆီပို့ပေးလိုက်နိုင်ပြီဆိုတဲ့ ဖုန်းတွေဝင်လာပါတယ်။ ကျွန်တော်တို့ ကြားရတာ မျက်ရည်တောင်ကျရပါတယ်။ ဆန်ကိုလက်ခံရရှိသူအားလုံးက အရမ်းကျေးဇူးတင်ပြီး ဝမ်းသာစရာအကောင်းဆုံးက ဒီလိုအရည်အသွေးကောင်းတဲ့ဆန်မျိုး သူတို့တသက်မှာ တခါမှမစားဖူး ခဲ့ပါဘူးတဲ့။ ဒါပေမဲ့ ကြားရတဲ့အထဲမှာ ကျွန်ုတော်တို့အတွက် ကြည်နူးစရာအကောင်းဆုံးကတော့ ကိုယ့်အသက်အန္တရာယ်စွန့်ပြီး ဆန်တွေလက်ထဲ အရောက်ပို့ပေးလိုက်နိုင်ခဲ့တဲ့သူတို့တတွေ ဘယ်လောက် ပျော်နေကြတယ်ဆိုတာပါဘဲ။

ကျွန်တော်တို့က တယောက်ချင်းဆီကို ဆန်တွေအများကြီးပေးခဲ့ပြီး အခုလိုလည်း ရှင်းပြခိုင်းခဲ့ပါတယ်။ သူတို့ လက်ဝယ်မှာရောက်ရှိလာတဲ့ဆန်တွေကို ကြိုက်သလိုစီမံနိုင်တယ်၊ အခုအခြေအနေမှာ သူတို့အကြပ်အတည်းတွေ့နေရပေမဲ့ ဒီထက်မက အခြေအနေဆိုးတဲ့ သူတွေရှိလဲတယ်ဆိုတာ၊ တခြားသူတွေကို မျှဝေပေးနိုင်ရင် အဲဒါသူတို့အလှူသာဖြစ်တယ်၊ ကျွန်ုတော်တို့အလှူမဟုတ်ပါဘူး ဆိုတာပါ။ သူတို့တစ်ဦးချင်းစီက နောက်ပိုင်း ကျွန်တော်တို့ကြားရတာက သူတို့အိမ်နီးချင်းတွေကိုလည်း မျှဝေပေးရင်း အရမ်းပျော်ကြတယ်တဲ့၊ သူတို့ဘဝမှာဒီလိုအလှူမျိုးတခါမှ မလုပ်နိုင်ခဲ့ဖူးတဲ့၊ အခုလိုလှူဒါန်းခွင့်မျိုးရတာကို အထူးဘဲ ကျေးဇူးတင်ပါတယ်တဲ့။

အလှူရှင်များကိုလည်း ကျွန်တော်တို့လို တိုက်ရိုက်ကြားနိုင်ပြီး ကြည်နူးဝမ်းသာနိုင်ရင်  ဘယ်လောက်ကောင်းမလဲလို့ ဆုတောင်းမိပါတယ်။ ကျွန်တော်တို့အားလုံးက ကျေးဇူးတင်ပါတယ်လို့ပြောချင်ပါတယ်။

အခု ကျွန်တော်တို့ အလားတူ ပေးပို့မှုတွေလုပ်ဘို့ စစီစဉ်နေပါပြီ…………”

Shwe Lan Ga Lay